လိုင်ယွန်အသင်းက လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် နာပိုလီအသင်းနှင့် ဗလင်စီယာ အသင်းနည်းပြဟောင်း ဂက်စ်တူဆိုကိုခန့်အပ်နိုင်ရန် နီးစပ်နေ
ပဲရစ်၊ ဘောလုံး
လိုင်ယွန်အသင်းက လစ်လပ်နေသည့်အသင်း နည်းပြရာထူးအတွက် နာပိုလီအသင်းနှင့် ဗလင်စီယာ အသင်းနည်းပြဟောင်း ဂက်စ်တူဆိုကို ခန့်အပ်နိုင်ရန် နီးစပ်နေကြောင်း သိရသည်။
လိုင်ယွန်အသင်းသည် ယခုဘောလုံးရာသီတွင် ရလဒ်များဆက်တိုက် ဆိုးရွားနေသည့်အတွက် ပြီးခဲ့ သည့်ရက်ပိုင်းက နည်းပြလော်ရန်ဘလန့်ကို စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသော်လည်း စာချုပ် ဖျက်သိမ်းကာ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
အသက် ၄၅ နှစ်အရွယ် နည်းပြဂက်စ်တူဆိုသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝတွင် အီတလီ အသင်း၊ အေစီမီလန်အသင်းတို့နှင့် အောင်မြင်မှု များစွာရယူနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အပြီးတိုင်အနားယူခဲ့ခြင်းဖြစ် သည်။
နည်းပြဂက်စ်တူဆိုသည် ပရော်ဖက်ရှင်နယ်ကစား သမားဘဝမှ အနားယူခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်က အီတလီကလပ် ပါးမားအသင်းနှင့်အတူ နည်းပြဘ၀ကို စတင်ခဲ့ကာ ၂၀၁၇ ခုနှစ်က အသင်းဟောင်း အေစီမီလန်အသင်းကို စတင်တာဝန်ယူခဲ့သည်။ ထို့နောက် ဖီအိုရင်တီးနားအသင်း၊ နာပိုလီအသင်းနှင့် ဗလင်စီယာအသင်းတို့သို့ အဆင့်ဆင့်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲ့သည့်ဇန်နဝါရီလက ဗလင်စီယာအသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ကလပ် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။
လိုင်ယွန်အသင်းက အစောပိုင်းက နည်းပြသစ်အဖြစ် ချယ်လ်ဆီးအသင်းနှင့်လမ်းခွဲပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် နည်းပြဂရေ ဟမ်ပေါ်တာကိုခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း နည်းပြ ဂရေဟမ်ပေါ်တာက ငြင်းပယ်ခဲ့သည့်အတွက် ဂက်စ်တူဆိုကို ခန့်အပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ဂက်စ်တူဆိုကလည်း လိုင်ယွန်အသင်းနည်းပြ သစ်အဖြစ် တာဝန်ယူလိုနေသည့်အတွက် နှစ်ဖက် သဘောတူညီမှုရရှိထားပြီး ဂက်စ်တူဆိုက မကြာမီ ပူးပေါင်းဖွယ်ရှိကြောင်း သိရသည်။
Ref;90Min