ပေါ့ပေါ့ဆဆ  မပြုလုပ်ကြပါနှင့်

စစ်သူကြီးမဟာဗန္ဓုလသည် နေပြည်တော်တွင် စစ်တပ်များ စီမံကြီးကြပ်လျက်ရှိရာ တစ်နေ့သောအခါတွင် မျက်နှာဖြူ အမျိုးသမီးတစ်ဦးသည် နို့စို့အရွယ်ကလေးငယ်ကို ပွေ့ပိုက်လျက် မဟာဗန္ဓုလရှေ့မှောက်သို့ရောက်ရှိလာသည်။ သူရောက်ရှိလာသည့် အကြောင်းမှာ သူ၏ယောက်ျား အကျဉ်းခံနေရသည့်ကိစ္စအတွက် လာရောက်ခြင်းဖြစ်သည်။ သူ့ယောက်ျားမှာ မစ္စတာဂျပ်ဆင်ဖြစ်သည်။ မစ္စတာဂျပ်ဆင်ဆိုသည်မှာ မြန်မာအများစုက ယုဒသန်ဟု သိရှိထားသူ ဖြစ်သည်။ သူလျှိုအဖြစ် မသင်္ကာ၍ ဖမ်းဆီးထားခြင်းဖြစ်ပြီး မစ္စတာဂျပ်ဆင် အပါအဝင် စုစုပေါင်းငါးဦးဖြစ်သည်။ အင်္ဂလိပ်လူမျိုးသုံးဦး၊  အမေရိကန်လူမျိုးနှစ်ဦး ဖြစ်သည်။ သူ့ယောက်ျားလွတ်မြောက်ရေးအတွက် မဟာဗန္ဓုလထံ လာရောက်တင်ပြခြင်း ဖြစ်သည်။

မဟာဗန္ဓုလက “ကလေးငယ်နဲ့မို့ ဆရာကတော်ကိုသာပြီးသနားပါတယ်။ အကူအညီလည်းပေးလိုပါတယ်။ သို့ပေမယ့် ဆရာကတော်လည်းသိတဲ့အတိုင်း အင်္ဂလိပ်နဲ့စစ်ဖြစ်နေတဲ့ အတွင်းမှာ သူလျှိုရယ်လို့ မသင်္ကာလို့ ချုပ်နှောင်ထားသူကို လွှတ်ဖို့ရာ ခဲယဉ်းနေပါတယ်”ဟုပြောသည်။ မျက်နှာဖြူအမျိုးသမီးကလည်း သူတို့မှာ အမေရိကန်လူမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားဟောသာသနာပြု ကိစ္စသာ လုပ်ဆောင်ပါသည်။ စစ်မှုရေးရာနှင့် မဆိုင်သည့်အတွက် စစ်သူကြီးမင်းက အကူအညီပေးရန် ခဲယဉ်းလိမ့်မည်ဟု မထင်ကြောင်းပြောသည်။

စစ်မှုရေးရာနဲ့မဆိုင်ဘူးလို့ဆိုတာ ဆရာကတော်ပြောတဲ့စကားမျှသာဖြစ်ကြောင်း၊ ကျွန်ုပ်တို့ ယခုအခါ ကိုယ့်အမျိုးသား မြန်မာလူမျိုးကလွဲလျှင် မည်သူ့ကိုမျှမယုံကြည်ကြောင်း၊ အမေရိကန်နှင့် အင်္ဂလိပ်ဆိုသည်မှာလည်း လူမျိုးကွဲသည် ဆိုသော်လည်း ဘာသာအယူဝါဒ၊ ပြောဆိုသည့်စကား၊ ရေးသည့်စာနှင့် အဝတ်အစားမှစ၍ အားလုံးအတူတူသာ ဖြစ်ကြောင်း မဟာဗန္ဓုလက ပြောဆိုသည်။

မျက်နှာဖြူ အမျိုးသမီးကလည်း သူ့ယောက်ျားလွတ်မြောက်ရေးအတွက် သူတို့အနေနဲ့ ယခုအရေးကိစ္စမှာ ဘာမှအဆက်အသွယ်မရှိကြောင်း ငြင်းဆိုလေသည်။ ထိုအခါ မဟာဗန္ဓုလက “အဆက်အသွယ်ကင်းတယ် ဆိုတာယုံရမှာက ဆရာယုဒသန်ကို ဖမ်းဆီးပြီးနောက် ဆရာကတော်တို့ အိမ်ကို ဝင်ရောက်ရှာဖွေစဉ်က စာတွေဆုတ်ဖဲ့ပြီး မီးရှို့ထားတာတွေ့တယ်လို့ ကျွနု်ပ်နေပြည်တော်ကိုပြန်ရောက်စက ရွှေမြို့တော်ဝန်ထံမှ အစီရင်ခံစာလွှာမှာ ပါလာတာ တွေ့မြင်ဖတ်ရှုရတယ်။ ဒါကိုဘယ်လိုချေဦးမလဲ။ ဆရာကတော်မှာ မိန်းမသားဖြစ်ပြီး ကလေးကလည်း ငယ်ငယ်နှောင်းနှောင်းမို့ အကျဉ်းချမထားတာကို ညှာတာခြင်းလို့ ယူဆရမည်။ သို့သော်လည်း ဆရာယုဒသန်ကို လက်မလွန်ရအောင် ကျွနု်ပ်ကတိပြုလိုက်မယ်။ လွှတ်ဖို့၊ မလွှတ်ဖို့ကိစ္စမှာ ကျွန်ုပ်ရန်ကုန်က အင်္ဂလိပ်ရန်ကို တွန်းလှန်ပြီးပြန်လာမှ အပြစ်ရှိ၊ မရှိစစ်ဆေးပြီး စဉ်းစားနိုင်မယ်။ ဒါပါပဲ ဆရာကတော်ပြန်နိုင် ပါပြီ” ဟူ၍ပြတ်သားစွာ ပြောဆိုလွှတ်လိုက်သည်။

