လိုင်ယွန်အသင်းက လစ်လပ်နေသည့်အသင်းနည်းပြရာထူးအတွက် အသင်းကစားသမားဟောင်း ဂရော့ဆိုကို ခန့်အပ်ကြောင်း အတည်ပြုကြေညာ
ပြင်သစ်လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းက လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် အသင်းကစားသမားဟောင်း ဂရော့ဆိုကိုခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
လိုင်ယွန်အသင်းသည် ယခုဘောလုံးရာသီတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားနေပြီး အမှတ်ပေးဇယား အောက်ဆုံး၌ ရပ်တည်နေသောကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက လိုင်ယွန်အသင်းက နည်းပြ လော်ရင့်ဘလန့်ကို ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြနေရာလစ်လပ်နေခြင်းဖြစ်သည်။
လိုင်ယွန်အသင်းသည် အစောပိုင်းက လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲခဲ့ပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေသော ဂရေဟမ်ပေါ်တာနှင့် နာပိုလီအသင်းနည်းပြဟောင်း ဂက်တူဆိုတို့ကိုခန့်အပ်ရန် ကမ်းလှမ်းခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့ပြီး ယခုအခါမှသာ ဂရော့ဆိုကို ခန့်အပ်နိုင်ခြင်းဖြစ်သည်။
အသက် ၄၅ နှစ်အရွယ် ဂရော့ဆိုသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝက ပါလာမိုအသင်း၊ အင်တာမီလန်အသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့၌ ကစားခဲ့သူဖြစ်ပြီး လိုင်ယွန်အသင်း၌လည်း ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့သူဖြစ်ကာ ၂၀၁၂ ခုနှစ်က ဂျူဗင်တပ်စ်အသင်း၌ နောက်ဆုံးကစားခဲ့ပြီး ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။
ဂရော့ဆိုသည် ပရော်ဖက်ရှင်နယ်ကစားသမား ဘဝမှအနားယူ၍ ၂၀၁၄ ခုနှစ်က ဂျူဗင်တပ်စ်လူငယ် အသင်းနှင့် နည်းပြဘဝကို စတင်ခဲ့ပြီးနောက် စီးရီးအေကလပ်အသင်းများဖြစ်သည့် ဘာရီအသင်း၊ ဗီရိုနာအသင်း၊ ဘရက်ရှားအသင်းနှင့် ဖရိုစီနိုနီအသင်းတို့၌ နည်းပြခဲ့ကာ ယခုအခါ လိုင်ယွန်အသင်း နည်းပြအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။
လိုင်ယွန်အသင်းသည် ယခုဘောလုံးရာသီ၌ လေးပွဲကစားပြီးချိန်တွင် နိုင်ပွဲတစ်ပွဲမျှ မရရှိသေးဘဲ တစ်ပွဲသရေနှင့် သုံးပွဲရှုံးနိမ့်ထားကြောင်း သိရသည်။
Ref;L'Equipe