နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေး            

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေး                                                                                                  

နေပြည်တော်၊ စက်တင်ဘာ - ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရွှေလီရတနာခန်းမ၌ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိ သူများ၊ နယ်ခြားစောင့်တပ်ဖွဲ့ ကြီးကြပ်ရေးခေါင်းဆောင် ဗိုလ်မှူးကြီး ဝေဆန်း (အငြိမ်းစား)၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ ပြည်သူ့ စစ်ခေါင်း ဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ် ခေါင်းဆောင် ဦးခင်မောင်လွင် တို့တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့်ထိစပ်လျက်ရှိပြီး ပို့ကုန်၊ သွင်းကုန်များကို နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေး၊ စီးပွားရေးအရ အရေး ကြီးသော ဒေသဖြစ်ကြောင်း၊ ဒေသတွင်းထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့များများ တင်ပို့ နိုင်ရန်အတွက် ထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန်နှင့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများ ဖြစ်ရန်လိုကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေလိုပြီး ထိုသို့ဆောင်ရွက် နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လိုကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်းရှိပြည်သူများသည် ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်လိုသည့် စိတ်ရှိကြ ကြောင်း၊ ထို့ကြောင့် မိမိတို့နယ်မြေအလိုက် ဒေသခံ ပြည်သူများကို မိမိတို့နှင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်ကြရန်လိုပြီး ငြိမ်းချမ်းလိုသော စိတ်အရင်းခံ ဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ဝိုင်းဝန်း ဆောင်ရွက် ကြရန် လိုကြောင်း။

မိမိတို့နိုင်ငံ၌ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ၌ ယခင်က တရုတ်ဖြူ (ကူမင်တန်) ကျူးကျော်မှုများရှိခဲ့ပြီး ၎င်းတို့ ပြန်လည်ဆုတ်ခွာချိန်တွင် လက်နက်ကိုင် သောင်းကျန်းမှုများကျန်ရှိနေခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) များမှဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင်ဆောင်သည့် ပြဿနာများသည် ယခု အချိန်အထိကျန်ရှိနေသေးကြောင်း။

ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ကို လုံခြုံရေးအရ အင်အားဖြည့် ပေးနေသည့် အင်အားစုတစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံချစ်စိတ်ဖြင့် နယ်မြေတည်ငြိမ်အေးချမ်း အောင်  တာဝန်သိစိတ်ဖြင့်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့၏ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက် နေသည့်အဖွဲ့များဖြစ်သည့်အတွက် လေးစားအသိအမှတ်ပြုပါကြောင်း၊ လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းကို ကြည့်မည်ဆိုပါက နိုင်ငံရေးအရ သဘောထားကွဲလွဲ မှုများ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများ၊ ဘာသာရေးအရ သဘောထား ကွဲလွဲမှုများ စသည်တို့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။

နိုင်ငံရေးအရသဘောထားကွဲလွဲမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ လွတ်လပ်ရေး ရရှိ ပြီး နောက်ပိုင်း နိုင်ငံရေးအယူဝါဒများနှင့်ပတ်သက်ပြီး  ခေတ်အဆက်ဆက် သဘော ထား ကွဲလွဲမှုများရှိခဲ့ကြောင်း၊  ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေး အယူဝါဒနှင့် ပတ်သက်၍ ဖြေလျှော့လာခဲ့ကြောင်း၊ တိုင်းရင်းသားရေးအရ ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများသည် နယ်ချဲ့များထားရှိခဲ့သည့် ဆိုးမွေတစ်ခုဟု ပြောနိုင် ကြောင်း၊ တိုင်းရင်းသားရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များအလိုက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့နှင့်ပတ်သက်၍ ခွဲဝေပေး ထားပြီးဖြစ်သဖြင့် တိုင်းရင်းသားရေးနှင့် ပတ်သက်၍ခွဲခြားမှုမရှိသည်ကို တွေ့မြင်နိုင် ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တွင်ပြဌာန်းထားပြီးဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်လည်း အတိအကျပြဌာန်းထားရှိပြီးဖြစ်သဖြင့် ဘာသာရေးကို အကြောင်းပြ၍ သဘောထား ကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော် လမ်းကြောင်းပေါ်သို့ အားလုံးပါဝင်ရောက်ရှိလာရန်နှင့် မိမိ တို့၏ လိုလားချက်များနှင့် အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တင်ပြတောင်း ဆိုကြရန်လိုကြောင်း။

