မန်စီးတီးအသင်းက ဝါရင့်တောင်ပံခံစစ်ကစားသမား ကိုင်လီဝေါ်ကာကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း ကြေညာ
မန်စီးတီးအသင်းက အသင်းမှ ဝါရင့်တောင်ပံခံစစ် ကစားသမား ကိုင်လီဝေါ်ကာကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်ဟု အတည်ပြုကြေညာကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ် ကိုင်လီဝေါ်ကာသည် ၂၀၁၇ ခုနှစ်က စပါးအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် နည်းပြဂွါဒီယိုလာ၏ လက်အောက် ဘောလုံးရာသီတိုင်းတွင် အဓိကပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သူဖြစ်သည်။
သို့သော် ပြီးခဲ့သည့်ဘောလုံးရာသီကုန်ခါနီးပွဲစဉ် တချို့တွင် ကိုင်လီဝေါ်ကာအနေဖြင့် ပွဲထွက်ကစားခွင့် မရရှိသကဲ့သို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကစားသည့် မန်စီးတီးအသင်းနှင့် အင်တာမီလန်အသင်းတို့ ပွဲစဉ်တွင်လည်း ပွဲထွက်ကစားခွင့် မရရှိသည့်အတွက် ၎င်းအနေဖြင့် ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက အသင်းမှထွက်ခွာရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ကိုင်လီဝေါ်ကာသည် အသင်းနှင့်စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသော်လည်း ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းခဲ့ရာ အပြောင်းအရွှေ့ဖြစ်မြောက်ရန် နီးစပ်ခဲ့သော်လည်း နောက်ပိုင်းတွင် နည်းပြဂွါဒီယိုလာနှင့် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် မန်စီးတီးအသင်းတွင်သာ ဆက်လက်ကစားရန် ဆုံးဖြတ်ပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref;Sky Sports