လည်ချောင်း မကြာခဏနာခြင်း

လည်ချောင်း မကြာခဏနာခြင်း

 

  လူတိုင်းလည်ချောင်းနာဖူးကြပါတယ်။ လည်ချောင်းထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ရောင်ရမ်းတဲ့အတွက် လည်ချောင်းနာတာ ဖြစ်ပွားနိုင်ပါတယ်။ လည်ချောင်းနာရတဲ့ အကြောင်းရင်းက  ရာသီဥတုပြောင်းလဲတာကြောင့် ဖြစ်ပွားနိုင်တယ်။ နေပူရာကနေ ရုတ်တရက် မိုးရွာရင်၊ ဆောင်းအကုန် နွေအကူး အပူအအေး ပြောင်းလဲမှုများတဲ့ အချိန်တွေမှာလည်း ဖြစ်ပွားမှုများတယ်။ တစ်နည်းအားဖြင့် အပူကန်တယ်လို့ ခေါ်နိုင်ပါတယ်။    တစ်ခါတလေ  အသံဝင်တာပါတွဲဖြစ်ရင်  အသံအိုးပါ ရောင်တတ်ပါတယ်။ ဒါ့ပြင် အာခေါင်မြှေးတစ်ခုတည်း ရောင်တာဖြစ်နိုင်သလို နှာခေါင်း၊အာခေါင်ဆိုပြီး မှတ်သားလို့ လွယ်အောင်ခေါ်ကြပေမယ့် လမ်းကြောင်းက တစ်ဆက်တည်းရှိနေတဲ့အတွက်   တစ်နေရာတည်း ရောင်တာလည်း ရှိသလို အားလုံးတွဲပြီး ရောင်တာလည်း ရှိပါတယ်။

ရာသီဥတုပြောင်းလဲချိန်မှာ   လည်ချောင်းနာရင် ခန္ဓာကိုယ်က အပူအအေးပြောင်းလဲမှုတွေ ရှိမယ်။ ခုခံအားစနစ် ပြောင်းလဲမှုတွေရှိမယ်။ အဲဒီအချိန် ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်ပိုးပေါက်ပွားမှုများတဲ့ အတွက် ပိုးဝင်မှုလွယ်ပါတယ်။

လည်ချောင်းနာတာဆိုးလာရင်   နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပွားနိုင်ပါတယ်။ လည်ချောင်းနာသူ အများစုက ဆေးသောက်ရုံနဲ့ ပျောက်ကင်းကြပေမယ့် တချို့က နောက်ဆက်တွဲအနေနဲ့ အစာစားလို့မရ၊ ရေသောက်လို့မရဘဲ  ဆေးရုံ၊ ဆေးခန်းသွားရတဲ့ အခြေအနေထိ ဖြစ်နိုင်ပါတယ်။ တချို့ကျတော့ အာသီးမှာ  ပြည်တည်တဲ့ အခြေအနေထိ ဖြစ်ပွားနိုင်ပါတယ်။  ကလေးတွေမှာ အဖြစ်များပါတယ်။   ဘာကြောင့်လဲဆိုရင် ဗိုင်းရပ်စ်ပိုးအပြင် တခြားဗက်တီးရီးယားပိုးတွေ ဝင်လာလို့ပါ။ ဗက်တီးရီးယားပိုးဝင်ရင် သုံးရက်ကနေ ငါးရက်အထိ ဖျားတတ်တယ်။ လည်ချောင်းနာတာကလည်း ပိုဆိုးလာတယ်။ လည်ချောင်းနာတာ  နှစ်ရက်ကနေ သုံးရက်ဖြစ်လာပြီဆိုရင် ဗက်တီးရီးယားပိုးကြောင့်လို့ သတ်မှတ်နိုင်ပါတယ်။ ပထမတစ်ရက်၊   နှစ်ရက်နာရုံနဲ့တော့ ပိုးသတ်ဆေးသောက်စရာ မလိုပေမယ့်  သုံးရက်ကျော်သွားရင် ပိုးသတ်ဆေး သောက်သင့်ပါတယ်။ ပိုးသတ်ဆေးမသောက်ရင် နောက်ဆက်တွဲ အနေနဲ့ ပြည်တည်နာတွေဖြစ်နိုင်ပါတယ်။ ဝက်သက်နဲ့   ဆုံဆို့ရောဂါကြောင့်လည်း  လည်ချောင်းနာတတ်ပါတယ်။ တချို့က ပိုးသတ်ဆေးသောက်ပေမယ့်  အာသီးမှာ  ပြည်တည်နာဖြစ်တဲ့သူတွေ ရှိတယ်။ အသက်ကြီးတဲ့သူတွေမှာ ဆီးချို၊ သွေးချိုရောဂါရှိရင် အာသီးပြည်တည်တတ်တယ်။  လည်ချောင်းနာရောဂါက အများစုအတွက် အန္တရာယ်မရှိပါဘူး။ ရာသီကူးပြောင်းမှာ ဖျားပြီး လည်ချောင်းနာဖြစ်ပေမယ့် သူ့အလိုလိုပျောက်သွားတတ်ပါတယ်။