မြန်မာတို့ စစ်ပွဲရှုံးရသည့် အကြောင်းရင်းတွင် အဓိကအချက်သည် သတင်းပေါက်ကြားမှုနှင့် သူလျှိုရှိနေမှုကြောင့် ဖြစ်သည်။ သူတို့သည် ကုန်သည်အဖြစ် လည်းကောင်း၊ သာသနာပြုအဖြစ် လည်းကောင်း၊ သံတမန်အဖြစ်လည်းကောင်း ဟန်ဆောင်ကောင်းကြသည်။ ဘိုးတော်ဘုရားလက်ထက်တွင် အနောက်နိုင်ငံသားတို့ မကြာခဏ လာရောက်ကြသည်။ ထိုမှဆက်၍ ဘကြီးတော်လက်ထက်တိုင် ရောက်လာခြင်း ဖြစ်သည်။ မြန်မာ့နန်းတွင်းရေးရာများကို ပြန်လည် လေ့လာကြည့်လျှင် အင်္ဂလိပ်၊ အမေရိကန်တို့၏ သူလျှိုလုပ်ငန်းစဉ်များကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်ပေသည်။ မြန်မာ့တပ်တော်များ ရန်ကုန်သို့ဘယ်နေ့ဘယ်ရက်တွင် ချီတက်လာမည်။ မည်သူဦးစီးပါရှိသည် စသည်ဖြင့် ရန်သူအင်္ဂလိပ်တို့က သတင်းကြိုတင် ရရှိနေသည်။

ထို့ကြောင့် မဟာဗန္ဓုလသည် စစ်သူကြီးပီသစွာ စစ်ရေးစစ်ရာနှင့် ပတ်သက်လာလျှင် အမြော်အမြင် ကြီးမားသည်။ ကလေးငယ်နှင့်လာရောက်တောင်းဆိုနေသော မျက်နှာဖြူအမျိုးသမီးကို စိတ်တွင် သနားကြင်နာသော်လည်း နိုင်ငံ့အရေးနှင့် ပတ်သက်လာလျှင် အလျှော့မပေးခဲ့ပါ။ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲသည် တပ်မတော်အင်အား မရှိခြင်းကြောင့် ဆုံးရှုံးခဲ့ရသည်။ တပ်မတော်အင်အားမရှိဟုဆိုရာ၌ ခေတ်မီလက်နက်မရှိခြင်းလည်း ပါဝင်သည်။ မဟာဗန္ဓုလသည် မိမိအသက်ကိုမငဲ့ကွက်ဘဲ စွန့်စွန့်စားစားတိုက်ပွဲဝင်သွားခဲ့သည်။ မြင့်မြတ်သော ကျဆုံးခြင်းဖြင့် ကျဆုံးသွားခဲ့ရသည်။ မြန်မာနိုင်ငံ မြန်မာလူမျိုးများအတွက် မဟာဗန္ဓုလ၏ဇာတိမာန်စိတ်ဓာတ်ကိုသိရှိရသကဲ့သို့ မဟာဗန္ဓုလ၏ သမိုင်းဝင်မိန့်ခွန်းကောက်နုတ်ချက်ကိုလည်း ဖော်ပြလိုပါသေးသည်။ “ပေါ့ပေါ့ဆဆ ပြုလုပ်ကြလျှင် ငါတို့တစ်မျိုးလုံး သူတို့၏ကျွန်ဘဝသို့ ရောက်ချိမ့်မည်။ မိစ္ဆာလူမျိုးတို့၏ ကျွန်ဖြစ်ရခြင်းထက် မြန်မာ၏ဂုဏ်မညှိုးရန် တိုက်ခိုက်ရင်းလဲ၍ သေရသည်က ရာဇဝင်ပြောင်၍မြတ်သေး၏”ဟူသော စကားမှာ ယနေ့တိုင်အလေးအနက် ထားသင့်သည်။ ပေါ့ပေါ့ဆဆနှင့် အလွယ်တွေးကာ ဖြစ်သလိုနေကြလျှင်ဖြင့် မြန်မာတို့၏ အနာဂတ်သည် မလှပနိုင်ကြောင်း လွန်ခဲ့သော နှစ်ပေါင်း ၁၉၆ နှစ်ခန့်က ပြောခဲ့သောစကား ဖြစ်ပေသည်။ ယနေ့တိုင်သင်ခန်းစာယူ သတိမူသင့်သော စကားဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။