တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ
နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁၁
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ကျိုင်းတုံမြို့၊ ခရိုင်အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားမျာ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်းလိုက်ဆုရရှိသူများ၊ ဒိုင်းဆုရရှိသော အသင်းနှင့် ဒိုင်အဖွဲ့ဝင်များအတွက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ဩဂုတ် ၂၈ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။