လူသားတိုင်းအတွက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့
သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းသွင်နေ့တိုင်းဆင်လော့ဟု ရှင်မဟာရဋ္ဌသာရက ဧကပိုဒ်ရတုမှာ ရေးဖွဲ့ခဲ့ပါတယ်။
စာရှစ်လုံးမှာပါဠိစကားတို့ရဲ့အစစာလုံးများဖြစ်ကြကာသုဏေယျ၊ စိန္တေယျ၊ပုစ္ဆေယျ၊ဘာသေယျ၊ဝိစာရေယျ၊ လိခေယျ၊ သိက္ခေယျနဲ့ ဓာရေယျတို့ဖြစ်ကြပါတယ်။ မြန်မာမှုမှာ ကြားနာရာ၏၊ ကြံစည်ရာ၏၊ မေးမြန်းရာ၏၊ ပြောဆိုဆွေးနွေးရာ၏၊ စူးစမ်းဆင်ခြင်ရာ၏၊ရေးမှတ်ရာ၏၊ လေ့ကျင့်ရာ၏နှင့်နှုတ်တက်ဆောင်ရာ၏ လို့ အဓိပ္ပာယ်ရရှိပါတယ်။ ဆရာတော်က စာသင်သားတပည့်တို့ စာသင်ရာမှာလိုက်နာရမည့် အချက်များကို ညွှန်ပြထားခြင်း ဖြစ်ပါတယ်။ ဒီရတုကိုဖတ်ရှုခြင်းအားဖြင့် စာတတ်မြောက်မှုမှာ မည်မျှအရေးပါကြောင်းကို ဖော်ပြနေပါတယ်။ စာတတ်မြောက်မှုဆိုသည်မှာ ဖတ်ရှုမှုနဲ့ရေးသားနိုင်တဲ့စွမ်းရည်ကိုခေါ်ဆိုပါတယ်။ ကမ္ဘာပေါ်ရှိလူမျိုးအသီးသီးမှာ ကိုယ်ပိုင်စာများရှိကြပါတယ်။ စာဆိုသည်မှာ စကား၏ သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စနစ်တကျစီစဉ်ရေးသား တင်မှတ်ထားသော အမှတ်အသားကို ခေါ်ဆိုပါတယ်။ ပေရွက်၊ကျောက်စာ၊ ရွှံ့ပြား၊ ကြေးပြားနှင့် စက္ကူစသည်တို့မှာရေးခြင်း၊ ခြစ်ခြင်း၊ ပုံဆွဲခြင်း၊ ထုဆစ်ခြင်း၊ အစက်အပြောက်ချခြင်း၊ အကြောင်းချခြင်းစတဲ့ လုပ်ဆောင်မှုများမှတစ်ဆင့် ယနေ့စာအရေးအသားကွန်ပျူတာစာလုံးအထိ ပေါ်ပေါက်လာခဲ့ပါတယ်။ မျက်မမြင်တို့လက်ဖျားနဲ့စမ်းပြီး ဖတ်ရတဲ့အမှတ်ဖုလေးများကိုလည်း စာလို့ပင်ခေါ်ဆိုနိုင်ပါတယ်။
တည်ငြိမ်အေးချမ်းသောလူ့အဖွဲ့အစည်း ကမ္ဘာကြီးသို့ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့ (Promoting Literacy for a world in transition: Building the foundation for sustainable and peaceful societies) ဆိုတဲ့ဆောင်ပုဒ်ဟာ၂၀၂၃ ခုနှစ် (၅၇)နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ရဲ့ ဆောင်ပုဒ်တစ်ခုဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ စာတတ်မြောက်သူများစွာပါဝင်နေပါက ငြိမ်းချမ်းမှုကို ပိုမိုရရှိနိုင်ပါတယ်။ ယနေ့ကမ္ဘာ့အဖြစ်အပျက်တို့မှာ လျင်မြန်စွာပြောင်းလဲနေပေရာ ဒီပြောင်းလဲမှုတွေကို စာတတ်မြောက်ခြင်းက ထိန်းကျောင်းနိုင်ပါတယ်။ စာတတ်မြောက်ခြင်းဟာ ကောင်းကျိုးများကိုခံစားနိုင်ပြီး ဆင်ခြင်တုံတရားကို ပိုမိုရရှိစေနိုင်ပါတယ်။
