လူကုန်ကူးမှုပပျောက်ဖို့ ဝိုင်းဝန်းပူးပေါင်းတိုက်ဖျက်စို့
(မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ဂုဏ်ပြုဆောင်းပါး)
ယနေ့ကမ္ဘာတွင် လူကုန်ကူးမှုပြဿနာသည် တစ်နေ့တခြား လျင်မြန်ကြီးထွားနေပြီး ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံစုစည်း လှုပ်ရှားမှုဖြစ်စဉ် ဂလိုဘယ်လိုက်ဇေးရှင်း ပြဿနာအသွင်ဆောင်လာသည်။ လူကုန်ကူးမှုသည် အကြီးကျယ်ဆုံးသော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ဖြစ်ပြီး ပြစ်မှုဆိုင်ရာအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိသော်လည်း သမားရိုးကျမဟုတ်ဘဲ ရှုပ်ထွေးလှသဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းရသည်။ မည်သို့ပင်ဆိုစေ ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့်အညီ “ လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ်” နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် လူကုန်ကူးမှုပြဿနာအဖြစ် အများဆုံးနိုင်ငံများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ သဘောသဘာဝအတိုင်း အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ဝင်ငွေနည်းပါးမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုအစရှိသည့် ဘဝရပ်တည်ရန် ခက်ခဲစေသော အကြောင်းရင်းများကြောင့် လူကုန်ကူး ခံကြရသည်။
ထိုနည်းတူစွာ လူကုန်ကူးခံရသူတို့၏ တရားမဝင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်လိုမှု၊ စဉ်းစားဆင်ခြင်ဉာဏ်နည်းပါးမှု၊ ယုံကြည်လွယ်မှု၊ ဆင်းရဲမှုဒဏ် မခံနိုင်မှု၊ မက်လုံးပေးခြင်းအပေါ် အားကျမှု စသည့်အကြောင်းအချက်များကလည်း လူကုန်ကူး ခံရလွယ်ကူစေသည်။
မြန်မာနိုင်ငံသည် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ၁၉၉၇ ခုနှစ်ကတည်းက “အမျိုးသားရေး တာဝန်” တစ်ရပ်အဖြစ် ချမှတ်ကျင့်သုံးခဲ့သည်။ သို့ရာတွင် အခြားကမ္ဘာ့ ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ လူကုန်ကူးမှု ပြဿနာများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ ပို့ဆောင်၍ ဆက်စပ်ဖြစ်ပွားသည့် အဓမ္မလက်ထပ်ထိမ်းမြားမှု၊ ထိုင်းနိုင်ငံသို့ ပို့ဆောင်၍ ဆက်စပ်ဖြစ်ပွားသည့် လုပ်အားခေါင်းပုံဖြတ်မှုနှင့် အဓမ္မပြည့်တန်ဆာပြုမှု၊ မလေးရှားနိုင်ငံသို့ ပို့ဆောင်၍ ဆက်စပ်ဖြစ်ပွားသည့် အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မ သူတောင်းစားပြုမှု၊ အင်ဒိုနီးရှားနိုင်ငံသို့ ပို့ဆောင်၍ ဆက်စပ်ဖြစ်ပွားသော ပင်လယ်ရေပြင် လုပ်ငန်းများတွင် လုပ်အားခေါင်းပုံဖြတ်မှုများ၊ ပြည်တွင်း၌ဖြစ်ပွားသည့် လုပ်အားခေါင်းပုံဖြတ်မှုနှင့် အဓမ္မပြည့်တန်ဆာပြုမှု စသောလူကုန်ကူးမှု အမျိုးအစားများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံ၏လူကုန်ကူးမှု ပုံစံများကိုလေ့လာလျှင် အဓမ္မအလုပ်ခိုင်းစေမှု၊ အဓမ္မထိမ်းမြားမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းတို့အပြင် ယခုအခါအငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှု ပုံစံအသစ်ကိုတွေ့ရှိလာရသည်။ လူကုန်ကူးခံရသူများသည် ပြစ်မှုကျူးလွန်သူအပေါ် ကျေးဇူးရှင်သဖွယ် တလွဲထင်မြင်ပြီး ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကလည်း လူကုန်ကူးသူများအဖို့ အခွင့်အလမ်းသဖွယ်ဖြစ်သည်။ လက်ရှိခေတ်သစ် ကျေးကျွန်စနစ်၏ ဒြပ်မဲ့နှောင်ကြိုးဖြင့် ချည်နှောင်ထားရှိမှု အတွက်လည်း လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ထည့်သွင်းတွက်ချက်ရန် လိုအပ်လာသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နောက်ဆက်တွဲစာချုပ်နှင့် လူမှောင်ခို