လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်းဆောင်ရွက်စို့
(အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး)
မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထု အရည်အသွေး အခြေအနေအား လေ့လာ ဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဝန်းကျင်လေထု အရည်အသွေးကို လေ့လာဆန်းစစ်ခြင်းနှင့် ပတ်သက်၍ လစဉ်သတင်း ထုတ်ပြန်ပေးလျက်ရှိသည်။ လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာ လမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှု အခြေအနေ၊ စက်ရုံများမှ ထုတ်လွှတ် အခိုးအငွေ့များ ထုတ်လွှင့်မှု အခြေအနေနှင့် ဝန်းကျင်လေထု အရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင် အခြေအနေတို့အပေါ် မူတည်၍ တိုင်းတာရရှိသည့် လေထုအရည်အသွေး ရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ကြောင်းကိုလည်း သုံးသပ်ထားပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ လူများအသက်ရှူနေသည့် လေထုသည်အမှုန်အမွှား ပါဝင်မှုပမာဏ ၁ ကုဗ မီတာတွင် ၁၂၀ အောက်သာရှိရမည်ဖြစ်ပြီး ထို့ထက်ပိုပါက ကျန်းမာရေးကို ထိခိုက်နိုင်သည်။ လေထုတွင်းအမှုန် ပါဝင်မှုကို PM2.5 ဖြင့် ပြသပြီး လေထု ၁ ကုဗမီတာတွင် အမှုန်အမွှား ၂၂ မိုက်ခရိုဂရမ်ပါဝင်သည့် ယူနစ်ဖြစ်သည်။ လေထုညစ်ညမ်းမှုကြောင့် ဥရောပသမဂ္ဂနိုင်ငံများတွင် ၂၀၂၀ ပြည့်နှစ်က လူပေါင်း ၂၃၈၀၀၀ သည်အရွယ်မတိုင်မီ သေဆုံးခဲ့ရသည်ဟု သိရှိရသည်။ လေထုညစ်ညမ်းမှုများတွင် တောမီးလောင်ခြင်းသည်လည်း အဓိက အချက်တွင် ပါဝင်သည်။
ယခုနှစ် သြဂုတ် ၁၈ ရက်တွင် ကနေဒါနိုင်ငံ မြောက်ပိုင်း၌ တောမီးလောင်နေခြင်း ကြောင့် လူပေါင်းထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ တောမီးကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များမှာ ကြောက်မက်ဖွယ်ကောင်းသည်ဟုဒေသခံတို့ကပြောကြသည်။ ကနေဒါနိုင်ငံ တစ်ဝန်းတွင် တောမီးလောင်ကျွမ်းမှုပေါင်း ၁၀၀၀ ကျော်ရှိကြောင်းလည်း ကနေဒါ တောမီးစင်တာက တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဂရိနိုင်ငံအရှေ့မြောက်ပိုင်း၌ တောမီးလောင်ကျွမ်းမှုကြောင့် ၁၈ ဦး သေဆုံးကြောင်း သြဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။ အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းစုတွင် ပါဝင်သည့် မော်ဝီကျွန်းတွင်လည်း တောမီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပြီး လူပေါင်း ၁၁၅ ဦး သေဆုံးကြောင်း သတင်းကို သြဂုတ် ၁၈ ရက်တွင် ဖော်ပြ ထားသည်။ တောမီးလောင်ကျွမ်းမှုသည် လေထုကိုဆိုးရွားစွာ ထိခိုက်စေသည်။
