ရွေးကောက်ပွဲ ကျင်းပရာတွင် စဉ်းစားသုံးသပ်သင့်သည့် ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ

ရွေးကောက်ပွဲ ကျင်းပရာတွင် စဉ်းစားသုံးသပ်သင့်သည့် ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ 

 

    “ရွေးကောက်ပွဲများသည် ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ်ဖြစ်သည်... ဒီမိုကရေစီရှင်သန်စေရေးအတွက် ရေသောက်မြစ်ဖြစ်သည်...ဒီမိုကရေစီဖြစ်ထွန်းရေး အတွက် ပင်စည်ပင်မဖြစ်သည် ...” ဟုမှတ်သားမိသည်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ခိုင်မြဲရေးအတွက် ရွေးကောက်ပွဲများသည် ဥပဒေနှင့်ညီညွတ်၍ လွတ်လပ်ပြီး တရားမျှတရမည်ဖြစ်သည်။

ရွေးကောက်ပွဲစက်ဝန်း

    လွတ်လပ်ပြီး    တရားမျှတသော ရွေးကောက်ပွဲများအတွက်  ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရွေးကောက်ပွဲ စက်ဝန်းဖြင့် ကာလသတ်မှတ်ဆောင်ရွက်လေ့ရှိသည်။ ရွေးကောက်ပွဲ စက်ဝန်းတွင်ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့်  ရွေးကောက်ပွဲလွန် ကာလတို့ပါရှိပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေရေးရာ မူဘောင်နှင့် လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များမှ အစပြု၍ ရွေးကောက်ပွဲလုပ်ငန်း တာဝန်အဆင့်ဆင့်   ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပေါ်  ပြန်လည်လေ့လာသုံးသပ်၍ အကဲဖြတ်ဆန်းစစ်ခြင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ဥပဒေရေးရာ မူဘောင်များ ပြင်ဆင်ပြဋ္ဌာန်းခြင်းနှင့်   ရွေးကောက်ပွဲစီမံချက်များ ဆက်လက်ဆောင်ရွက်ခြင်း တို့ကို စက်ဝန်းသဖွယ် ကာလတို၊ ကာလရှည်စဉ်ဆက်မပြတ် ဆောင်ရွက်ရသော လုပ်ငန်းစဉ်များပါရှိသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်

     အဆင့်ဆင့် အခြေခံအားဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ရွေးကောက်ပွဲဆိုင်ရာ စီမံချက်များ ရေးဆွဲခြင်း၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရေးဆွဲခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်း၊ ရွေးကောက်ပွဲ စီမံခန့်ခွဲသူများအား လေ့ကျင့်သင်တန်းပေးခြင်း၊ နိုင်ငံရေး ပါတီများအား မှတ်ပုံတင်ခြင်းနှင့် ကြီးကြပ်ခြင်း၊ မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်း၊ မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ နေ့ရက်နှင့် ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲသုံး ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ မဲရုံများ ခင်းကျင်းပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲနေ့ မတိုင်မီ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့ မဲရုံများတွင် ဆန္ဒမဲပေးခြင်း၊ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ ဆန္ဒမဲများ ရေတွက်ခြင်းနှင့် ဆန္ဒမဲရလဒ် ကြေညာခြင်း၊ ရွေးကောက် တင်မြှောက် ခံရသည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း၊    လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း   တင်သွင်းခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုများအား ရွေးကောက်ပွဲခုံအဖွဲ့များဖြင့် စစ်ဆေးခြင်း၊ ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပေါ် ပြန်လည်သုံးသပ်၍ အကဲဖြတ်ဆန်းစစ်ခြင်းနှင့် နောင်ရွေးကောက်ပွဲများ တွက် စီမံကိန်းများ ရေးဆွဲခြင်းတို့ ဆောင်ရွက်ရပါသည်။

