၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတင်ကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၂
အလေးမအားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ စတင် ကျင်းပသည်။
ယနေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲပထမနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/ အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး ၄၅ ကီလိုတန်း ပြိုင်ပွဲတွင် မယဉ်ယဉ်ထွေး(ပဲခူး)က ပထမ၊ မချိုဇင်မြင့်(မကွေး)က ဒုတိယ၊ မခိုင်သဇင်အောင်(ဧရာဝတီ) က တတိယနှင့် အမျိုးသား ၅၅ ကီလိုပြိုင်ပွဲတွင် မောင်ထက်အာကာဖြိုး (မကွေး)က ပထမ၊ မောင်ပြည့်စုံဦး(ဧရာဝတီ)က ဒုတိယနှင့် မောင်မျိုးမင်းထက်(ဧရာဝတီ)က တတိယ အသီးသီး ရရှိခဲ့ကြပြီး မောင်ထက်အာကာဖြိုး(မကွေး)သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲသတ်မှတ်စံချိန် ၉၅ ကီလိုကို ၉၆ ကီလိုဖြင့် အမြန်မစံချိန်သစ် တင်နိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယ ဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး ၄၉ ကီလိုပြိုင်ပွဲ၊ အမျိုးသား ၆၁ ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး ၅၅ ကီလိုပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ် နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၁ သင်း၊ ပြိုင်ပွဲဝင် အင်အားစုစုပေါင်း ၁၇၂ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။
ကျော်လွင်