လူတစ်ဦးဟာ စာမတတ်ပါကဘဝမှာကြုံလာရတဲ့ ကိစ္စတွေမှာအမှား၊ အမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့ပါ။ စာမတတ်လျှင်ဗဟုသုတနည်းပါးလာကာ အသိအလိမ္မာ လျော့နည်းလာပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာခက်ခဲလာပါမယ်။ အခြားသူတွေရဲ့ ခေါင်းပုံဖြတ်ခြင်းကို ခံရတတ်ပါတယ်။ လူမှုရေးမှာ ဝင်ဆံ့ဖို့ရာခက်ခဲလာပါမယ်။ ဆားတုံဆရာတော်ကြီးရဲ့ ဆုံးမစာမှာ ကုဋေရှစ်ဆယ်ကြွယ်တဲ့ သူဌေးသားဟာ ငယ်စဉ်က မိဘများရဲ့အလိုလိုက်မှုခံရကာ စာမသင်ကြားခဲ့တာကြောင့် ဒုက္ခရောက်ရပုံကို သာဓကပြထားပါတယ်။ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါ၍၊ ရွာမှထွက်ကာ၊ တောမှာသေသည်၊ ကောင်သေလင်းတကျ၏တည်းဆိုတဲ့ လင်္ကာအတိုင်း မိဘများမျက်ကွယ်ပြုတဲ့အခါ အရပ်လေးမျက်နှာကိုတောင် မခွဲခြားနိုင်တော့ပါ။ တောတောင်အရပ်မှာ သေဆုံးကာ လင်းတတို့ရဲ့အစာ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် စာမတတ်သူများမှာ အယုံလွယ်ကြပါတယ်။ လိမ်ညာဆွဲဆောင်ရာနောက်ကို လိုက်ပါတတ်ပြီး ရှေ့နောက်မမြော်မြင်တတ်တော့ဘဲ ခိုင်းတာလုပ်၊ ကျွေးတာစားအဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာစာမတတ်တဲ့ အချို့လူငယ်များဟာ PDF အမည်ခံအကြမ်းဖက်အဖွဲ့သို့ဝင်ရောက်ကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းက သက်သေပြလျက်ရှိပါတယ်။
အလိမ္မာစာမှာရှိ ဆိုတဲ့စကားအတိုင်း အသိအလိမ္မာတိုးတက်ဖို့ရာ လူတိုင်းစာတတ်ရပါမယ်။ စာမတတ်လျှင် အကန်းနှင့်တူသည်ဆိုတဲ့ စကားဟာ မှန်လှပါတယ်။ စာတတ်ခြင်းမှာအမိုက်မှောင်ကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။ စာတစ်လုံးဘုရားတစ်ဆူနဲ့ နှုတ်တစ်ရာစာတစ်လုံး ဆိုတဲ့တင်စားပြောဆိုမှုများဟာ စာတတ်မြောက်မှုကိုအားပေးတဲ့ ဆိုရိုးစကားများဖြစ်ပါတယ်။ စာပေများကို ဖတ်လျှင် အာရုံစူးစိုက်မှု မြင့်မားလာတာကြောင့် မိမိရဲ့အလုပ်မှာ အောင်မြင်မှုကိုရရှိစေနိုင်ပြီး စကားကြွယ်လာပါတယ်။ ဦးနှောက်ရဲ့ မှတ်နိုင်စွမ်းကို တိုးတက်စေတာ၊ မေ့လျော့မှုကိုလျော့နည်းစေတာနဲ့ စိတ်ဖိစီးမှုကိုလျော့ကျစေတာ စတဲ့ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကိုပင်ခံစားရပါမယ်။ စာဖတ်ခြင်းဟာ ဦးနှောက်ထဲမှာ ဆက်သွယ်မှုအသစ်များကို ရရှိနိုင်ပြီး အာရုံခံအားကိုကောင်းမွန်စေပါတယ်။ အသက်အရွယ်ကြီးရင့် လာတဲ့အခါ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်းနဲ့ ဆုံးဖြတ်နိုင်စွမ်းတို့မှာ ကျဆင်းလာတတ်ရာ စာဖတ်ခြင်းအားဖြင့် ဒီစွမ်းရည်များကို ထိန်းထားနိုင်ပါတယ်။
စာအုပ်စာပေလူ့မိတ်ဆွေ ဆိုတဲ့စကားအရ စာကောင်းပေမွန်တို့ကိုဖတ်ရှုလျှင် အသိပညာများကြွယ်ဝ လာပါတော့တယ်။ လူသားတို့ဟာစာဖတ်ခြင်းကြောင့် အကျိုးကျေးဇူးများစွာရှိပြီး မိမိတို့သက်ဆိုင်ရာ လူမျိုးအလိုက်၊ နိုင်ငံအလိုက် စာကိုကျွမ်းကျွမ်းကျင်ကျင်ရေးတတ်၊ ဖတ်တတ်ရန် လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် စာတတ်ရပါမယ်။
