လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃)ကျင်းပပြုလုပ်

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃)ကျင်းပပြုလုပ်

(နေပြည်တော် ၂၀၂၃၊ စက်တင်ဘာ ၁၁)

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်း အဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ Online မှ တစ်ဆင့်တက်ရောက်ကြသော အဖွဲ့ဝင်များ စုစုပေါင်း(၄၇)ဦး တက်ရောက်ခဲ့ကြ ပါသည်။

အစည်းအဝေးအား အစီအစဉ်(၉)ရပ်ဖြင့် ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ချမှတ်ထားသော လုပ်ငန်းတာဝန် (၂၁) ရပ်အပြင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၆)၏ ဒုတိယနှစ်ဖြစ်သည့် ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များတစ်ပြိုင်တည်း အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များကို ဌာနဆိုင်ရာများအကြားချိတ်ဆက်ပြီး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်များ အပေါ်မူတည်ကာ ရာနှုန်းပြည့်မီအောင် ဆောင်ရွက်သွားကြရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်စေရန်ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း၊

          လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အကောင်အထည်ဖော်လျက်ရှိရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း အသီးသီးသည် မိမိတို့၏ လုပ်ငန်းတာဝန်များအပြင် သက်ဆိုင်ရာလုပ်ငန်းကော်မတီ အဆင့်ဆင့်အနေဖြင့် ရပ်ကွက်၊ ကျေးရွာများအထိ ထိတွေ့ဆွေးနွေးတိုင်ပင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့ဆောင်ရွက်ပြီးခဲ့သော လုပ်ငန်းများကို ပြန်လည်သုံးသပ်ပြီး ပြောင်းလဲလာသည့် လူကုန်ကူးမှုပုံစံများကို လေ့လာအကဲဖြတ်နိုင်မှသာ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ ကို ချဉ်းကပ်ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း၊

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ လူမှုကွန်ရက်အပါအဝင် နည်းပညာများကို အလွဲသုံးပြီး နိုင်ငံရေး မတည်မငြိမ်ဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးမှုများ ရှိနေပါကြောင်း၊ လူကုန်ကူးမှုအပါအဝင် ပြစ်မှုကျူးလွန်သူများသည် Online မှတစ်ဆင့် ကျူးလွန် လာကြသည်ကို တွေ့မြင်နေရကြောင်း၊ မြန်မာနိုင်ငံသည် Online ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှု ဖြစ်စဉ်များတွင် အဓမ္မစေခိုင်းမှုများကို လတ်တလော ရင်ဆိုင်ကြုံတွေ့ နေရပြီး အခြားနိုင်ငံသားများလည်း အဆိုပါ ဖြစ်စဉ်များတွင် ပါဝင်လာသည့်အတွက် တားဆီးထိန်းချုပ်နိုင်ရန် အလေးအနက်ထား ဆောင်ရွက်ရန်လိုကြောင်း၊

မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဒေသများမှ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရသော နိုင်ငံခြားသားများအား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ သံရုံး များနှင့်အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ဆက်သွယ်မှု လမ်းကြောင်းတို့မှတစ်ဆင့် အကူအညီ တောင်းခံ လာမှုများနှင့်ပတ်သက်၍လည်း ကယ်တင်ရရှိသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊

နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လူကုန်ကူးမှု၊ အတင်းအဓမ္မစေခိုင်းမှု၊ တရားမဝင်နယ်စပ် ဖြတ်ကျော်မှုများနှင့် စပ်လျဉ်းပြီး ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးတွင် သဘောတူညီမှုများအရ မြန်မာ-တရုတ်-ထိုင်း (၃) နိုင်ငံအကြား စစ်ဆင်ရေးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အခြေပြုဆောင်ရွက်ခဲ့ပြီး Online ငွေကြေးလိမ်လည်သည့်လုပ်ငန်း (Online Scam) လုပ်ကိုင်နေမှုများနှင့် ပတ်သက်ပြီး စစ်ဆေးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် အင်တာပိုလ်(INTERPOL)နှင့် အာဖရိကရဲအဖွဲ့ (AFRIPOL)တို့ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ် (Operation FLASH –WEKA) တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊

သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုတွေကို ပြန်လည်သုံးသပ်အကဲဖြတ်ရန် လိုအပ်မှာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် (၅)နှစ် စီမံကိန်းများချမှတ်ပြီး မျှော်မှန်းရလဒ် ပြည့်မီအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အောင်မြင်မှုအကျိုးရလဒ်တစ်ခုရသည်အထိ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  နှစ်စဉ်ရေးဆွဲသည့် လုပ်ငန်းစီမံချက်များအား ကြည့်လျှင် ၂၀၂၂ ခုနှစ်အတွင်းမှာ လုပ်ငန်းစီမံချက် တစ်ခုလုံး၏ ၈၆ % သာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်  လုပ်ငန်းစဉ်အားလုံးကို ရာနှုန်းပြည့်အောင် ဆောင်ရွက်နိုင်ရေးနှင့် အကျိုးရလဒ် ရရှိသည်အထိ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများအကြား အလေးထား ညှိနှိုင်းဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း၊ ယခုလာမည့် ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များအပြင် လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းမည့် နည်းလမ်းများကို ထည့်သွင်းရေး ဆွဲသွားကြရန် လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီးကာကွယ် ရေးဗဟိုအဖွဲ့ဝင်များမှ လူကုန်ကူးမှုတားဆီးကာကွယ် တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို အကြံပြုဆွေးနွေးခဲ့ခြင်း၊ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ခြုံငုံသုံးသပ်ဆွေးနွေးကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ  ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ရာ မြန်မာနိုင်ငံတွင် ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှု ပုံစံသစ်များကို တိုက်ဖျက်ရာ၌ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို အကောင်းဆုံးဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အဖွဲ့ဝင်များ အနေဖြင့် အကျိုးရလဒ်များ ထွက်ပေါ်လာသည်အထိ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။