ဆန္ဒမဲပေးခြင်း ၂ မျိုး

    ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင့်ဆင့်တွင် ဆန္ဒမဲပေးခြင်း ၂ မျိုးရှိပြီး ရွေးကောက်ပွဲနေ့မတိုင်မီ    ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာမဲရုံများ၌ ကိုယ်တိုင်သွားရောက်၍ ဆန္ဒမဲပေး ခြင်းတို့ဖြစ်သည်။ ကြိုတင်မဲပေးခြင်းတွင် စာတိုက်၊ အွန်လိုင်းမှတစ်ဆင့် မဲပေးခြင်း၊ ကြိုတင်မဲပေးရန် သတ်မှတ်သည့် နေ့ရက်နှင့်နေရာများတွင် ကြိုတင်မဲပေးခြင်းတို့ ပါဝင်ပါသည်။ မဲဆန္ဒရှင်တစ်ဦးချင်းစီကကြိုတင်မဲဖြင့်ဖြစ်စေ၊    မဲရုံမဲဖြင့်ဖြစ်စေ ဆန္ဒပြုလိုက်သော ထောက်ခံဆန္ဒမဲရလဒ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရသည်ဖြစ်ရာ ဆန္ဒမဲပေးခြင်း၂ မျိုးတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ ကင်းစင်ရန် လိုအပ်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံရေးအာဏာအတွက် ဝင်ပေါက်ဖြစ်သော ရွေးကောက်ပွဲတွင် မိမိပါတီအနိုင် ရရှိရေးအတွက် မသမာသော မဲ၊ တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသော မဲတို့ဖြင့် ရွေးကောက်မှု အခွင့်အရေးကို မတရားသောနည်းလမ်းဖြင့် ရယူမည် ဆိုပါက တရားမျှတမှုမရှိသည့် အကျည်းတန်သော ရွေးကောက်ပွဲအဖြစ် ရှုမြင်ရမည်ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံများတွင် ကြိုတင်မဲစနစ် ကျင့်သုံးမှု အခြေအနေ

    ရွေးကောက်ပွဲဆိုင်ရာ လေ့လာဆန်းစစ်သူတို့၏ အဆိုအရ ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် ကြိုတင်မဲပေးခွင့် ပြဋ္ဌာန်းချက်မရှိသည့်နိုင်ငံ ၁၂၃ နိုင်ငံရှိကြောင်းသိရှိရသည်။ နိုင်ငံပေါင်း ၇၀ တွင်သာ ကြိုတင်မဲပေးခြင်းစနစ် လက်ခံကျင့်သုံးကြသည်ဟု ဆိုပါသည်။ ထိုနိုင်ငံ ၇၀ အနက် ၅၄ နိုင်ငံတွင် ပြည်တွင်းနှင့်ပြည်ပ ကြိုတင်မဲ ၂ မျိုးလုံးခွင့်ပြုပြီး ၁၆ နိုင်ငံတွင် ပြည်တွင်းကြိုတင်မဲသာ ခွင့်ပြု၍ နိုင်ငံပြင်ပ ရောက်ရှိနေသူများအတွက် ကြိုတင်မဲပေးခွင့် ပြဋ္ဌာန်းထားခြင်း မရှိကြောင်း  သိရှိရသည်။  ထိုသို့ကြိုတင်မဲပေးခြင်း ခွင့်ပြုရာတွင်လည်း နိုင်ငံ ၁၅  နိုင်ငံကသာ မဲဆန္ဒရှင်အားလုံးကို လွတ်လပ်စွာကြိုတင် မဲပေးခွင့်ပြုထားပြီး ကျန်နိုင်ငံ ၅၅ နိုင်ငံတွင် ကြိုတင်မဲပေးခွင့်ရှိသူ  မဲဆန္ဒရှင် အမျိုးအစားများကို သီးခြား သတ်မှတ်ထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရွေးကောက်ပွဲဥပဒေများ၏ကြိုတင်မဲစနစ