နိုင်ငံတစ်နိုင်ငံတွင် တောမီးလောင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့သည် အိမ်နီးချင်းနိုင်ငံများသို့ ပျံ့လွင့်လေ့ရှိသည်။ လေထုညစ်ညမ်းမှုသည် တစ်နိုင်ငံတည်းကဖြေရှင်းရမည့် ကိစ္စမဟုတ်ဘဲ နိုင်ငံအားလုံးက ပူးပေါင်းဖြေရှင်းရမည့် ကိစ္စရပ်ဖြစ်သည်။မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်တစ်လျှောက်တွင် ဖြစ်ပေါ်နေသည့် နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှုကိုလည်း သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုသည် အာဆီယံဒေသအတွင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့၌ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ မဲခေါင်ဒေသခွဲ နိုင်ငံများတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သည့် တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုများပြားခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် Fire Hotspot လျှော့ချရေးနှင့် မီးခိုးမြူငွေ့ ထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းထားရှိပြီး လုပ်ငန်းအစီအမံများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။တောမီးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုများကို ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေတွင် မြေပြင်အခြေအနေနှင့် ကိုက်ညီသည့် မီးလောင်ကျွမ်းမှု အချက်အလက်များ ရရှိနိုင်ရေးနှင့် လေထုအရည်အသွေး စောင့်ကြည့် တိုင်းတာရေး ကိရိယာများတည်ထောင်နိုင်ရေး အပါအဝင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့် မီးများကို ကာကွယ်ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
လေထုညစ်ညမ်းမှုများကြောင့် ပြည်သူများ၏ ကျန်းမာရေးနှင့် အခြားသော ကိစ္စရပ်များကို တွေ့ကြုံနေကြရသည်။စက်တင်ဘာ ၇ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ဖြစ်သည်။ လေထုသန့်ရှင်းရေးသည် လူသားအားလုံးနှင့် တိုက်ရိုက်သက်ဆိုင်လျက်ရှိသည်။ ကမ္ဘာပေါ်တွင်ရှိကြသော သက်ရှိသတ္တဝါများ၊ သစ်ပင်ပန်းမန်များ၊ သစ်တောများ အသက်ရှင်သန်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သည်မှာ လေဖြစ်သည်။ လေမရှိပါက လူသားတို့ အသက်ရှင်ရန် ခက်ခဲပေမည်။ လက်တွေ့ ထင်သာ မြင်သာသော ဥပမာကိုပြရလျှင် လေမဝင်နိုင်သော အလုံပိတ် အခန်းများတွင်နေထိုင်ပါက အသက်ရှူ ရပ်ဆိုင်းသွားမည်ဖြစ်သည်။ ထို့အတူ အလွန်နက်သော တွင်းနက်ကြီးများသို့ ဆင်းသက်ကာ အလုပ်လုပ်ကိုင်သူများမှာလည်း လေကိုမရှူရလျှင် အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်ကာ အသက်ဆုံးရှုံးဖွယ်ရှိပေသည်။
ဤကမ္ဘာကြီးကိုရေ၊ မြေ၊ လေ၊ မီးဟူသော ဓာတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေရာ မရှိမဖြစ်အရာများတွင် လေသည်လည်း ပါဝင်သည်။ ထိုလေသည် သန့်ရှင်းသော လေဖြစ်ရမည်။ မည်သို့သော အကြောင်းနှင့်မျှ လေထုကိုညစ်ညမ်းစေခြင်း၊ အရည်အသွေး နိမ့်ဆင်းစေခြင်းများ မဖြစ်အောင် ထိန်းသိမ်းကြရမည်မှာ ကမ္ဘာ့လူသားတိုင်း၏ တာဝန်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ ကမ္ဘာ့လူဦးရေ ၉၉ ရာခိုင်နှုန်းခန့် နီးပါးသည် ညစ်ညမ်းသော လေကို ရှူရှိုက်နေကြရသည်ဟု သိရှိရသည်။ ထိုပမာဏမှာ လူသားတို့အတွက် ထိတ်လန့်ဖွယ်ဖြစ်သည်။
