အစိုးရ ကျောင်းသားဆရာမိဘနှင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်ကဏ္ဍ
အခြေခံပညာကျောင်းများမဖွင့်မီ အချိန်တုန်းက အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်တဲ့ လူငယ်လေးတစ်ဦးနှင့် ဆုံတွေ့ခဲ့သည့် အကြောင်းလေးကို ဒီရက်ပိုင်းပြန်လည် သတိရမိပါသည်။
ညနေ ၆ နာရီဝန်းကျင်ခန့် ဇနီးသည်အတွက် ဆေးဝယ်ရန် မင်္ဂလာဈေးသို့ ဆိုင်ကယ်ဖြင့် ထွက်ခဲ့ရသည်။ ဆေးဝယ်ပြီးအပြန် မီးပွိုင့်နားအရောက် လူငယ်တစ်ဦးအနောက်ဘက်သို့ လမ်းလျှောက်သွားနေသည်ကို တွေ့ရ၏။ ကျွန်တော်ပြန်မည့်လမ်းကြောင်းနှင့်သင့်နေသောကြောင့် လိုက်မလားဟု မေးမိသည်။
သူကလည်းသူသွားလိုသည့်နေရာ ရောက်၊ မရောက်မေးသည်။ သူသွားလိုသည့်နေရာကို ဖြတ်သဖြင့် လူငယ်လေးက ကျွန်တော့်ဆိုင်ကယ်နှင့်လိုက်လာသည်။
ကိုယ့်အတွက်လုံခြုံမှုရှိသည်ဟု ထင်ရသည့်လမ်းကြောင်းများတွင် မိမိဆိုင်ကယ်နှင့်သင့်လျော်မှုကို တိုင်းတာပြီး လူတန်းစားမရွေး ယာဉ်ပေါ်ခေါ်တင် တတ်သည်မှာ ကျွန်တော်ပြုနေကျအရာပင် ဖြစ်ပါသည်။
လူငယ်လေးနှင့်အတူ ဆိုင်ကယ်စီးရင်း ကျွန်တော်ကပင် စကားစမိသည်။
ဈေးကပြန်လာတာလား
ဟုတ်တယ်ဦး၊ ဆိုင်သိမ်းပြီးလို့ပြန်လာတာပါ
ထိုလူငယ်လေးနဲ့ စကားစမြည်ပြောရင်း မထူးဟု ထင်မိသောအရာများက ထူးသည့်အရာများ ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။
ဘယ်ဆိုင်မှာလုပ်တာလဲကွ
ကုန်စုံဆိုင်မှာပါ
သြော်
သူပြောသည့်ဆိုင်ကိုကျွန်တော်သိပါသည်။
ကျောင်းပိတ်လို့ဝင်လုပ်နေတာပါ
ဘယ်နှတန်းရောက်ပြီလဲ
၈ တန်းပါ
သူ့ပုံစံကိုကြည့်ပြီး တက္ကသိုလ်တက်နေသည်ဟု ကျွန်တော်ကထင်ခဲ့သည်။
လစာကဘယ်လောက်ရလဲ
တစ်လရှစ်သောင်းပါဦး
ဟင်...
ဒီခေတ်ကာလ လုပ်အားနှုန်းဖြင့် တစ်လရှစ်သောင်း
ဆိုသောကြောင့် ကျွန်တော်ကနည်းသည်ဟုမြင်မိသည်။ ရှစ်သောင်းရသည်မို့ ဆိုင်ကထမင်းကျွေးသည်ဟု
ထင်လိုက်၏။
ထမင်းကျတော့ သူတို့ကျွေးလား
ကိုယ့်ချိုင့်နဲ့ကိုယ်ပါ
ဟေ...