ဒီမိုကရေစီစနစ်နှင့်ဖက်ဒရယ်အုပ်ချုပ်ရေးဆောင်ရွက်ရာတွင် ဒေသကိုအခြေခံ သည့် ဖက်ဒရယ်စနစ်ကိုကျင့်သုံးရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်တွင် တိုင်းရင်းသား ကိုအခြေခံသည့်ဖက်ဒရယ်နှင့် ဒေသကိုအခြေခံသည့် ဖက်ဒရယ်ဟူ၍ ရှိပြီး ကမ္ဘာ့ နိုင်ငံအများစုတွင် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ် သည်သာလျင် အသင့်တော်ဆုံးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏အရေးကိုသာ တောင်းဆို လျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှုအားနည်းကြောင်း၊ လူတစ်စုကို ကိုယ်စားပြု သည့် အဖွဲ့အစည်းများဖြစ်၍ မရဘဲ ဒေသကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ် ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအနေဖြင့်  မိမိတို့နယ်မြေ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လာနိုင်ရေး ဝိုင်းဝန်းတိုက်တွန်းဆောင်ရွက်ကြရန်လိုကြောင်း။

ယနေ့ တွေ့ဆုံမှုသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးနိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်မှုမှာ ၂ နှစ် ကျော်ကာလသို့ရောက်ရှိပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် လူပုဂ္ဂိုလ်ဦးစားပေး၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံအတွက် မဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ပေါ်ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာများတွင် ပြည်ပနိုင်ငံများ၏ အကြံဉာဏ်များကိုခံယူ ၍ ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ပြည်ပနိုင်ငံများ၏ ဩဇာအောက်သို့ မသိ မသာရောက်ရှိနေခြင်းသည် တစ်နည်းအားဖြင့် မိမိတို့နိုင်ငံ၏လွတ်လပ်ရေးကို ဆုံးရှုံး ခြင်း ပင်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ သဟဇာတ ဖြစ် နေရန် လိုအပ်သော်လည်း ဩဇာခံဖြစ်၍မရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက် သောနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုကာ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်း လျက် ရှိကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများနှင့်လည်း သဟဇာတဖြစ်သည့် ဆက်ဆံမှု ရှိရန်လိုပြီး ပြဌာန်းထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ၏ ဥပဒေများကို လေးစားရန်လိုသကဲ့သို့ မိမိတို့နိုင်ငံ၏ တည်ဆဲဥပဒေ ကို လိုက်နာရန်နှင့် တန်ဖိုးထားရန်လိုကြောင်း။

ဒေသတွင်းရှိ ပြည်သူလူထုမှအစပြု၍ အုပ်ချုပ်သူများအထိ တစ်သမတ်တည်း သော တူညီသည့် သဘောထားရှိရန်လိုပြီး မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များကို အတူတကွ လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ ဒေသနှင့် ဒေသခံများ၏ အကျိုးစီးပွားအတွက် လိုလားချက်နှင့် တောင်းဆို ချက်များကို ဒီမိုကရေစီနည်းလမ်းဖြင့်သာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားသည့် လမ်း၊ တံတား၊ အဆောက်အဦများ ဖောက်ခွဲဖျက်ဆီးခြင်း၊ လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းနိုင်ရေးကို အနှောင့်အယှက်များဖြစ်ပေါ်စေခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များကြောင့် ဒေသကိုထိခိုက်နစ်နာစေကြောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ပဋိပက္ခများဖြစ်ပေါ်နေသည့် ဒေသရှိ ပြည်သူများ၏ ပညာ သင်ကြားရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေလျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိသည့် နယ်မြေနှင့် တည်ငြိမ်အေးချမ်းမှုမရှိသည့်နယ်မြေတို့ နှိုင်းယှဉ်ပါက တည်ငြိမ်အေးချမ်းမှုမရှိသည့်နယ်မြေတွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ တို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ များစွာကွာဟသွားသည်ကို တွေ့ရ ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို အခွင့်အလမ်းများကို ပိုမို ဖော်ဆောင်နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန် လိုကြောင်း။