တိုက်ဖျက်ရေးဆိုင်ရာ နောက်ဆက်တွဲ စာချုပ်တို့၌၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးကာ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ကာ ထိုဥပဒေစတင် ထုတ်ပြန်ပြဋ္ဌာန်းလိုက်သည့် စက်တင်ဘာ ၁၃ ရက်ကို “ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ “ အဖြစ်သတ်မှတ်လိုက်သည်။ ဥပဒေပြဋ္ဌာန်းချက်များအရ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းလျက် ထိရောက်စွာ ကာကွယ်တိုက်ဖျက်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်ထိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်းကာ ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ချမှတ်အကောင်အထည် ဖော်လျက်ရှိသည်။
ထိုနည်းတူစွာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလျက် အင်အားတိုးမြှင့် ဆောင်ရွက်နေသလို လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းရေးဆွဲပြီး ကဏ္ဍပေါင်းစုံပါဝင်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ငါးနှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် နှစ်အလိုက်တိကျစွာ ရေးဆွဲချမှတ်ထားသော ရည်မှန်းချက်အတိုင်း ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေး ဆိုသည့် ကဏ္ဍလေးရပ်နှင့်အညီ အကောင်အထည် ဖော်လျက်ရှိသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ လူကုန်ကူးခံရသူများကိုလည်း လူသားချင်း စာနာစိတ်ဖြင့် ပြန်လည်ထူထောင်ပေးခြင်း၊ ကူညီပံ့ပိုးပေးခြင်း၊ ဘဝရပ်တည်မှု အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖြန့်ဝေပေးခြင်းတို့ကို ထိရောက်စွာလုပ်ဆောင်ပေးရပေမည်။ လူကုန်ကူးခြင်းသည် လူမှောင်ခိုကူးခြင်းမှ တစ်ဆင့်ပေါ်ပေါက်လာရခြင်းဖြစ်သည်။ လူမှောင်ခိုကူးခြင်းဟူသည် ရွှေ့ပြောင်းသွားလာမှုအပေါ် အခကြေးငွေ၊ အကျိုးအမြတ်ရယူခြင်းမှ အစပြုပြီး တစ်နေရာမှ တစ်နေရာ သို့မဟုတ် တစ်နိုင်ငံမှ တစ်နိုင်ငံသွားလိုရာအရပ်အား မူတည်၍ ပို့ဆောင်ပေးခြင်းဖြစ်သည်။
ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်မပါသေးပေ။ ရွှေ့ပြောင်းသွားလာသူတို့ လိုရာအရပ်သို့ရောက်လျှင် လူမှောင်ခိုကူးခြင်း ကိစ္စပြီးမြောက်သည်။ ထိုအဆင့်တွင် အမြင်မှန်ရသူများ ထွက်ပြေးလွတ်မြောက်ခြင်းဖြင့် လူကုန်ကူးမှုအန္တရာယ်မှ လွတ်ကင်းချမ်းသာသူများလည်း ရှိသည်။
ကုလသမဂ္ဂ၏မှတ်တမ်းများအရ ကမ္ဘာနှင့်အဝှမ်း လူကုန်ကူးခံရသူများ၏ ၅၆ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှဒေသမှဖြစ်ပြီၤး လူကုန်ကူးခံရသူပေါင်း ၁ ဒသမ ၄ သန်းခန့်ရှိသည်ဟု သိရသည်။ အများစုမှာ အသက် ၁၈ နှစ်မှ ၂၄ နှစ်အထိရှိသူများဖြစ်ပြီး ၉၈ ရာခိုင်နှုန်းမှာ မိန်းကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြသည်။
ထိုကဲ့သို့လူကုန်ကူးမှု အားကောင်းစေရေးအတွက် ပံ့ပိုးလျက်ရှိသော အကြောင်းရင်းများမှာ အဂတိလိုက်စားခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာမှုလွယ်ကူခြင်း၊ ကြွေးမြီမဆပ်နိုင်ခြင်း၊ အခြေခံစာ မတတ်မြောက်ခြင်း၊ ရွှေ့ပြောင်းအလုပ်အကိုင်နှင့် ပတ်သက်၍အန္တရာယ် ကြီးမားပုံကိုမသိရှိခြင်း၊ လူကုန်ကူးသူတို့ အချိတ်အဆက် မိမိ၊ အလွယ်ကူဆုံးနှင့် အမြတ်အစွန်းများများ ရရှိခြင်းတို့ကြောင့်ဖြစ်သည်။
လက်ရှိကာလတွင် ကမ္ဘာ့နိုင်ငံများက လူကုန်ကူးမှုများအား နိုင်ငံဖြတ်ကျော်မှုခင်း အမျိုးအစားတစ်ရပ်အဖြစ် လက်ခံထားကြပြီး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း အားထုတ်တားဆီး ကာကွယ်နေကြသော်လည်း ဖြစ်ပွားမှု မြင့်မားနေဆဲပင်ဖြစ်ပါသည်။