နိုင်ငံတစ်ခုကိုတည်ဆောက်ရာမှာ စာတတ်သူများနဲ့ ထူထောင်မှသာ ပိုမိုတိုးတက်ဖွံ့ဖြိုးနိုင်ပါတယ်။ နိုင်ငံသားတိုင်း စာတတ်မြောက်ရေးမှာ အရေးကြီးလှပါတယ်။ ကမ္ဘာစစ်ကြီးနှစ်ကြိမ်ဖြစ်ပွားခဲ့တာ၊ ဆင်းရဲကြတာ၊ အတွေးအခေါ် နောက်ကျတာတို့ကြောင့် နိုင်ငံအသီးသီးမှာ စာမတတ်သူများရှိနေခဲ့ပါတယ်။ စာတတ်မြောက်သူများဖြစ်လာစေဖို့ စာတတ်မြောက်ရေးလုပ်ငန်းများကို မိမိတို့နိုင်ငံအလိုက် ဆောင်ရွက်ကြပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့စာတတ်မြောက်ရေးကွန်ဂရက်(A World Literacy Congress)ကို ၁၉၆၅ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ အီရန်နိုင်ငံ တီဟီရန်မြို့မှာကျင်းပခဲ့ပါတယ်။ နိုင်ငံပေါင်း ၈၉ နိုင်ငံမှ ပညာရေးဝန်ကြီးများ၊ ဝန်ကြီးဌာနကိုယ်စားလှယ်များ၊ စီးပွားရေးပညာရှင်များ၊ လူမှုရေးပညာရှင်များ၊ ပါရဂူများစုံညီစွာတက်ရောက်ခဲ့ကြပါတယ်။
ဒီကွန်ဂရက်ကြီးက ကမ္ဘာပေါ်မှာစာမတတ်သူပပျောက်ရေးကို ဆွေးနွေးအဖြေရှာခဲ့ကြပါတယ်။ စာမတတ်မှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေကိုလည်း ချမှတ်ခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာကျင်းပတဲ့ ယူနက်စကိုအထွေထွေညီလာခံကြီးက ကမ္ဘာ့စာတတ်မြောက်ရေးကွန်ဂရက် ကျင်းပခဲ့တဲ့ စက်တင်ဘာ ၈ ရက်ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် တညီတညွတ်တည်း ဆုံးဖြတ်သတ်မှတ် ပေးခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၊ ယူနက်စကို(UNESCO)၊ ယူနီဆက်(့ UNICEF)နဲ့ ကမ္ဘာ့ဘဏ် (WORLD BANK)စတဲ့အဖွဲ့များက ဦးဆောင်ကာ ၁၉၉၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံ ဂျွန်တီယံမြို့မှာ လူတိုင်းအတွက်ပညာရေးဆိုင်ရာ ကမ္ဘာ့ညီလာခံကြီးတစ်ရပ်ကို ကျင်းပခဲ့ကြပါတယ်။ ဒီညီလာခံကြီးမှာ နိုင်ငံပေါင်း ၁၅၅ နိုင်ငံနဲ့ ကိုယ်စားလှယ်ပေါင်း ၁၅၅၀ ဦးတက်ရောက်ခဲ့ပြီး သက္ကရာဇ် ၂၀၀၀ တွင် လူတိုင်းအတွက် ပညာရေး ဆိုတဲ့ဆောင်ပုဒ်ကို ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတကာစာတတ်မြောက်ရေးဆောင်ရွက်ချက်များအနက် မြန်မာနိုင်ငံစာတတ်မြောက်ရေး ဆောင်ရွက်မှု လုပ်ငန်းများဟာ သမိုင်းမှာထင်ရှားကျော်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်ရဲ့ဆိုးမွေကြောင့် စာတတ်မြောက်မှုနှုန်းမှာ လျော့နည်းကျဆင်းခဲ့ရပါတယ်။ ဒါ့ကြောင့် စာတတ်မြောက်ရေး လုပ်ငန်းများကို