    လွတ်လပ်ရေးရပြီး ပါလီမန်ခေတ် ၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲ အက်ဥပဒေများအရ ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲ များတွင် ကြိုတင်မဲပေးခြင်း ပြဋ္ဌာန်းချက်မတွေ့ရဘဲ   မဲရုံတွင်သာမဲပေးရသည်။ ယင်းအက်ဥပဒေ၏ နည်းဥပဒေ ၆၇ တွင် ပုံစံ(၁၈)ဖြင့် ရွေးကောက်ပွဲ တာဝန်ခံအရာရှိထံ လျှောက်လွှာတင်သွင်း၍ မိမိမဲပေးရမည့် မဲရုံမဟုတ်သော အခြားမဲရုံတစ်ခုခုတွင် ရွေးကောက်ပွဲတာဝန် ပေးအပ်ခြင်းခံရသည့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်၊ မဲရုံကိုယ်စားလှယ်၊ အစိုးရအမှုထမ်းတို့ကို တာဝန်ကျသည့်မဲရုံတွင် မဲပေးခွင့်ပြုသည့် ပြဋ္ဌာန်းချက်မျိုးသာရှိကြောင်း သိရှိရသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေများ၊  ၁၉၉၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများတွင် နိုင်ငံပြင်ပ ရောက်ရှိနေသူများ ကြိုတင်မဲပေးခြင်းနှင့် ပြည်တွင်းကြိုတင်မဲပေးခြင်း ပြဋ္ဌာန်းချက်များ ပါရှိခဲ့သည်။  လက်ရှိရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများတွင်လည်း မဲဆန္ဒနယ ပြင်ပကြိုတင်မဲနှင့် မဲဆန္ဒနယ်အတွင်းကြိုတင်မဲပေးခြင်း ပြဋ္ဌာန်းချက်များ ပါဝင်ပါသည်။

မဲဆန္ဒနယ်ပြင်ပရောက်ရှိနေသူများအတွက် ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ -

(၁)     တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၊

(၂)     မဲဆန္ဒနယ်ပြင်ပရောက်ကျောင်းသားများ၊

(၃)     မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ၊

(၄)     မဲဆန္ဒနယ်ပြင်ပရောက်အခြားမဲဆန္ဒရှင်များ၊

(၅)     အချုပ်ခံနေရသူများ၊

(၆)     ဆေးရုံသို့  တက်ရောက်နေရသောအတွင်းလူနာများ၊

(၇)     အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများစသည့် မဲဆန္ဒရှင် အမျိုးအစား ၇ မျိုးကို သတ်မှတ်နည်းလမ်းများနှင့်အညီ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ကြိုတင်မဲပေး ခွင့်ပြုထားပါသည်။

မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်း၍ မဲဆန္ဒနယ် အတွင်းရှိနေသော်လည်း မဲရုံသို့ကိုယ်တိုင် လာရောက်ဆန္ဒမဲ မပေးနိုင်သည့်  အောက်ဖော်ပြပါ မဲဆန္ဒရှင် အမျိုးအစား ၈ မျိုးကိုလည်း ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက စီစဉ်ပေးရမည်ဟု ပြဋ္ဌာန်းချက်ပါဝင်ပါသည် -

(၁)     အနာကြီးရောဂါစွဲကပ်နေခြင်း၊

(၂)     ရောဂါဝေဒနာပြင်းထန်စွာ   ခံစားနေရခြင်း၊

(၃)     အသက်အရွယ်ကြီးရင့်နေခြင်း၊

(၄)     သားဖွားနေခြင်း၊

(၅)     ရဲအချုပ်စခန်း  သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်း၊

(၆)     ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရခြင်း၊

(၇)     နိုင်ငံ့ဝန်ထမ်းသို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် မဲစာရင်း ပါရှိရာဒေသမှ ကျော်လွန်၍ ယာယီတာဝန် သွားရော က်ထမ်းဆောင်ရခြင်း၊

(၈)     ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မိမိအမည်စာရင်းပါရှိသော မဲဆန္ဒနယ်မှကျော်လွန်၍ ခရီးဝေးသွားလာရန်ရှိခြင်း။

ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေးကြရာတွင်

    မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်း လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ဖြစ်သော ကြိုတင်မဲလက်မှတ် တောင်းခံခြင်း၊ ကြိုတင်မဲပေးမည့် အမည်စာရင်းပြုစုခြင်း၊ ကြိုတင်မဲ လက်မှတ်နှင့်  စာအိတ်များ ပေးပို့ခြင်း၊ ဆန္ဒပြုပြီးသော ကြိုတင်မဲလက်မှတ်များပါသည့် စာအိတ်များကို သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲများသို့ ပြန်လည်ပေးပို့ခြင်းစသည့်    လုပ်ငန်းအဆင့်ဆင့်ကို   သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရပါသည်။

မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများနှင့်   ကျောင်းသားများအတွက် သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်း၊ သင်တန်းများတွင် လည်းကောင်း၊ အချုပ်ခံနေရသူများအတွက် ရဲအချုပ်စခန်းတွင် လည်းကောင်း၊ ဆေးရုံတက်ရောက်နေရသည့် အတွင်းလူနာများ အတွက် ဆေးရုံတွင် လည်းကောင်း၊  တပ်မတော်သားများနှင့် အတူနေ  အိမ်ထောင်စုဝင်များအတွက် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့၊  သင်တန်းကျောင်းနှင့် စစ်အခြေစိုက်စခန်းများတွင် လည်းကောင်း၊ နိုင်ငံပြင်ပ ရောက်ရှိနေသူများအတွက် သက်ဆိုင်ရာသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံးတို့တွင် လည်းကောင်း၊ မဲရုံကဲ့သို့ပင် သက်ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဌာန  အကြီးအမှူးများ၏ ကြီးကြပ်စီမံခန့်ခွဲမှုဖြင့် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲ ပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရသည်ဖြစ်ရာ လုပ်ငန်းစဉ် အဆင့်ဆင့် များပြားသော်လည်း စနစ်တကျဆောင်ရွက်နိုင်သည့် အခြေအနေမျိုးရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

   သို့ရာတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက တာဝန်ယူဆောင်ရွက်သည့် မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်တွင်  အနာကြီးရောဂါစွဲကပ်နေသူများ၊ ရောဂါဝေဒနာပြင်းထန်စွာ ခံစားနေရသူများ၊  အသက်အရွယ်   ကြီးရင့်နေသူများနှင့် သားဖွားနေသူများအတွက်   ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ၂ ဦးက နေအိမ်များတွင် အိမ်တိုင်ရာရောက် ကြိုတင်မဲ လိုက်လံကောက်ယူရသည်။  ထို့အတူ ရဲအချုပ်စခန်းနှင့်  အကျဉ်းစခန်းတွင် အချုပ်ခံနေရသူများအတွက် သက်ဆိုင်ရာ ရဲစခန်း၊ အကျဉ်းစခန်းတွင်လည်းကောင်း၊ ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရသူများအတွက် သက်ဆိုင်ရာ ဆေးရုံတွင် လည်းကောင်း၊    ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်   ၂   ဦးက နေရာအရောက် ကြိုတင်မဲ သွားရောက် ကောက်ယူရပါသည်။

ထိုသို့ကောက်ယူရာတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊  နိုင်ငံရေး ပါတီများမှ    မဲရုံကိုယ်စားလှယ်များ၊   အကူကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲ  စောင့်ကြည့်လေ့လာသူများအား လိုက်ပါကြည့်ရှု ခွင့်ပြုထားသဖြင့် နိုင်ငံရေးပါတီများက ကော်မရှင်အဖွဲ့ခွဲနှင့် မဲဆန္ဒရှင်အပေါ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း လွှမ်းမိုးနိုင်ခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းကျွမ်းကျင်မှု အားနည်းခြင်း၊ နယ်မြေဒေသ အခြေအနေအရ ကြိုတင်မဲ ကောက်ယူရမည့်နေရာ ဝေးလံခက်ခဲပါက မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနိုင်ခြင်း၊ရွေးကောက်ပွဲဥပဒေ၏ အနှစ်သာရ တစ်ရပ်ဖြစ်သော လျှို့ဝှက်ဆန္ဒမဲပေးခြင်း စနစ်ပျက်ယွင်းခြင်းနှင့် မလိုလားအပ်သော မဲမသမာမှုနှင့် အငြင်းပွားမှုများဖြစ်နိုင်ခြေ အများဆုံး အခြေအနေဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲနေ့တွင် ခရီးသွားရန်ရှိကြောင်း အကြောင်းအမျိုးမျိုးပြ၍ ကြိုတင်မဲ တောင်းဆိုမှုများကလည်း ပါတီများ၊ မဲဆန္ဒရှင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ကြားတွင် အငြင်းပွားအချင်းများ ရသည့် ပြဿနာများဖြစ်ကြောင်း ယခင်ရွေးကောက်ပွဲများတွင်  တွေ့ရှိခဲ့ရသဖြင့် ပြန်လည်သုံးသပ်သင့်ပါသည်။