အိမ်မှာနေလည်း တစ်ရက်သုံးနပ်စားဖြစ်နေတာပဲဦးရယ်။ ဝင်ငွေမရှိဘဲ ထမင်းစားနေတာထက်စာရင် ကျောင်းပိတ်တုန်းလေး အပိုဝင်ငွေဘယ်လောက်ရရဆိုပြီး လုပ်နေတာပါ။ အလုပ်ကလည်း အသိရှိလို့ရတာ ကိုယ်ကလစာနည်းသည်ဟု ထင်မိသော်လည်း သူကထိုသို့မမြင်ခဲ့။ ဟုတ်ပါသည်။ ကြားဖြတ်အလုပ်တစ်ခုရဖို့ဆိုသည်ကလွယ်သည်မဟုတ်။
အေး ကောင်းတယ်ကွာ အဲဒီလိုစိတ်မျိုးရှိတာ
မိဘတွေကော ရှိရဲ့လား
ရှိပါတယ်။
မောင်နှမကရော
လေးယောက်ပါ ဦး၊ ကျွန်တော်က ဒုတိယ
ကောင်းတယ်ကွာ။ နွေကျောင်းပိတ်မှာတစ်ဖက်တစ်လမ်းက မိဘကိုကူညီလိုစိတ်ရှိတဲ့ စိတ်ဓာတ်ကို အားပေးတယ်။ မဟုတ်ရင်လည်း ကျောင်းပိတ်ရက်တွေမှာ ဘောလုံးကန်လိုက်၊ ခြင်းခတ်လိုက် ဒါမှမဟုတ် တခြားဟာတွေနဲ့ အချိန်ကုန်မှာ
နားရက်တွေဘာတွေပေးလား
လပြည့် လကွယ် ဈေးပိတ်ရက်တွေပါပဲ ဦး
ခေတ်ကာလအနေအထားအရဆိုပါက တကယ်ကို ရှားပါးလူငယ်တစ်ဦးနှင့် ဆုံမိခဲ့ခြင်းပါပင်။ စကားမစပ်မိလျှင်လည်း ဒါတွေကိုသိခွင့်ရမှာမဟုတ်။
ကျွန်တော်ကအကြီးဆိုတော့ အငယ်တွေကို ကောင်းကောင်းလမ်းပြရမှာ။ ကျွန်တော်က ဦးဆောင်မကောင်းရင်သူတို့က ကျွန်တော့်ကိုအတုယူပြီး ခြေရာတိုင်းကြမှာလေ။ နောက်ပြီး သူများဆိုင်မှာလုပ်တော့မှ ငွေရဲ့တန်ဖိုးကိုပိုသိလာတယ်။ တကယ်လို့တစ်နေ့နေ့ ကိုယ့်ဘာသာဆိုင်ဖွင့် ဖြစ်ခဲ့ရင်လည်း အတွေ့အကြုံတွေရခဲ့တာပေါ့
ကောင်းတယ်ညီလေး၊ ဒီစိတ်ဓာတ်လေးကို ဆက်ထိန်းထားပါ
သူ့စိတ်ကူးကလည်း ဟုတ်ပေသား။
သူ့ကိုအားပေးရင်း ၈ တန်းပြီးသည့်နှစ်နွေရာသီမှာ စက်ဘီးလေးပေါ်ရေခဲချောင်းပုံးတင်လျက် ကျောင်းသုံးလပိတ် ကာလကို ဖြတ်သန်းခဲ့ရသည့် ကျွန်တော့်ငယ်ဘဝကိုပင် သတိရသွားမိသည်။
ကိုယ်ငယ်ငယ်တုန်းကလည်း မင်းလိုပဲငွေရှာခဲ့ဖူးတယ်။ ရေခဲချောင်းရောင်းခဲ့ဖူးတယ်။ ဆယ်တန်းကို ဂုဏ်ထူးတစ်လုံးနဲ့အောင်တယ်။ လက်ရှိမှာ နိုင်ငံ့ဝန်ထမ်းတစ်ဦးပါ။ နိုင်ငံခြားကိုလည်း ပညာတော်သင်သွားခဲ့ပြီးပြီ။ ညီလေးလည်း ခုလက်ရှိစိတ်ဓာတ်ခံယူချက်ကောင်းလေးတွေကို ဘဝတစ်လျှောက်လုံး ဆက်ထိန်းထားပါ။ တစ်နေ့နေ့မှာ အောင်မြင်လာမှာပါ ကျေးဇူးတင်ပါတယ်ဦး ဟုဆိုကာ ကျွန်တော့်ကို နှုတ်ဆက်လျက် သူနေတဲ့နေရာအရောက်မှာ ဆိုင်ကယ်ပေါ်က ဆင်းသွားပါသည်။
ကျွန်တော့်အတွေးထဲမှာ သားသမီးများအပေါ် မှန်ကန်စွာလမ်းပြသော လူငယ်လေး၏မိဘများကို အထင်ကြီးလေးစားမိလိုက်သည်။ အဆိုပါလူငယ်လေး၏ မိဘများအပေါ် လေးစားမိရင်း တစ်ဖက်မှာလည်း သားသမီးအပေါ် ချစ်ရာမရောက် နှစ်ရာရောက်နေကြသည့် မိဘအုပ်ထိန်းသူအချို့ကို မြင်လာမိပြန်သည်။
