နေပြည်တော်၊ နိုဝင်ဘာ - ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၌ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူ ဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဆရာတော် သံဃာတော်များနှင့် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကြပြီး သီတဂူဆရာတော် ဘုရားကြီးထံမှ ကထိန်အနုမောဒနာ တရားနာယူကြသည်။ ထို့နောက် ဒုတိယတိုင်းမှူးက အလှူငွေများဆက်ကပ်လှူဒါန်းရာ သီတဂူ ဆရာတော် ဘုရားကြီးကိုယ်စား တောင်ငူတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်ဝင်းမြင့်က လက်ခံရယူသည်။
ဆက်လက်၍ အလှူရှင်များက သီတဂူဆရာတော်ဘုရားကြီးအား ကထိန်သင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကက်လှူဒါန်းပြီး သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်း များ ဆက်ကပ်လောင်းလှူကြသည်။ ၎င်းနောက် ဒုတိယတိုင်းမှူးနှင့် အလှူရှင်များက သီတဂူ ဆရာတော်ဘုရားကြီးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။