နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၁၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၁၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၈

          ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၃/၂၀၂၂)ရဲဗလတပ်ခွဲ၊ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်  တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးခဲ့ပြီး ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ထက်ထက်စိုး(၁)၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ရဲထက်အောင်၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း အေးအေးသင်း၊ အင်္ဂလိပ်စာ ဘာသာရပ်ထူးချွန် ဆုရ ဒုတိယရဲအုပ်လောင်း စောချာလီနှင့် ကွန်ပျူတာ ဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ထက်ထက်စိုး(၁)တို့အား ဆုများအသီးသီ းပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် သင်တန်းဆင်း ဒုတိယ ရဲအုပ်လောင်းများအနေဖြင့် တပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန် ထမ်းဆောင်ကြရမည့်သူများဖြစ်သည့်အတွက် ခေါင်းဆောင်မှု အရည်အသွေးများကို ကောင်းစွာသိရှိ နားလည်ပြီး အဆင့်ဆင့်ကွပ်ကဲ အုပ်ချုပ်မှုများကိုလည်း စည်းကမ်းတကျဖြင့် တိုးတက်အောင်မြင်အောင် ဦးဆောင်သွားကြရမှာဖြစ်ကြောင်း၊ မိမိလက်အောက်ကို ကွပ်ကဲအုပ်ချုပ်သည့်နေရာတွင် ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ရပ်နှင့်အညီ နေထိုင်ကျင့်ကြံပြီး အဖွဲ့အစည်းတစ်ခု ခိုင်မာအားကောင်းရေးနှင့် မယိုင်မလဲ ရပ်တည်သွားနိုင်ရေးအတွက် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုးတက်ပြောင်းလဲနေတဲ့ မျက်မှောက်ခေတ်ကာလမှာ ပြည်သူတို့ဘဝ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အလေးထားအောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊

ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူနှင့်အတူ လက်တွဲပြီး ထိရောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်နေရသလို နယ်စပ်ဒေသများမှာပါ လုံခြုံရေးကို ဆောင်ရွက်နေရတာဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိရမှာ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ အမိန့်နာခံတတ်သည့် စိတ်ဓာတ်ရှိဖို့ လိုအပ်ကြောင်း၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် အဓိကကျတာကြောင့် ပြည်သူလူထုအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းအသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပြီး ပြစ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း လက်တွဲ၍ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ပြီး အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကာ မူးယစ်ဆေးဝါး ပပျောက်သည်အထိ တားဆီး ကာကွယ်ရေး၊ စုံစမ်းဖော်ထုတ် အရေးယူရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်သွားကြ ရမှာဖြစ်ကြောင်း၊

သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း အချိန်နှင့်တစ်ပြေးညီ ကူညီ ကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ 

ရဲတပ်ဖွဲ့ဝင်တိုင်း စွမ်းရည်ပြည့်ဝ ထက်မြတ်နေစေရန်အတွက် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လေ့ကျင့်သားပြည့်ဝနေစေရန် တပ်ဖွဲ့အလိုက် တစ်ဦးချင်း ကိုင်တွယ် ရမည့်လက်နက်နှင့် ရဲတပ်ဖွဲ့သုံးကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်ရေး လိုအပ်သည့် လေ့ကျင့်မှု များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမှာဖြစ်ကြောင်း၊ နည်းပညာတိုးတက်မှုများကြောင့် ဖြစ်ပေါ် လာသည့် မှုခင်းပုံစံအသစ်များ၊ အုပ်စုဖွဲ့အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ရေး အရည်အသွေး ပြည့်ဝနေအောင် ဆည်းပူးလေ့ကျင့်ပြီး အင်္ဂလိပ်ဘာသာ စကားအပါအဝင် အခြားဘာသာစကားများ၊ ကွန်ပျူတာ၊ အင်တာနက်၊ နည်းပညာဆိုင်ရာ ပညာရပ် များကိုလည်း ပိုမိုတိုးတက်ကျွမ်းကျင်အောင် စဉ်ဆက်မပြတ် ဆက်လက်လေ့လာသွားကြရန် လိုအပ် ကြောင်း၊ အမျိုးသမီးရဲအရာရှိများအနေဖြင့်လည်း မိမိတို့ရောက်ရှိ တာဝန်ထမ်းဆောင်ကြရမည့် လက်တွေ့နယ်ပယ်မှာ လေ့ကျင့်သင်ကြားပျိုးထောင်ပေးလိုက်သည့် ပညာရပ်များကိုအခြေခံပြီး လက်တွေ့ဘဝနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိပကတိအခြေအနေများနှင့် ကိုက်ညီသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ကာ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ရဲတပ်ဖွဲ့ဝင်များမှလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာ ကဏ္ဍအလိုက် တက်ကြွစွာ ပူးပေါင်းပါဝင်သွားကြရန်လိုအပ်ကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင် ရွက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များလိုက်နာရမည့် အစဉ်အလာကောင်း(၁၂)ရပ်တွင်ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အချက်နှင့်အညီ တပ်မတော်နှင့်အတူ လက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း စသည်ဖြင့် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ပါမောက္ခချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၃) ရဲဗလ တပ်ခွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား(၂၀၄)ဦး၊ တပ်တွင်းဘွဲ့ရအမျိုးသမီး(၁၄၃)ဦး စုစုပေါင်း (၃၄၇)ဦး တို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သတင်းရရှိသည်။