မြို့နယ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ရိုးရာ ခြင်းလုံးခတ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲကျင်းပ
၂၀၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ရိုးရာ ခြင်းလုံးခတ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ရှိ ဗထူး မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဆုရရှိကြသော မဟာအောင်မြေမြို့နယ် အမျိုးသား အသင်းနှင့် အမျိုးသမီး အသင်းတို့၏ ရိုးရာခြင်းခတ်ပြသမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုပေးအပ်ပွဲကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက မြို့နယ်ပေါင်းစုံရိုးရာ ခြင်းလုံး အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများနှင့် တက်သစ်စ အကောင်းဆုံးဆု၊ အမျိုးသားအကောင်းဆုံးဆု ရရှိသူများအားဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံး အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသည့် မဟာအောင်မြေမြို့နယ် အသင်း၊ အမျိုးသမီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မဟာအောင်မြေမြို့နယ် အသင်းတို့အား တံခွန်စိုက် ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ကြောင်း သိရသည်။