လားရှိုးမြို့၊ နမ့်လန်မြို့နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်

လားရှိုးမြို့၊ နမ့်လန်မြို့နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်

 

နေပြည်တော်၊၂၀၂၃ စက်တင်ဘာ - ၁၂

          တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံဆေးကုသရေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

    ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး မြို့ရှိ ဟော်တော်ကျောင်းတိုက်နှင့် နမ့်လန်မြို့ရှိ ထမ်းဟိုစန့် ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော် ၂၂ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၁၆ ပါးနှင့် ဒေသခံပြည်သူ ၁၈ ဦးတို့ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်းတိုက် အသီးသီး၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၁)ရပ်ကွက်ရှိ ဓမ္မာစရိယတက္ကသိုလ် အလိုတော်ပြည့်ကျောင်းတိုက်မှ စာချစာသင် သံဃာတော် ၁၆၀ ပါး၊ ရှင်သာမဏေ ၂၀၀ ပါးနှင့် ဒေသခံပြည်သူ ၁၀ ဦးတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၌ လည်းကောင်း ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးသည်။

    ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။