မိမိတို့ နယ်မြေအလိုက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် မဲစာရင်းများကောက်ယူ ခြင်း လုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုအခါ လူဦးရေစာရင်းများ ကြိုတင်ကောက်ယူခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကိုဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ “ရှေ့သို့ ချီမည် ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal)ဟူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ပုဒ်အတိုင်း ပိုမို ကောင်းမွန်သည့် နိုင်ငံတော်နှင့်လူမှုစီးပွားဘဝကို တည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိပြီး ထုတ်ကုန်များထုတ်လုပ်ရာတွင် ဒေသတွင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကိုအသုံးချ၍ စက်မှုထုတ် ကုန်များကိုထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ဒေသတွင်း၌ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်း များကို ဒေသအတွင်းရှိ ပြည်သူများအနေဖြင့်ဦးစားပေးဆောင်ရွက်ကြစေလိုပြီး ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဒေသ၏အကျိုးကိုရေရှည်မျှော်တွေး၍ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး လားရှိုးလေယာဉ်ကွင်းကို ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင်တင်တိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ကုန်စည်စီးဆင်းမှုများ လျင်မြန်ချောမွေ့စေရေးနှင့် လမ်းပန်းဆက်သွယ် မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် မီးရထားလမ်းများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကားလမ်းများ အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ဒေသတွင်းမှထွက်ရှိသည့် သဘာဝသယံဇာတများကိုထုတ်ယူ သုံးစွဲရာတွင် ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးပြုခြင်းထက် တန်ဖိုးမြှင့်ကုန်ချော ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချနိုင်ရန်လိုကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် ကော်ဖီ၊ လက်ဖက်၊ ပြောင်း၊ နေကြာများကို များစွာစိုက်ပျိုးကြပြီး အဆိုပါထွက်ကုန်များဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ကြောင်း၊ အလားတူ စားရေးအတွက်လိုအပ် သည့် မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး မွေးမြူရေးလုပ်ငန်းများကို စနစ် တကျဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်ကြောင်း၊ ထို့ကြောင့် လားရှိုးဒေသတွင် စက်မှုဇုန်နှင့် မွေးမြူရေး ဇုန်တည်ထောင်နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအနေဖြင့် လည်း မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုတို့နှင့် အတူတကွ လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လို ကြောင်း၊ ဒေသနှင့် ဒေသခံများ၏ အကျိုး၊ နိုင်ငံတော်အကျိုးကို ကြည့်၍  မိမိတို့ တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအလိုက် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ နိုင်ငံတော်နှင့် တပ်မတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူ့စစ်ခေါင်းဆောင်များက ဒေသတွင်း ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အချို့ ဒေသခံများအနေဖြင့် ဒေသစွန့်ခွာတိမ်းရှောင်နေရမှုများ၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရေး နိုင်ငံတော်မှ ပံ့ပိုးကူညီပေးစေလိုမှု၊ ဒေသထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် လွယ်ကူချောမွေ့ စေရေး ကူညီဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေအလိုက် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့ ပူးပေါင်းဆောင် ရွက်လျက်ရှိမှု၊ မုန်းဝန်းဗမာ တိုင်းရင်းသားများ‌ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်နှင့် တပ်မတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးသီးနှံများနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိမှုနှင့် လိုအပ်သည်များကို ဆက် လက် ကူညီဆောင်ရွက်ပေးစေလိုမှုတို့နှင့် ပတ်သက်၍ အသီးသီး တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။         

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြသည့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ အား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ပုံစံတူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဓမ္မလက်ဆောင်အဖြစ်နှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ခဲ့ရာ အသီးသီး လက်ခံရယူခဲ့ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။