နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွင် နီပေါအသင်းကို မြန်မာအသင်း ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွင် နီပေါအသင်းကို မြန်မာအသင်း ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

 

ရန်ကုန် စက်တင်ဘာ ၁၁

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌  မြန်မာအသင်းနှင့် နီပေါအသင်းတို့ ကစားခဲ့ရာ မြန်မာအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်  မြန်မာအသင်းက ကျော်ဇင်ဖြိုး၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ နန္ဒကျော်၊  လွင်မိုးအောင်၊  အောင်သူ၊ မောင်မောင်လွင်၊ ဝေလင်းအောင်၊ ဆွမ်လမန်၊ ရန်နိုင်ဦးနှင့် ဟိန်းဇေယျာလင်းအစရှိသည့် အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက် လာခဲ့သည်။

အဆိုပါပွဲစဉ်တွင်  နှစ်သင်းစလုံး ပွဲစကတည်းက အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး နှစ်သင်းစလုံး ဂိုးသွင်းခွင့်အချို့ ရရှိခဲ့သော်လည်း တိုက်စစ် ကစားသမားများ အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့်  ပထမပိုင်းတွင် ဂိုးမရှိသရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန် တွင် နှစ်သင်းစလုံး ပိုမိုတိုက်စစ်မြှင့် ဖိအား ပေးကစားလာခဲ့ပြီး ပွဲချိန် ၈၆ မိနစ်တွင် ဝင်းနိုင်ထွန်းက  မြန်မာအသင်းအတွက် ဦးဆောင်ဂိုး   သွင်းယူပေးနိုင်ခဲ့သည်။

ဆက်လက်ပြီး လက်ကျန်ပွဲချိန်များတွင် နီပေါအသင်းက ချေပဂိုးအတွက် ပြန်လည် ဖိအားပေးခဲ့သော်လည်း ဂိုးသွင်း ယူနိုင်ခြင်း မရှိသည့်အတွက် ပွဲပြီးဆုံးချိန်တွင် မြန်မာ အသင်းက နီပေါအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းနှင့်  နီပေါအသင်းတို့ သည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲ ပထမပွဲစဉ်အဖြစ် စက်တင်ဘာ ၈ ရက်က ကစားခဲ့ရာ ဂိုးမရှိ သရေလဒ်ထွက်ပေါ်ခဲ့ပြီး  ဒုတိယပွဲစဉ်တွင် မြန်မာအသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။