ကျိုင်းတုံမြို့နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ကျိုင်းတုံမြို့နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊၂၀၂၃ စက်တင်ဘာ - ၁၃

          တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံဆေးကုသရေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက် တန်းကျောင်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၄၀၁ ဦးတို့ကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း များရှိ သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်ရှိ သံတောင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၁၇ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၁၁ ပါးနှင့် ဒေသခံပြည်သူ ၁၁၂ ဦးတို့ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ သာမဏေကျော်တောရ လယ်တီဝိပဿနာရိပ်သာ၌လည်းကောင်း အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊  သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်း၊ သွေးအုပ်စုများ စစ်ဆေးပေးခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။