တောင်ကြီးမြို့နှင့် ကျိုင်းတုံမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းလောင်းလှူပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညို ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး အောက်စဖို့ဒ်ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လောင်းလှူကြသည်။
အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သသနာနွယ်ဝင်သီလရှင်များအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ အဆိုပါမြို့ရှိ ရပ်တော်မူဘုရားကြီး၌ ဆွမ်းတော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။