လူကုန်ကူးမှုများ၊ လူကုန်ကူးခံရသူများနှင့် စပ်လျဉ်း၍ (၂၄) နာရီ သတင်းပေးတိုင်ကြားနိုင်သည့် Hot Line ဖုန်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မူဆယ် တို့တွင် တပ်ဆင်ခဲ့ပြီး လူကုန်ကူးမှုများကို အချိန်နှင့် တစ်ပြေးညီ ဖော်ထုတ်ခြင်း၊ အရေးယူခြင်းနှင့် ကယ်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ရွှေ့ပြောင်းသွားလာမည့် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား သတင်းအချက်အလက်များ မျှဝေနိုင်ရန်နှင့် အသိပညာပေးနိုင်ရန် ရွှေ့ပြောင်း လုပ်သားများအား ထောက်ပံ့ကူညီပေးရေးဆိုင်ရာ ဗဟိုဌာနများ ဖွင့်လှစ်ပြီး အသိပညာများ မျှဝေဖလှယ် ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံသည် ဒေသတွင်း လူကုန်ကူးမှု၏ မူရင်းအစနေရာဖြစ်ခြင်း၊ နစ်နာမှုများပြားခြင်းတို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူသားချင်းစာနာစိတ်ဖြင့် ပူးပေါင်းပါဝင် တိုက်ဖျက်ရေးမှာ အဓိကကျသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးသည် လုပ်ငန်းစဉ်အားဖြင့် သက်ဆိုင်ရာအစိုးရ၊ ဝန်ထမ်းအဖွဲ့အစည်းများက ဆောင်ရွက်ရမည်ဆိုသော်လည်း နိုင်ငံသူ၊ နိုင်ငံသားအားလုံးက အသိ၊ သတိရှိစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အသိပညာ ဗဟုသုတဖြန့်ဝေခြင်း၊ နေရာတစ်ခုမှ တစ်ခုသို့သွားရောက်ရာတွင် ဆက်သွယ်ရမည့်သူ၊ ဖုန်းနံပါတ်၊ လိပ်စာ၊ မိမိနေထိုင် လုပ်ကိုင်ရမည့် အလုပ်အကိုင်နှင့်နေရာ၊ လုပ်ခလစာနှင့် ခံစားခွင့်၊ အလုပ်သဘောတူ စာချုပ်များအပေါ် အထူးသတိရှိပြီး မြန်မာဘာသာ အပါအဝင် မိမိတို့နားလည်သော ဘာသာဖြင့်သာ ရေးသားချုပ်ဆိုရေး ဂရုပြုအပ်သည်။
မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့်အပြင် အာဆီယံဒေသ၊ မဲခေါင်မြစ်ဝှမ်းဒေသ လူကုန်ကူးမှုတိုက်ဖျက်ရေး စီမံကိန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါအရေးပေါ် ခေါ်ဆိုနိုင်သည့် တယ်လီဖုန်းစနစ် ထားရှိပြီးဖြစ်သဖြင့် လူကုန်ကူးမှု ပြဿနာကြုံတွေ့ရသူ သို့မဟုတ် ပြဿနာရပ်ကို ခရေစေ့တွင်းကျသိသော ပြည်သူများအနေဖြင့် ထိုတယ်လီဖုန်း နံပါတ်များမှတစ်ဆင့် သက်ဆိုင်ရာသို့ တာဝန်သိစွာ သတင်းပေးတိုင်ကြားခြင်းဖြင့် ပါဝင်ပူးပေါင်းကူညီရာရောက်သည်။
လူကုန်ကူးမှုခံရသူ ဗဟိုပြုသည့် စုံစမ်းစစ်ဆေးခြင်းနှင့် လူကုန်ကူးခံရသူဟုတ်၊ မဟုတ်စိစစ်ခြင်း၊ လူကုန်ကူးခံရသူများအား အပြည့်အဝ အကာအကွယ် စောင့်ရှောက်မှုပေးခြင်းတို့ဖြင့် လူကုန်ကူးခံရမှုများ လျော့နည်းကျဆင်းစေရေး ထိန်းချုပ်နိုင်ရန်လိုသည်။ ၂၀၂၃ ခုနှစ် ဧကာဒသမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ကို “လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှု ရရှိဖို့ဆောင်ရွက်ကြပါစို့”ဟု သတ်မှတ်ထားသည်။
အချုပ်အားဖြင့်ဆိုရသော် လူကုန်ကူးမှု ကာကွယ်တိုက်ဖျက်ရေးတွင် အဓိကကျသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် လူမှုစီးပွား ဖွံ့ဖြိုးရေးတို့တွင် ပြည်သူများအနေဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်လျက် လုံခြုံမှုဂရုပြုရန်၊ အသိအမြင်ကြွယ်ဝရန်၊ တွေးခေါ်မြော်မြင်တတ်ရန်နှင့် အယုံမလွယ်ရန်တို့ အတွက် အစဉ်အမြဲ ကြိုးစားအားထုတ်နေရမည် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်(၄) ရပ်ဖြစ်သော လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်တို့ အောင်မြင်ရေးအတွက် ကြိုးပမ်း အကောင်အထည်ဖော်ကြရေး လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
လင်းအာရုဏ်ဦး(ပဲခူး)