ကမ္ဘာကြီးတွင် လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်မှာလူဦးရေ ၇ သန်းခန့် သေဆုံးနေပြီး လူဦးရေ ၂၄ သန်းခန့်မှာ အိမ်တွင်းလေထု ညစ်ညမ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေကြရသည်။ လေထုညစ်ညမ်းမှုဖြစ်စေသည့် အရာများမှာ ကမ္ဘာ့လေထုအတွင်း အမျိုးအစားပေါင်း ၁၀၀ ကျော်ခန့်ရှိနေသည်။ အဓိကအားဖြင့် အလွန်သေးငယ်သည့် အမှုန်အမွှားများမှာ လေထုအတွင်း အများဆုံး တွေ့ရသည့်အရာများဖြစ်သည်။
သာမန်မျက်စိဖြင့် မမြင်နိုင်သည့်အရာများ ဖြစ်သည်။၂၀၁၉ ခုနှစ်နှောင်းပိုင်း ကမ္ဘာတွင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါသည် လေထုထဲမှာ ပျံ့နှံ့သွားခြင်းကြောင့် တစ်ကမ္ဘာလုံးရှိ လူသားတိုင်း နှာခေါင်းစည်းများ တပ်ဆင်ခဲ့ကြရသည်။
နိုင်ငံတိုင်းတွင် လူသားဦးရေ တိုးပွားလာခြင်းမှာ တစ်နှစ်ထက်တစ်နှစ် များပြားလာသည်။ တိုးပွားလာသည့် လူသားများအတွက် အခြေခံ လိုအပ်ချက်များဖြစ်သည့် စားဝတ်နေရေးကဏ္ဍများ အနေဖြင့် ပိုမို တိုးချဲ့ လုပ်ဆောင်လာကြရသည်။ ထိုသို့လုပ်ဆောင်လာရသည်နှင့် အမျှ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများသည်လည်း တိုးပွားလာသည်။ ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများတွင် လေထုညစ်ညမ်းမှ ုပြဿနာမှာ သိသာ ထင်ရှားလာသည်။ အမှန်အားဖြင့် လေဆိုသည်မှာ ကမ္ဘာမြေထုဝန်းကျင်၌ ပျံ့နှံ့တည်ရှိနေသည့် အရာဖြစ်သည်။ပကတိအားဖြင့် အဆင်း၊ အနံ့၊ အရသာ ကင်းမဲ့သည်။ သတ္တဝါတို့ ရှူရှိုက်သော အောက်ဆီဂျင်ဓာတ်ငွေ့ ပါသည့်အရာမှာ လေဖြစ်ကြောင်း အားလုံး သိထားကြပြီးဖြစ်သည်။
မျက်စိဖြင့်မမြင်နိုင်သော်လည်း လေသည် လူသားနှင့်သဘာဝ ပတ်ဝန်းကျင် အတွက် မရှိမဖြစ်လိုအပ်သည့် အရာဖြစ်သည်။ ထို့ကြောင့် ထိုလေကို အရေးတယူဂရုစိုက် တန်ဖိုးထားကြရမည်ဖြစ်သည်။ လူသားတို့မှာ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များ ရှိနေကြသည့်အတွက် လေထုညစ်ညမ်းမှုကို ကာကွယ် ထိန်းသိမ်းနိုင်သူများမှာ လူသားတို့ပင်ဖြစ်သည်။ လေထုညစ်ညမ်းအောင် လုပ်ဆောင်နေသူများမှာလည်း လူသားတို့ပင်ဖြစ်သည်။ လေထုညစ်ညမ်းမှုသည် လူသားများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။ လေထုညစ်ညမ်းမှုသည် လူသားတို့ကိုသာမက တိရစ္ဆာန်နှင့် အပင်များကိုပါ ထိခိုက်ပျက်စီးစေသည်။
လေထုညစ်ညမ်းမှုကို လေ့လာဆန်းစစ်ကြည့်သည့်အခါ ပြင်ပလေထု ညစ်ညမ်းမှုနှင့် အိမ်တွင်းလေထု ညစ်ညမ်းမှုဟူ၍ ခွဲခြားနိုင်သည်။ ပြင်ပလေထုညစ်ညမ်းမှု (Ambient Air Pollution)ကြောင့် နှစ်စဉ် သေဆုံးသူပေါင်း ၄ ဒသမ ၂ သန်းခန့်ရှိသည်။ အိမ်တွင်းလေထုညစ်ညမ်းမှု (Indoor Air Pollution) ကြောင့် နှစ်စဉ်သေဆုံးသူပေါင်း ၃ ဒသမ ၈ သန်းခန့်ရှိသည်။ အဆိုပါ သေဆုံးမှုများမှာ အရွယ်မတိုင်မီ သေဆုံးခြင်းဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် လေထုညစ်ညမ်းမှုသည် ကမ္ဘာ့လူသားပေါင်း များစွာကို ဆိုးကျိုးများစေကြောင်း သိရှိနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရလူ ၁၀ ဦးလျှင် ၉ ဦးမှာလေထုညစ်ညမ်းမှု ဆိုးကျိုးကိုခံစားနေရကြောင်း သိရှိရပေရာ လူသားအားလုံး အနေဖြင့် လေထုညစ်ညမ်းမှုဖြစ်စေခြင်း အကြောင်းများကို ပြုမူလုပ်ဆောင်ခြင်း မရှိအောင် မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အဆိုပါ အချက်အလက်က အသိပေးနေသည်။
လေထုညစ်ညမ်းခြင်းမှာ သဘာဝဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာသကဲ့သို့ လူသားတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများကလည်း ဖြစ်ပေါ်လာသည်။ သဘာဝဖြစ်စဉ်များမှာ တောမီးများ လောင်ကျွမ်းခြင်း၊ မီးတောင်များ ပေါက်ကွဲခြင်း၊ သဲမုန်တိုင်းများ တိုက်ခတ်ခြင်းစသည်တို့ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်များကြောင့် မီးခိုးများ၊ ပြာမှုန်များ၊ ဆိုးရွားသော အနံ့အသက်များသည် လေထုအတွင်း ပျံ့နှံ့ဝင်ရောက်ပြီး တစ်နေရာမှတစ်နေရာသို့ လေတိုက်နှုန်းအတိုင်း လိုက်ပါသွားကြသည်။ ထိုအခါတစ်နိုင်ငံမှတစ်နိုင်ငံသို့ ရောက်ရှိသွားတတ်သည်။ ထို့အတူ စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော ဓာတ်ငွေ့များ၊ အခိုးအငွေ့များသည်လည်း လေထုအတွင်း ပျံ့နှံ့သွားသည်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ဆီသယ်ယာဉ်များ မီးလောင်မှု ဖြစ်ပွားသည့်အခါ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့လောင်ကျွမ်းရာမှ လေထုညစ်ညမ်းစေသည့် ဓာတ်ငွေ့များ ထွက်ပေါ်ကာ လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။
ကျေးရွာ၊ ရပ်ကွက်ရှိ နေအိမ်များ၊ ဈေးကြီးများ မီးလောင်မှုဖြစ်ပွားခဲ့လျှင်လည်း လေထုကို ညစ်ညမ်းစေသည်။ ထင်း၊ မီးသွေးနှင့် ဇီဝလောင်စာများ လောင်ကျွမ်းရာမှ အခိုးအငွေ့များ ထွက်ရှိခြင်း၊ စွန့်ပစ်အမှိုက်များ မီးရှို့ခြင်းမှ အခိုးအငွေ့များ ထွက်ရှိခြင်း၊ စွန့်ပစ်အမှိုက်များကို စနစ်တကျ သိမ်းဆည်းခြင်းမရှိဘဲ ကာလရှည်ကြာစွာ ထားလျှင်လည်း ထိုစွန့်ပစ်အမှိုက်များမှ အနံ့အသက်ဆိုးများ ထွက်ပေါ်ခြင်းတို့မှာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ ကျေးလက်မြို့များရှိ အများသုံး သန့်စင်ခန်းများ သန့်ရှင်းမှုမရှိဘဲ အနံ့ဆိုးများ ထွက်ပေါ်ခြင်းမှာလည်း လေထုကို ညစ်ညမ်းစေသည်။ တချို့သောဒေသများတွင် ရွှေ့ပြောင်းတောင်ယာများကို မီးရှို့ခြင်း၊ တောမီးရှို့ကာအမဲလိုက်ခြင်း၊ ပျားဖွပ်ခြင်း စသည်များသည်လည်း လေထုညစ်ညမ်းမှုကိုဖြစ်စေပါသည်။ လေထုညစ်ညမ်းမှုကို ဖြစ်စေသည့် အကြောင်းအရာများမှာ များပြားလှသည်။ ဤသည်မှာ လူမှုပတ်ဝန်းကျင်တွင် မြင်တွေ့သိရှိနိုင်သည့် အချက်များဖြစ်သည်။
