၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ တာဝန်အား ဖိလစ်ပိုင်နိုင်ငံသို့  လွှဲပြောင်းသည့်ကိစ္စ ဆိုင်ရာ ရှင်းလင်းချက်

၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ တာဝန်အား ဖိလစ်ပိုင်နိုင်ငံသို့  လွှဲပြောင်းသည့်ကိစ္စ ဆိုင်ရာ ရှင်းလင်းချက်

 

    အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ်(၃၁)အရ အာဆီယံဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံများ၏ အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည် အက္ခရာစဉ် အလိုက် အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်အလှည့်ကျ တာဝန်ယူထမ်းဆောင်ရမည်ဟု ဖော်ပြထားပါသည်။ အဆိုပါမူအရ မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူဆောင်ရွက်ရမည် ဖြစ်ပါသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူရန် အတွက် အချိန်အနည်းဆုံး(၂)နှစ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြပါသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန် ယူမည့်ကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ် နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို တည်ဆောက်နေသည့် ကာလဖြစ်သဖြင့် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူရန် အဆင်ပြေမှု ရှိ၊ မရှိကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးထံသို့ မြန်မာဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စာပေးပို့၍ သဘောထား မေးမြန်းခဲ့ပါသည်။ အဆိုပါကိစ္စကို မြန်မာက ၂၀၂၃ ခုနှစ်၏ အာဆီယံဥက္ကဋ္ဌ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသို့လည်း အသိပေးထားပြီးဖြစ်ပါသည်။

    ဖိလစ်ပိုင်နိုင်ငံကလည်း ၂၀၂၆ ခုနှစ်တွင် ၎င်းမှ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရန် အဆင်ပြေပါကြောင်းနှင့် လက်ရှိအာဆီယံ ဥက္ကဋ္ဌနှင့် ကျန်အဖွဲ့ဝင်များကို အသိပေး ပြောကြားသွားမည်ဖြစ်ကြောင်း တရားဝင် အကြောင်းပြန်ကြားမှု ပြုခဲ့ပါသည်။ ထို့နောက် ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးထံလိပ်မူ၍ ဖိလစ်ပိုင်နိုင်ငံ သည် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ၂၀၂၇ ခုနှစ်အစား ၂၀၂၆ ခုနှစ်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ အာဆီယံ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှု ရရှိမည်ဟု မျှော်လင့်ပါကြောင်း စာပေးပို့ခဲ့ပါသည်။

(၄၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအပြီး တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်၏ စာပိုဒ်(၁၅)တွင် “၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင်နိုင်ငံမှ တာဝန်ယူရန် ဆုံးဖြတ်ခဲ့ကြပြီး၊ အခြားဆုံးဖြတ်ချက်တစ်ရပ် မထွက်ပေါ်မီအချိန်ထိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဇယား ကို အက္ခရာစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်” ဟု ဖော်ပြပါရှိသည်ကို တွေ့ရှိရပါသည်။

ထို့ပြင် အချို့သော နိုင်ငံတကာ သတင်းမီဒီယာများ၏ ဖော်ပြချက်များ၌လည်း ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်နှင့်ပတ်သက်၍ ဖော်ပြချက်များသည် ၎င်းတို့လိုလားသည့် ပုံစံများဖြင့် အဓိပ္ပာယ်လွဲမှားစွာ ဖော်ပြနေသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှုနှင့်ပတ်သက်၍ သမိုင်း ကြောင်း ပြန်ကြည့်ရပါက အာဆီယံ ပဋိညာဉ်စာတမ်း စာပိုဒ်(၃၁)အရ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ၂၀၀၆ ခုနှစ်တွင် တာဝန်ယူရမည်ဖြစ်ပါသည်။ သို့သော် ထိုအချိန်အခါက မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတော် ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်(၇)ရပ်နှင့်အညီ ဒီမိုကရေစီသို့ ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိသည့်အတွက် လည်းကောင်း၊ အာဆီယံအဖွဲ့၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်စေရန် အတွက် ရှေးရှု၍လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူမည့် အခွင့်အရေးကို အနစ်နာခံ စွန့်လွှတ်ခဲ့ပါသည်။ ထို့နောက် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ၂၀၁၆ ခုနှစ်တွင် တာဝန်ယူရမည့် အလှည့်ကိုလည်း  မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် မလေးရှားနှင့် လာအိုနိုင်ငံတို့နှင့် ညှိနှိုင်း သဘောတူညီချက်အရ ၂၀၁၄ ခုနှစ်တွင် တာဝန်လွှဲပြောင်း ယူခဲ့သည့် သာဓကများ ရှိပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံက မိမိနိုင်ငံ၏ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များရှိ၍ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင် နိုင်ငံသို့ သဘောထား မေးမြန်းညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး အခြားအဖွဲ့ဝင်နိုင်ငံများသို့ ချပြအသိပေးခြင်း သဘောတူညီမှု ရှိခြင်းများဖြင့် လွှဲပြောင်းခဲ့ခြင်းဖြစ်ပါကြောင်း သိသာနိုင်ပါရန် ရှင်းလင်းဖော်ပြအပ်ပါသည်။