၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အခြေခံပညာအဆင့်) ဖွင့်ပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အခြေခံပညာအဆင့်) ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၆

၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အခြေခံပညာအဆင့်) ဖွင့်ပွဲကို ယနေ့နံနက်တွင် အလုံမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဂီတ၊ သဘင်အစည်းအရုံး၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီတို့မှ တာဝန် ရှိသူများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင် မျိုးဆက်သစ်များနှင့် မိသားစု ဝင်များ၊ အနုပညာချစ်မြတ်နိုးသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါပြိုင်ပွဲကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြပြီး ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တို့မှ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

အဆိုပါ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အခြေခံပညာအဆင့်)ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၇၇ ဦးတို့ဖြင့် ပြိုင်ပွဲအမျိုးအစား ၁၇ မျိုးတို့အား စက်တင်ဘာ ၇ ရက်အထိ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။