မြန်မာအသင်းနှင့်နီပေါအသင်းတို့ ခြေစမ်းပွဲတွင် ဂိုးမရှိသရေကျ

မြန်မာအသင်းနှင့်နီပေါအသင်းတို့ ခြေစမ်းပွဲတွင် ဂိုးမရှိသရေကျ

ဖီဖာနိုင်ငံတကာ   အေ  အဆင့် ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏ အားကစားကွင်း၌     မြန်မာ့လက်ရွေးစင်သင်းနှင့် နီပေါလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း ပွဲထွက်လူစာရင်းတွင် ကျော်ဇင်ဖြိုး(ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ နန္ဒကျော်၊ လွင်မိုးအောင်၊ သန်းပိုင်၊ အောင်သူ၊ မောင်မောင်လွင်၊ ဝေလင်းအောင်၊ ရန်နိုင်ဦးနှင့် ဟိန်းဇေယျာလင်းတို့ ပါဝင်ကစားခဲ့သည်။ပွဲချိန်ပထမပိုင်းတွင် မြန်မာအသင်းအနေ ဖြင့် ဂိုးသွင်းခွင့် အခွင့်အရေးများစွာရရှိခဲ့ သော်လည်း   နီပေါဂိုးသမား   အသင်းခေါင်းဆောင် KiranKumar Limbu လက်စွမ်းပြကာကွယ်ခြင်း၊ မောင်မောင်လွင်၊ အောင်သူနှင့် သန်းပိုင်တို့ ဂိုးသွင်းမသေချာ ခြင်းကြောင့် ဂိုးမရှိသရေကျနေခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ကစားသမား အပြောင်းအလဲများ ပြုလုပ်ခဲ့သော်လည်း နီပေါအသင်းကို ဖိအားပေးနိုင် ခဲ့ခြင်းမရှိပေ။ ပွဲချိန် ၅၇ မိနစ်တွင် မြန်မာ အသင်းနောက်ခံလူ ဟိန်းဖြိုးဝင်း ပယ်နယ်တီ ဧရိယာအတွင်း လက်ထိဘောဖြစ်၍ ပယ်နယ်တီပေးခံရပြီး  ယင်းပယ်နယ်တီကို  နီပေါ အသင်း ကျောနံပါတ် ၁၄ Anjan Bista ကန်သွင်းရာ မြန်မာအသင်း ဂိုးသမား ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့၍ ဂိုးမပေးခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဂိုးရရှိ ရေးကြိုးစားခဲ့သော်လည်း နီပေါအသင်းက အကောင်းဆုံးကစားသွားသဖြင့်  ပွဲအပြီး တွင် ဂိုးမရှိသရေရလဒ်ဖြင့်ပြီးဆုံးခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါ လက်ရွေးစင်အသင်းတို့၏ ဒုတိယမြောက် ဖီဖာနိုင်ငံတကာ အေ အဆင့် ချစ်ကြည်ရေး ခြေစမ်းပွဲကို စက်တင်ဘာ ၁၁ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်လွင်