မန်ယူအသင်း၏ ကြွေးမြီပမာဏ စတာလင်ပေါင် တစ်ဘီလီယံကျော်အထိ ရှိလာခဲ့သည့်အတွက် အသင်းပရိသတ်များက ပိုင်ရှင်ဂလေဇာ မိသားစုကို ပြင်းပြင်းထန်ထန် ကန့်ကွက်
မန်ယူအသင်း၏ ကြွေးမြီပမာဏမှာ စတာလင်ပေါင် တစ်ဘီလီယံကျော်အထိ ရှိလာခဲ့သည့်အတွက် အသင်းပရိသတ်များက အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ပြင်းပြင်းထန်ထန် ကန့်ကွက်လျက် ရှိကြောင်း သိရသည်။
လက်ရှိမန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် ၂၀၁၅ ခုနှစ်က မန်ယူအသင်းကို ၎င်းတို့ကိုယ်ပိုင် ငွေကြေးဖြင့် ဝယ်ယူခြင်း မဟုတ်ဘဲ ဘဏ်ချေးငွေဖြင့် ဝယ်ယူထားသည့်အတွက် အသင်း၏ကြွေးမြီမှာ ၎င်းတို့ ပိုင်ဆိုင်ပြီးနောက် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး နောက်ဆုံးထုတ်ပြန်ထားသည့် အသင်းဘဏ္ဍာရေး စာရင်းများအရ အသားတင်ကြွေးမြီမှာ စတာလင်ပေါင် တစ်ဘီလီယံကျော်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ဂလေဇာမိသားစုသည် မန်ယူအသင်းကို ပိုင်ဆိုင်ပြီးနောက် အသင်းရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ် အများစုကို ၎င်းတို့ပိုင်ဆိုင်မှုအဖြစ် အသုံးပြုခဲ့သည့် အတွက် အသင်းပရိသတ်များက အစောပိုင်းကတည်းက ကန့်ကွက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဂလေဇာမိသားစုက မန်ယူအသင်းကို ပြန်လည် ရောင်းချမည်ဟု ကြေညာပြီးနောက် ကာတာစော်ဘွား ရှိတ်ဂျာဆန်က စတာလင်ပေါင် ခြောက်ဘီလီယံအထိ ပေးပြီး ကမ်းလှမ်းခဲ့သော်လည်း ဂလေဇာမိသားစုက စတာလင်ပေါင် ၁၀ ဘီလီယံအထိ အလိုရှိနေကြောင်း သိရသည်။