ယူနက်စကိုအဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ တက်ကြွစွာဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်မှုများကို ရရှိစေခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ၁၉၄၈ ခုနှစ် လူထုပညာသင်ကြားရေးကောင်စီအက်ဥပဒေ (Mass Education Council ACT,1948)ကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ သက်ကြီးစာတတ်မြောက်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ဒါ့အပြင် အသက် ၁၆ နှစ်နှင့်အထက် စာမတတ်သူများကို အခြေခံစာတတ်မြောက်စေရန် အရေး၊ အဖတ်၊ အတွက်ဆိုတဲ့ အ သုံးလုံးကျေ စာသင်ပေးခြင်း လုပ်ငန်းကို ၁၉၆၄ ခုနှစ် နွေရာသီကာလမှစတင်ကာ ၁၉၆၈ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါတယ်။
၁၉၆၉ ခုနှစ်မှာ အ သုံးလုံးကျေ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနဲ့မလှိုင်မြို့နယ်တို့မှာ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံဆရာ၊ ဆရာမများ၊ အစိုးရစာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူတို့က ပါဝင်လုပ်အားပေးခဲ့ကြပါတယ်။ မိတ္ထီလာခရိုင်ကို တစ်ခရိုင်လုံး စာတတ်မြောက်တဲ့ခရိုင်အဖြစ် ၁၉၇၁ ခုနှစ်မှာ ကြေညာနိုင်ခဲ့ပါတယ်။ ပထမဦးဆုံးနိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ၁၉၆၉ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်မှာကျင်းပနိုင်ခဲ့ပါတယ်။
ဘယ်သူပြိုင်လို့လှပါတော့နိုင် ဆိုတဲ့စာတတ်မြောက်ရေးရုပ်ရှင်ဇာတ်ကားကိုပြသခဲ့ရာ နာမည်ကြီးခဲ့ပါတယ်။ မြန်မာ့အသံမှ ဝထကလသ တေးသီချင်းကို ထုတ်လွှင့်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ၂၄ နှစ်တာကာလအတွင်း မြို့နယ်ပေါင်း ၂၉၇ မြို့နယ်မှာ လုပ်အားပေးပေါင်း ၄၉၀၃၉၈ ဦး(လေးသိန်းကျော်)တို့က သင်ကြားပေးခဲ့ပါတယ်။ လူဦးရေ ၂၄၁၀၉၇၉ ဦး(နှစ်သန်းကျော်)ကို စာတတ်မြောက်အောင် သင်ကြားပေးနိုင်ခဲ့ရာ မြန်မာ့ဂုဏ်ကိုဆောင်နိုင်ခဲ့ပါပေတယ်။ ယူနက်စကိုအဖွဲ့ချုပ်က မြန်မာနိုင်ငံကို ၁၉၇၁ ခုနှစ်နိုင်ငံတကာစာတတ်မြောက်ရေးနေ့မှာ မိုဟာမက်ရီဇာပါလဗီဆုနဲ့ ၁၉၈၃ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ နိုမာဆုတို့ကို ပေးအပ်ခဲ့ပါတယ်။ အလှူရှင်နိုင်ငံများမှာ အီရန်နှင့်ဂျပန်နိုင်ငံတို့ ဖြစ်ကြပါတယ်။ စာတတ်မြောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ၂၀၁၃ ခုနှစ်မှ၂၀၁၆ ခုနှစ်အထိကာလအတွင်း နှစ်စဉ်မြို့နယ်ပေါင်း ၃၀ ကိုရွေးချယ်ပြီး တစ်မြို့နယ်မှာစာသင်ဝိုင်း ၂၀၀ ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားမှာ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံအကြီးအကဲများ၊ အစိုးရမဟုတ်တဲ့လူမှုရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များစုံညီစွာ တက်ရောက်ကြပါတယ်။ သဝဏ်လွှာဖတ်ကြားခြင်း၊ ဆုများချီးမြှင့်ခြင်းစတဲ့ အထိမ်းအမှတ်များကို ပြုလုပ်ကြပါတယ်။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည့် အားလျော်စွာ နှစ်စဉ်စက်တင်ဘာ ၈ ရက်ရောက်တိုင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကျင်းပလျက်ရှိပါတယ်။ အထိမ်းအမှတ်စာပေ ပြိုင်ပွဲတွေ၊ လှုပ်ရှားမှုဆိုင်ရာဓာတ်ပုံပြိုင်ပွဲတွေ၊ ပြခန်းခင်းကျင်းပြသတာတွေကို ဆောင်ရွက်ကြပြီး ရုပ်မြင်သံကြားအစီအစဉ်နဲ့ နေ့စဉ်ထုတ်သတင်းစာများမှာ ဖော်ပြလျက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူဦးရေ ၃ ဒသမ ၅ သန်းရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားနိုင်ခဲ့တဲ့ ကလေးသူငယ်၂ ဒသမ ၇ သန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနရဲ့မှတ်တမ်းများအရ သိရှိရပါတယ်။ ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)အရ ကျောင်းပြင်ပရောက်ကလေးငယ်များအတွက် ကျောင်းပြင်ပမူလတန်းနဲ့ အလယ်တန်းပညာရေး လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်လျက်ရှိပါတယ်။ စာမတတ်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အစီအစဉ်များကိုလည်း နှစ်အလိုက် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ မြန်မာနိုင်ငံရဲ့ပြောင်းလဲလာတဲ့ ခေတ်စနစ်ရဲ့လိုအပ်ချက်အရ KG+9 ဖြစ်တဲ့ အခြေခံပညာအလယ်တန်း အဆင့်ပညာပြီးမြောက်ရေးနဲ့ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာကျွမ်းကျင်သူများ ဖြစ်လာစေရန် ဆက်လက်သင်ယူသွားနိုင်ရေးတို့ကို ဦးတည်လုပ်ဆောင်လျက်ရှိပါတယ်။
အချုပ်အားဖြင့် ကမ္ဘာပေါ်မှာလူသားတို့စာတတ်မြောက်မှုမှာ စွမ်းအားတစ်ရပ်ဖြစ်ပြီး လူတစ်ဦးချင်းစီရဲ့ ဘဝတိုးတက်ရေး၊ တိုင်းပြည်နဲ့လူမျိုးတိုးတက်ရေး ဆိုတဲ့ တိုးတက်ကြီးပွားခြင်းရဲ့ အခြေအမြစ်တစ်ခုဖြစ်ပါတော့တယ်။ စာပေဆိုသည်မှာ အကောင်းအဆိုး၊ အကြောင်းအကျိုးတို့ကို ဝေဖန်ဆန်းစစ်နိုင်တဲ့ အသိဉာဏ်
ဖြစ်ပါတယ်။ စာတတ်မြောက်မယ်ဆိုလျှင် မိမိကောင်းကျိုးမှသည် အများကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုး၊ လောကကောင်းကျိုးအထိ ဆောင်ရွက်နိုင်ကာ ဖွံ့ဖြိုးတိုးတက်လာမည်မှာ ဧကန်ပင်ဖြစ်ပေရာ (၅၇)နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဤဆောင်းပါးကို ရေးသားလိုက်ရပါတော့တယ်။ ။
စိန်ဌေးလှိုင်(ပခုက္ကူ)