ဖြူစင်မွန်မြတ်သည့်အလုပ်

ဖြူစင်မွန်မြတ်သည့်အလုပ်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်စေရန်နှင့်   ရာသီဥတုကိုအထောက်အကူဖြစ်စေရန်၊  အရိပ် အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားအတွက်    တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ၂၀၁၁ ခုနှစ်မှ စ၍ နှစ်စဉ်မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိသည်။ ၂၀၂၃ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို စက်တင်ဘာ  ၇ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင်  အားလုံးပျော်ရွှင်တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည်ကို  တွေ့မြင် ရသည်မှာ ဝမ်းမြောက်ကြည်နူးဖွယ်ကောင်းလှသည်။ သစ်ပင်သစ်တောပြုန်းတီးခြင်းကြောင့် ကမ္ဘာကြီးမှာ  တဖြည်းဖြည်း ပိုမိုပူနွေးလာနေသည်။ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းကျရောက်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို လူသားများရင်ဆိုင် တွေ့ကြုံခံစားနေကြရသည်။ ထို့ပြင်အခြားသော သက်ရှိများဖြစ်သည့် တောတွင်းတိရစ္ဆာန်များသည်လည်း တဖြည်းဖြည်းမျိုးသုဉ်း လျော့ပါးလာနေသည်ကို တွေ့ရှိရသည်။ ဤသည်မှာ သက်ရှိများနှင့်သဘာဝတရား၏ ဂေဟစနစ်များ တစ်စ တစ်စကွာဟလာသည့် ဆိုးရွားမှုများ၏ အကျိုးဆက်များပင်ဖြစ်သည်။

သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်၊ သက်ရှိများ၏ ဂေဟစနစ်နှင့် လူနေမှုစနစ်တို့ အပေါ်တွင် များစွာ အကျိုးသက်ရောက်မှုရှိသည်။ သစ်တောသစ်ပင်များကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင်   ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသကဲ့သို့   ပြန်လည်စိုက်ပျိုးကြရန်လည်း လိုအပ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သလောက်သာထုတ်ယူသုံးစွဲခြင်း၊ ပြန်လည် စိုက်ပျိုးမှုများကို ပြုလုပ်ခြင်းဖြင့် ပြည်သူတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်ထိန်းသိမ်းခြင်းတို့ကို ဟန်ချက်ညီဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

သစ်တောသစ်ပင်များကို  စနစ်တကျထုတ်ယူသုံးစွဲမှုမရှိဘဲ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းကြောင့် ရာသီဥတု ပြောင်းလဲမှုများကို ကြုံတွေ့ရမည်ဖြစ်သည်။ ယခင် နေပြည်တော်ဒေသ၏ရာသီဥတုသည် ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှအပူချိန် ၂၆ ဒသမ ၉၇ ဒီဂရီစင်တီဂရိတ်ခန့်သာရှိခဲ့ရာ ယခုအချိန်တွင် ပျမ်းမျှအပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ တိုးမြင့်လာသည်ကို တွေ့ရှိရသည်။  ထို့ကြောင့်တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးမှုများကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ မြေအောက်ရေခန်းခြောက်ခြင်း၊ မြစ်များကျဉ်းမြောင်းတိမ်ကော ခြင်းများဖြစ်လာသည်။ သက်ရှိအားလုံး အသက်ရှင်ရပ်တည်နိုင်ရေး ရေအခက်အခဲများရှိလာသည်ကို တွေ့ရှိရမည်ဖြစ်သည်။ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေး၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးတို့ အတွက် စနစ်တကျဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။

ယခုကဲ့သို့    သစ်ပင်စိုက်ပျိုးပွဲများပြုလုပ်ခြင်းသည် လူသားဆန်ပြီး အင်မတန်မွန်မြတ်သည့် လုပ်ဆောင်ချက် ဖြစ်သောကြောင့် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားကို ကြည့်မည်ဆိုပါက  သက်ရှိလူသားတစ်ယောက်အတွက် ပကတိအားဖြင့် ပြီးပြည့်စုံသည့်လိုတရပဒေသာပင် ပေါက်ရာရပ်ဝန်း တစ်ခုဟု ဆိုနိုင်ပေမည်။ နိုင်ငံ၏ တည်ရှိနေပုံကို ကြည့်ပါက နိုင်ငံ၏အနောက်ဘက်၊ မြောက် ဘက်နှင့်အရှေ့ဘက်တို့တွင် မြင့်မားသည့် တောင်တန်းကြီး များရှိသကဲ့သို့ ယင်းတောင်တန်းများအပေါ်တွင် သစ်တောသစ်ပင်များ များစွာပေါက်ရောက်နေရာယူထားကြသည်။ ထို့ပြင် အနောက်ရိုးမတောင်တန်း ကြီးနှင့် အရှေ့ရိုးမတို့ကြားတွင် ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်းမြစ်တို့နှင့်ယှဉ်ပြီး ပုံတောင်ပုံညာရိုး၊ အလယ်ရိုးမ(မင်းဝံတောင်ရိုး)နှင့် ရှမ်းကုန်းပြင်မြင့်တို့ရှိသည်။

အဆိုပါတောင်ရိုး၊ တောင်တန်းများတွင်လည်း သစ်တောကြီးများဖြင့် ဖုံးအုပ်လျက်ရှိသည်။ အဆိုပါ  သစ်တောများကို စနစ်တကျ အသုံးပြုနိုင်မှသာ အကျိုးရှိနိုင်မည်ဖြစ်သည်။ သစ်တောများထူထပ်ပြီး အဖိုးတန် သစ်တောများရှိသည့် မြန်မာနိုင်ငံကို နယ်ချဲ့များက မတရားကျူးကျော်မှုများ ပြုလုပ်ခဲ့ကြပြီး အတိုင်းအဆမရှိ သစ်တောများကို ခုတ်လှဲယူခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံ ဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့သဖြင့် သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းသည် ၄၂ ရာခိုင်နှုန်း ခန့်အထိ ကျဆင်းလာခဲ့သည်။

သစ်ပင်၊ သစ်တောဟူသည်မှာ သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးစေနိုင်သည့် စွမ်းပကားများ ရှိသကဲ့သို့   လူသားများ၏ လုပ်ဆောင်ဖန်တီးမှုများဖြင့်လည်း ပြန်လည်ဖြည့်တင်းပေးနိုင်သည့် အရာဖြစ်သည်။  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏၂၀၂၃ ခုနှစ် စတုတ္ထအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင်များ၊ မန်ဂျန်ရှားပင်များ၊ ပိတောက်ပင်များ စုစုပေါင်း ၃၅၂၈ ပင်စိုက်ပျိုးခဲ့သည်။၂၀၁၁ ခုနှစ်မှ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ်အထိ(၃၉)ကြိမ် ကျင်းပခဲ့ပြီး စုစုပေါင်း ၁၉၄၀၀၁ ပင်စိုက်ပျိုးခဲ့ပြီး ဖြစ်သည်။  သစ်ပင်စိုက်ပျိုးခြင်းမှာ  မွန်မြတ်သောအလုပ် ဖြစ်သည့်အတွက်  ဂုဏ်ယူဖွယ် ကောင်းလှပါကြောင်း ရေးသားလိုက်ရပေသည်။   ။