လည်ချောင်းနာနေချိန်မှာ လူထူထပ်တဲ့ နေရာသွားမယ်ဆိုရင်  နွေးနွေးထွေးထွေး ဝတ်ရမယ်။  အိပ်ရေး ပျက်မခံသင့်ပါဘူး။  တကယ်လို့  လည်ချောင်းနာတဲ့ အပြင် နှာစေး၊ ချောင်းဆိုးနေမယ် ဒီလိုလက္ခဏာတွေပြပြီး နှစ်ရက်လောက်နဲ့ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ကွမ်းစားတဲ့သူတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ အရက်သောက်တဲ့သူတွေ အနေနဲ့    လည်ချောင်းနာပျောက်ကင်းဖို့ ခက်ခဲပါတယ်။ ဆီးချိုရှိရင်လည်း အမြန်ပျောက်ကင်းဖို့ ခက်ပါတယ်။ သွားတွေ၊ ခံတွင်းတွေ မကောင်းဘူးဆိုရင်လည်း လည်ချောင်းနာ ပျောက်ကင်းဖို့ ခက်ပါတယ်။ လည်ပင်းနာနဲ့ အစာအိမ်ရောဂါ အခံရှိသူတွေအနေနဲ့ ပျောက်ကင်းဖို့ ခဲယဉ်းပါတယ်။ တကယ်လို့ အသံဝင်တာနဲ့တွဲဖြစ်တယ်ဆိုရင် စကားပြောတာ ဆင်ခြင်သင့်ပါတယ်။ အသံကြိုးကို သွားထောက်နေလို့ အဲဒီအချိန်မှာ အသံကို ညှစ်ပြီးပြောလိုက်ရင် အသံဝင်တဲ့အချိန် ပိုကြာသွားတတ်ပါတယ်။

လည်ချောင်းနာတဲ့အခါ  တချို့က  ငုံဆေးငုံကြတယ်။ လည်ချောင်းနာတဲ့ အဓိကအကြောင်းရင်းက ဗိုင်းရပ်စ်ပိုး ဝင်လို့ဖြစ်တာကြောင့် ငုံဆေးထဲမှာ ဗက် တီးရီးယားပိုးသတ်တဲ့ဆေး ပါဝင်ပါတယ်။ လည်ချောင်း နာခါစမှာ ဆေးငုံစရာမလိုပါဘူး။ လည်ချောင်းနာတာက နှစ်ရက်၊ သုံးရက်ထက် ပိုများလာရင် ငုံလို့ရပါတယ်။ လည်ချောင်းနာတာ သုံးရက်၊ လေးရက်ထက် ပိုကြာလာရင် ပဋိဇီဝဆေးသောက်ဖို့ လိုပါတယ်။ ငုံဆေး တစ်ခုတည်းနဲ့တော့ မရပါဘူး။

ဇက်နာ(လည်ပင်းနာ)တာက     ကိုယ်ဟန်အနေအထား မမှန်ဘဲ အိပ်စက်တာ၊ လေ့ကျင့်ခန်းလုပ်စဉ်အတွင်း ဇက်ကိုလှုပ်ရှားတာ၊ လှေကားပေါ်က ပြုတ်ကျတာ၊ မတော်တဆမှုကြောင့် ထိခိုက်တာတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။

ဦးနှောက်အမြှေးရောင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက် အမြှေးရောင်ခြင်းက ဦးနှောက်နဲ့ ကျောရိုးကို ဝန်းရံထားတဲ့ ပါးလွှာတဲ့ တစ်သျှူးတွေ ရောင်ရမ်းခြင်းဖြစ်ပါတယ်။ ဦးနှောက်အမြှေးရောင်တဲ့ သူတွေမှာ ဖျားတာ ဒါမှမဟုတ် ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပြီး တစ်ခါတလေ ဇက်ခိုင်နေတတ်ပါတယ်။

