စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ရန်
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့သည် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်သည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယခုနှစ်အတွက် လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့ဟူ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ပုဒ် သတ်မှတ်ထားသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ရည်ရွယ်ချက်(၄)ရပ်ကိုလည်း ချမှတ်ပေးထားသည်။ ယင်းတို့မှာ
၁။ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်။
၂။ လူကုန်ကူးမှုဆိုင်ရာအသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်။
၃။ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်။
၄။ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်တို့ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၄၁/၂၀၂၂ ဖြင့်ထုတ်ပြန်ထားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဥပဒေ၏ပုဒ်မ ၃။ ပုဒ်မခွဲ(ခ)တွင် လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားပုဂ္ဂိုလ်တစ်ဦးဦးကို ထိုသူ၏သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်မှုပြုရန် အလို့ငှာ အောက်ပါနည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍ ထိုသူကိုသိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကိုဆိုသည်-(၁)ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ (၂)သွေးဆောင်ခေါ်ယူခြင်း၊ (၃)လိမ်လည်ခြင်း၊ (၄)လှည့်ဖြားခြင်း၊ (၅)လုပ်ပိုင်ခွင့် သို့မဟုတ် အခွင့်အာဏာကိုအလွဲသုံးစားပြုခြင်း၊ (၆)ဘဝရပ်တည်ရန် ခက်ခဲနေသောအခြေအနေကို အခွင့်ကောင်းယူ၍အလွဲသုံးစားပြုခြင်း၊ (၇) ထိုသူအပေါ်ချုပ်ကိုင်နိုင်သူ သို့မဟုတ် တစ်နည်းနည်း လွှမ်းမိုးနိုင်သူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ် တစ်စုံတစ်ရာကိုပေးခြင်း သို့မဟုတ် လက်ခံခြင်းဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် လူကုန်ကူးမှုများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကျယ်ကျယ် ပြန့်ပြန့်ထိရောက်စွာတားဆီးနှိမ်နင်းခြင်း၊ လူကုန်ကူးခံရသူအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်း၊ အထူးသဖြင့် လူကုန်ကူးခံရသူအမျိုးသမီးနှင့်ကလေးသူငယ်များအား အလေးဂရုပြု၍ကာကွယ်ခြင်းနှင့် အကူအညီပေးခြင်း၊ လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိုက်သင့်သော ပြစ်ဒဏ်များချမှတ်ခြင်းဖြင့် လူကုန်ကူးမှုများလျော့နည်းပပျောက်စေခြင်း၊ လူကုန်ကူးခံရသူများအား လူမှုအသိုင်းအဝိုင်း အတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး လုပ်ငန်းများကိုထိရောက်စွာ ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်ကလက်ခံထားသော အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ ဒေသတွင်းနိုင်ငံများ၊ ဒေသခွဲတွင်းချုပ်ဆိုထားသည့် စာချုပ်များ၊ နှစ်နိုင်ငံသဘောတူစာချုပ်များနှင့်အညီ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများနှင့်လည်းကောင်းဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။
လူကုန်ကူးမှုသည် လူလူချင်းခေါင်းပုံဖြတ်ခြင်းတစ်မျိုးဖြစ်သည်။ လူရည်လည်လွန်းသူများက ရိုးသားစွာနေထိုင် စားသောက်လိုသူများအပေါ် မက်လုံးတစ်ခုခုပေး၍ဆွဲဆောင်စည်းရုံးကာ လူကုန်ကူးမှုကို စတင်ခြင်း ဖြစ်သည်။ အထူးသဖြင့် လူမှုရေးအခက်အခဲရှိသူများ၊ အလုပ်အကိုင်ရှာဖွေနေသူများ၊ ငွေကြေးမပြည့်စုံသူများ၊ မိဘမဲ့နေသူများမှာ လူကုန်ကူးမည့်သူများ၏ပစ်မှတ်များဖြစ်သည်။ လူကုန်ကူးသူတရားခံများကို ဖမ်းဆီးရမိလျှင် ထိုက်တန်သောပြစ်မှုများချမှတ်လျက်ရှိသော်လည်း လူကုန်ကူးမှုများမှာလုံးဝပပျောက်သည့် အနေအထားသို့မရောက်ရှိသေးပေ။ အချို့သောလူကုန်ကူးသူနှင့် လူကုန်ကူးခံရသူများတွင် ဆွေမျိုးတော်စပ်သူများ ပါဝင်နေသည်။
လူကုန်ကူးခံရသူများ၏အဓိကအားနည်းချက်ကိုလေ့လာကြည့်သည့်အခါ ပညာအရည်အချင်းနည်းပါးသူများကိုအများဆုံးတွေ့မြင်ရသည်။ ပညာမတတ်သောအခါ၊ စာမဖတ်သောအခါ အသိဉာဏ်ဗဟုသုတနည်းပါးလာသည်။ လူကုန်ကူးလိုသူများက မစားရဝခမန်းပြောကြားလာသည်ကို လက်ခံယုံကြည်လာသည်။ အလုပ်အကိုင်ငွေကြေးများစွာရလိမ့်မည်ဟူသောအထင်ဖြင့် လူကုန်ကူးသူများ၏ ခေါ်ဆောင်ရာသို့ လိုက်ပါသွားတတ်ကြသည်။ ပြည်တွင်းတစ်နေရာရာ သို့မဟုတ် တစ်ဖက်နိုင်ငံတစ်ခုခုသို့ ရောက်ရှိသွားပြီး လက်တွေ့လုပ်ငန်းခွင်ဝင်ရသည့်အခါမှသာ အထင်နှင့်အမြင်တက် တက်စင်လွဲနေကြောင်း သိသွားကြသည်။
ထို့ကြောင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့် သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင် စနစ်တကျပိုက်စိပ်တိုက်ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်ကာ လူကုန်ကူးခံရသူများကို ပြန်လည်ကယ်တင် ပေးခဲ့ကြရသည်။ အထက်တွင်ဖော်ပြခဲ့သော ရည်ရွယ်ချက်(၄)ရပ်အောင်မြင်ရန်မှာ ပြည်သူတစ်ရပ်လုံးကလည်း စာနာနားလည်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။ သို့မှသာမိမိတို့ နိုင်ငံတွင် လူကုန်ကူးခံရသူများ လျော့နည်းပပျောက်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။