ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၆

            ဒေသတွင်းစားရေရိက္ခာဖူလုံစေရန်နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ခိုလမ်မြို့ရှိ တိုင်းဘက်စုံ စိုက်ပျိုး/မွေးမြူရေးခြံများအတွင်း နို့စားနွား၊ ဒေသနွား၊ ဆိတ်၊ ဥစားကြက်၊ DYL ဝက်၊ ‌ငါး၊ ဘဲ မွေးမြူရေးဆောင်ရွက်ထားရှိမှု၊ ရာသီသီးနှံနှင့် စင်တင်သီးနှံများ စိုက်ပျိုးထားရှိမှု၊ တိုင်းစစ်ဌာနချုပ် အစာစပ်စက်ရုံဆောင်ရွက်ထားရှိမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

အလားတူ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းနှင့် တာဝန်ရှိသူများက ပုသိမ်မြို့၊ စံပြဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွင် ခဝဲ၊ ရုံးပတီ၊ ချဉ်ပေါင်၊ ဗူး၊ ငွေနှင်းမှို၊ တစ်သျှူးငှက်ပျောနှင့် မြေအစားထိုးဓာတုကင်းလွတ် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထားရှိမှု၊ ဥစားကြက်၊ အသားတိုးကြက်၊ ဥစားဘဲ၊ DYL ဝက်၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်မွေးမြူထားရှိမှု၊ တိုင်းဧရာအစာစပ်စက်ရုံ အစာ ထုတ်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။