ဦးနှောက်အမြှေးရောင်တာက အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ တကယ်လို့ ဦးနှောက်အမြှေးရောင်တဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

နှလုံးဖောက်ပြန်ခြင်း  (Heart Attack)  ကြောင့် ဖြစ်နိုင်ပါတယ်။  ဇက်နာ(လည်ပင်းနာ)တာက  နှလုံး ဖောက်ပြန်တာရဲ့ လက္ခဏာလည်း    ဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ နှလုံးဖောက်ပြန်ရင် တခြားလက္ခဏာ တွေရှိပါသေးတယ်။  အသက်ရှူလို့မဝတာ၊  ပျို့အန်တာ၊ လက်မောင်း ဒါမှမဟုတ် မေးရိုးနာတာတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ဇက်လည်းနာပြီး ဒီလိုလက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း သွားသင့်ပါတယ်။

အသက်အရွယ်အလိုက် လည်ပင်းကျီးပေါင်းဖြစ်ရင် အဝိုင်းပြား(Cervical disc) တွေက အသစ်ပြန်လည် ဖွဲ့စည်းနှုန်းနှေးနိုင်ပါတယ်။   ဒါကို   ဇက်ရဲ့ကျီးပေါင်း Spondylosis  ဒါမှမဟုတ်  Osteoarthritis  လို့ ခေါ်တယ်။ ဒါက အရိုးတစ်ခုနဲ့တစ်ခုကြားက နေရာလွတ်တွေကို ကျဉ်းစေနိုင်ပြီး အဆစ်တွေပေါ် ဖိအားပေးနိုင်ပါတယ်။

ရူးမတွိုက် အဆစ်ရောင် (Rheumatoid Arthritis) မှာလည်း အဆစ်တွေကို နာကျင်မှု၊ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပြီး အရိုးတွေကို ထိခိုက်စေပါတယ်။ တကယ်လို့ ဇက်မှာဖြစ်ခဲ့ပြီဆိုရင် ဇက်နာ(လည်ပင်းနာ)တာမျိုး ဖြစ်တတ်ပါတယ်။

ဒဏ်ရာအနာတရတစ်ခုခုကြောင့်၊  ထိခိုက်မိတာကြောင့် အရိုးငေါထွက်လာရင် ဒါက ကျောရိုး ဒါမှမဟုတ် အာရုံကြောတွေပေါ် ဖိအားတွေ သက်ရောက်စေပါတယ်။ ဒါကို Herniated Cervical Disc လို့ ခေါ်ပြီး  ပေါက်နေတဲ့  ဒါမှမဟုတ်  ချော်ထွက်နေတဲ့ အဝိုင်းပြား Disc လို့ခေါ်ပါတယ်။

ဖိုင်ဘလိုမိုင်လဲဂျီးယား  (Fibromyalgia) က ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေကို နာကျင်စေနိုင်တဲ့ အခြေအနေတစ်ခုဖြစ်တယ်။   ဇက်နဲ့ပခုံး ဝန်းကျင်မှာဖြစ်နိုင်တယ်။ Spinal Stenosis ကတော့ ကျောရိုးကော်လံက ကျဉ်းလာပြီး ကျောရိုးမကြီး ဒါမှမဟုတ် ကျောရိုးမှာရှိတဲ့ အာရုံကြောအမြစ်တွေ အပေါ် ဖိအားတွေဖြစ်လာတဲ့ အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဒီအခြေအနေက  အဆစ်ရောင်   ဒါမှမဟုတ်  တခြားအကြောင်းရင်း တစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။   လူအများစုက ကိုယ်ဟန်အနေအထား မမှန်မှုတွေနဲ့ ကြွက်သား တင်းမာမှုတွေကြောင့် ဇက်နာ(လည်ပင်းနာ)မှုကို ခံစားကြရပါတယ်။ ဒါကို အနားယူတာ၊ ပါရာစီတမော စတဲ့ အကိုက်အခဲပျောက်ဆေးသောက်တာ၊ Voltex  လိမ်းဆေးလိမ်းတာ၊    ပဋိဇီဝဆေးသောက်တာတွေပြုလုပ်ပြီး သက်သာအောင် ကုသနိုင်ပါတယ်။

ဒေါက်တာလွင်သန့်