ရွေးကောက်ပွဲတွင်   ကြိုတင်မဲကို နည်းလမ်းအမျိုးမျိုးဖြင့် ခွင့်ပြုခြင်းသည် မဲဆန္ဒရှင် အမျိုးမျိုးအတွက် မဲပေးခွင့်ရရှိရေး ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည် ဆိုသော်လည်း ကြိုတင်မဲအတွက် လုပ်ငန်းစဉ် အဆင့်ဆင့်ရှုပ်ထွေးခြင်း၊ လျှို့ဝှက်ဆန္ဒမဲပေးခြင်း စနစ်ပျက်ယွင်းခြင်း၊ လုပ်ထုံးလုပ်နည်း မှားယွင်းနိုင်ခြင်း၊  မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်နိုင်ခြေ  ရာခိုင်နှုန်း မြင့်မားခြင်းတို့ကို လေ့လာတွေ့ရှိရပါသည်။

၂၃-၇-၂၀၂၃ ရက်နေ့က ကျင်းပခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းချက်များအရ ပြည်တွင်း၊ ပြည်ပ ကြိုတင်မဲပေးခြင်းကို ခွင့်ပြုထားခြင်းမရှိဘဲ ရွေးကောက်ပွဲတာဝန်ကျ ဝန်ထမ်းများသည်ပင်လျှင် မိမိတို့နှင့် သက်ဆိုင်သည့်မဲရုံများတွင် ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌သာ မဲပေးကြကြောင်း သိရှိရပါသည်။ ကမ္ဘောဒီးယား အစိုးရက ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံနှင့် အလုပ်ရုံများမှ လုပ်သားပြည်သူ မဲဆန္ဒရှင်များ     လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးအတွက်   ရွေးကောက်ပွဲနေ့နှင့် တစ်ဆက်တည်း   ၃   ရက်ကို လုပ်ခလစာ မဖြတ်တောက်ဘဲ    ခွင့်ရက်အဖြစ်   သတ်မှတ်ပေးကြောင်း  သတင်းဖော်ပြချက်များအရ   လေ့လာသိရှိရပါသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲဆိုင်ရာ မဲမသမာမှုများ

     ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ကြီးမားစွာ မှားယွင်းခြင်း၊   ရွေးကောက်ပွဲအပေါ် မလျော်သြဇာလွှမ်းမိုးခြင်း၊  ဥပဒေနှင့် မညီဆောင်ရွက်ခြင်း၊ တရားမဲ့ပြုကျင့်မှုနှင့် မဲမသမာမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် ကျူးလွန်သူများအား ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ရခြင်းတို့နှင့်  စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြပါရှိခဲ့ပြီး ဖြစ်ပါသည်။  ကိုဗစ်-၁၉ ကူးစက်ရောဂါ အကြောင်းပြု၍ ကြိုတင်မဲ ပေးခွင့်ပြဋ္ဌာန်းချက်တွင် မပါဝင်သူများကို ယင်းတို့နှင့် သက်ဆိုင်သော မဲဆန္ဒနယ် အတွက် ပုံစံ(၁၅)ဖြင့်တောင်းဆို၍ ကြိုတင်မဲ ပေးခွင့်ပြုခဲ့ခြင်း၊ အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်များနေအိမ်တွင် ကြိုတင်မဲပေးရန် ဥပဒေကျော်လွန် ခွင့်ပြုပေးခဲ့ခြင်းတို့ကြောင့် ယခင်ရွေးကောက်ပွဲများတွင် ကြိုတင်မဲပေးသူ ရာခိုင်နှုန်း ၆ ရာခိုင်နှုန်းခန့်သာရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသူ ၂၁ ရာခိုင်နှုန်းကျော်အထိ ဖောင်းပွခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းများအရ သိရှိရပါသည်။

ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက နေအိမ်များသို့ ကြိုတင်မဲများ လိုက်လံကောက်ယူရာတွင် ပါတီအောင်နိုင်ရေး အဖွဲ့များက ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လိုက်ပါ၍ ဝင်ရောက်စွက်ဖက်မှုများ၊ ဥပဒေနှင့်မညီသော လုပ်ရပ်များကို စစ်ဆေးဖော်ထုတ် တွေ့ရှိခဲ့ရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ  ၃၉၁  ပုဒ်မခွဲ(ဃ)တွင်  “လျှို့ဝှက်ဆန္ဒမဲပေးခြင်း စနစ်ကို ကျင့်သုံးရမည်” ဟုပြဋ္ဌာန်းထားသည်ဖြစ်ရာ ကော်မရှင်အဖွဲ့ခွဲများက  နေအိမ်တွင် ကြိုတင်မဲများ လိုက်လံကောက်ယူခြင်းဖြင့် လျှို့ဝှက်ဆန္ဒမဲ ပေးခြင်းအား ထိခိုက်ပျက်ယွင်းစေမည့် ဝန်ဆောင်မှုမျိုးကို ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများတွင် ထည့်သွင်းထားခြင်းအား ပြန်လည်စဉ်းစား သုံးသပ်သင့်ကြောင်း မဲဆန္ဒရှင်ပြည်သူ တစ်ဦးအနေဖြင့် ထင်မြင်ယူဆပါသည်။

လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူလူထု အတွက် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော ကိုယ်စားပြုမှုကို မြှင့်တင်ပေးရန်၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍတွင် တစ်ပါတီကြီးစိုးမှု လျှော့ချပြီး ပါတီစုံစနစ် ပိုမိုလမ်းဖွင့်ပေးနိုင်ရန်အတွက် အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးမည့်အစီအစဉ်များ  ဆောင်ရွက်လျက်ရှိပါသည်။

လုံခြုံမှုရှိပြီး တည်ငြိမ်အေးချမ်းသော ရွေးကောက်ပွဲ၊ ဥပဒေနှင့် ညီညွတ်သော ရွေးကောက်ပွဲ၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၊   သန့်ရှင်းသော ရွေးကောက်ပွဲ၊ မဲမသမာမှုနှင့် တရားမဲ့မှု ကင်းစင်သော ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးခွင့် မဆုံးရှုံးစေရေး  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်လျက်ရှိသည်။ ဆန္ဒမဲပေးခြင်းမပေးခြင်းသည် သက်ဆိုင်ရာ မဲဆန္ဒရှင်၏ ဆန္ဒသဘောဟု ဆိုသော်လည်း  မဲဆန္ဒရှင်များမဲပေးရန် ရွေးကောက်ပွဲယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီများက  စည်းရုံးရမည့် တာဝန်ရှိပါသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများ၌ကြိုတင်မဲ ကောက်ခံရာတွင်   ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုဖြစ်စဉ်များကို ပြန်လည် သုံးသပ်ပြီး မဲဆန္ဒရှင်များ သတ်မှတ်မဲရုံများတွင်သာ   အဆင်ပြေလွယ်ကူစွာဖြင့် စနစ်တကျမဲပေးနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်သင့်ပါသည်။ ရွေးကောက်ပွဲများတွင် အငြင်းပွားမှု ပြဿနာများနှင့် မဲမသမာမှုများ ဖြစ်ပေါ်စေသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ကြိုတင်မဲများ  လိုက်လံ ကောက်ယူရသည့် ဝန်ဆောင်မှုနှင့် အငြင်းပွား အချင်းများဖွယ် ကြိုတင်မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို   ပြန်လည်စဉ်းစား သုံးသပ်ဆောင်ရွက်သင့်ပါကြောင်း မဲဆန္ဒရှင်ပြည်သူ တစ်ဦးအနေဖြင့် ပုဂ္ဂလိကအမြင်အားဖြင့်  ရေးသား တင်ပြလိုက်ရပါသည်။  ။

မဲဆန္ဒရှင်တစ်ဦး