ထိုမြင်တွေ့နိုင်သည့် ဆိုးကျိုးများမဖြစ်ပွားအောင် ပြည်သူတစ်ဦး အနေဖြင့်သော် လည်းကောင်း၊ လူမှုအဖွဲ့အစည်းများ အနေဖြင့်သော် လည်းကောင်း ကာကွယ်ရေး နည်းလမ်းများကို လုပ်ဆောင်ကြရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များမှ ထွက်ရှိသည့် အခိုးအငွေ့များကြောင့် လေထုညစ်ညမ်းမှု လျှော့ချနိုင်ရန် အတွက် ကိုယ်ပိုင်ယာဉ်များ အသုံးပြုခြင်းအစား အများသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များသုံးစွဲခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းတို့သည် လုပ်ဆောင်နိုင်သည့် ကိစ္စများဖြစ်သည်။ အထူးသဖြင့် မီးရထားဖြင့် ခရီးသွားခြင်းမျိုးသည် လူတိုင်းအတွက် လွယ်ကူသက်သာလှသည်။
ရပ်ကွက်၊ ကျေးရွာများအတွင်း ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ကောင်းမွန်စွာ စီမံခန့်ခွဲစွန့်ပစ်ခြင်းသည်လည်း လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်သည်။ ဖြစ်နိုင်လျှင် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း၊ ဥပမာအားဖြင့် ပလတ်စတစ် သုံးစွဲမှုကို လျှော့ချခြင်းမျိုးသည်လည်း လူတိုင်းလုပ်ဆောင်နိုင်သည့် အရာများဖြစ်သည်။ လူတစ်ဦးချင်းစီက မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် လေကိုရှူရှိုက်နေရပါကလား၊ ငါတို့ရှူရှိုက်ရသော လေသည် သန့်ရှင်းသည့်လေ ဖြစ်ရမည်ဟူသော အတွေးမျိုး၊ အသိမျိုး ဝင်လာလျှင်လည်း လေထုညစ်ညမ်းမှု ထိန်းသိမ်းရေးအတွက် လမ်းစဖြစ်သည်။
လေကောင်းလေသန့် ရရှိရေးတွင် သစ်ပင်များသည်လည်း အဓိကကျလှသည်။ နေရာအသီးသီးတွင် စိမ်းလန်းစိုပြည်ပြီး အရိပ်အာဝါသနှင့် လေကောင်းလေသန့် ရရှိစေရန် သစ်ပင်များကို များစွာ စိုက်ပျိုးကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဖောက်လုပ်ထားရှိသည့် အဓိကလမ်းမကြီးများဖြစ်သည့် အာဆီယံလမ်းမကြီးများ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ရထားလမ်းတစ်လျှောက် စိမ်းလန်းစိုပြည်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် အကျိုးကျေးဇူးများ ရရှိသည့်အနက် လေကောင်းလေသန့် ရှူရှိုက်ရခြင်းမှာလည်း ကျန်းမာရေးအတွက် ကောင်းကျိုးတိုးပွားခြင်းဖြစ်သည်။
ယခုအခါ တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ အကျိုးသက်ရောက်မှုများနှင့် လေထုအရည်အသွေး စီမံခန့်ခွဲနိုင်စေမည့် နည်းလမ်းများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်လျက် (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်(၇၄/၂၁၂)အရ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) ကို ကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင်” Together for Clean Air “ “ လေထု သန့်ရှင်းဖို့ လက်တွဲပူးပေါင်းဆောင်ရွက်စို့” ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ လူသားများအတွက် မရှိမဖြစ်သော သန့်ရှင်းသောလေ ရရှိရေးအတွက် နိုင်ငံအချင်းချင်းသော် လည်းကောင်း၊ ပြည်သူအချင်းချင်းသော် လည်းကောင်း ပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပေသည်။ ။