ကျွန်တော်၊ ကျွန်မတို့က သားသမီးတွေကို မခိုင်းချင်ဘူး၊ တစ်ခုခုဖြစ်မှာစိုးတယ်ဟူသော အကြောင်းပြချက်မှစ၍ ပတ်ဝန်းကျင်အထင်သေးခံရမှာစိုးသော၊ ဂုဏ်တုဂုဏ်ပြိုင်လိုသော အကျိုးမဲ့ ယှဉ်ပြိုင်မှုများကြောင့် မျိုးဆက်သစ်တို့၏ အရည်အသွေးများ နိမ့်ပါးလာကြရသည်ကို မိဘများသတိပြုမိပုံမပေါ်။ လွန်ခဲ့ပြီးသော ကာလတစ်ခုတွင် လှည်းနွားသက်ငယ်မိုးဘဝဖြင့် မပြည့်မစုံပညာ သင်ကြားခဲ့ကြသော မိဘများက လူနေမှုအဆင့်အတန်းတစ်ခုရောက်အောင် ကြိုးစားခဲ့ကြသည်။ အသိပညာ၊ အတတ်ပညာများရရှိအောင် တစ်နည်းအားဖြင့် ခေတ်ကာလအလိုက် မိမိတို့စွမ်းနိုင်သည့် လူသားအရင်းအမြစ်များ တိုးပွားအောင်ကြံဆောင်နိုင်ခဲ့ကြသည်။ အကျိုးဆက်အားဖြင့် သားသမီးများအား မိမိတို့ငယ်စဉ်ကထက် သာလွန်စွာပညာသင်ပေးနိုင်၊ ကျွေးမွေးပြုစုနိုင်ခဲ့ကြသည်။ ထိုမှတစ်ဆင့်လွန်သော် မိမိတို့၏စွမ်းအားများဖြင့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာ များစွာအထောက်အကူပြုနိုင်ခဲ့သူများ ဖြစ်ခဲ့ကြသည်။ နေလုံ မိုးလုံ သွပ်မိုးတိုက်တာ အိမ်များတွင်နေရပြီး စီးချင်သည့် စက်ဘီး၊ ဆိုင်ကယ်၊ ကားမျိုးစုံစီးခွင့်ရကာ ကျောင်းပညာရေးအတွက် စိုးရိမ်ကြောင့်ကြစရာမရှိသည့် သားသမီးတို့က ယင်းတို့အလှည့်ရောက်ချိန်တွင် မိဘများထက်သာလွန်အောင် ကြိုးစားသင့်ပေသည်။
အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားဘဲ လမ်းမှားရောက်နေသည့် လူငယ်လူရွယ်များလည်းရှိနေသေးသည်။ ထိုလူငယ်လေးများ လမ်းမှားရောက်နေသည်ကို ပြုပြင်ထိန်းသိမ်း ဆုံးမခြင်း မရှိဘဲ အားပေးအားမြှောက်ပြုကြသည့် မိဘများလည်းရှိသည်။
ထိုအရာများသည် တိုင်းပြည်အတွက် နစ်နာနေသည့် လူသားအရင်းအမြစ်များပင်ဖြစ်ပေသည်။ မိဘတိုင်းသည် သားသမီးများအား ဆင်စီးမြင်းရံဆိုသည့်အတိုင်း ဖြစ်စေလိုကြသည်။ မိသားစုမျိုးရိုးဂုဏ် သိက္ခာများအား စောင့်ထိန်းနိုင်သည့် မျိုးဆက်များဖြစ်စေလိုကြသည်။ ထိုအရာသည် မိဘတိုင်း၏ စေတနာမေတ္တာပင်တည်း။
မိသားစုပေါင်းများစွာဖြင့်စုဖွဲ့ထားသော ကျွန်ုပ်တို့၏ နိုင်ငံတော်ကြီးသည် သဘာဝတရားကြီးက ရက်ရောစွာ
ပေးအပ်ထားသည့် ပထဝီအနေအထားပေါ်တွင် တည်ရှိနေကာ လူမှုစီးပွားဖူလုံရေးအတွက် ရေခံမြေခံကောင်းများစွာ ကျောထောက်နောက်ခံပြုလျက်ရှိနေပါသည်။ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများ အနေဖြင့် ပြည်တွင်းရှိသည့် စွမ်းအားအရင်းအမြစ်များကို အကောင်းဆုံးအသုံးချကာ နိုင်ငံတော်တိုးတက်ရေး စွမ်းဆောင်ခဲ့ကြသည်။ ခေတ်နှင့်လျော်ညီသည့် လူသားအရင်းအမြစ်များ ရှိမှသာလျှင် မိမိတို့အလိုရှိသည့်အတိုင်း ပြည့်ပြည့်၀၀ ဖော်ထုတ်နိုင်မည်ကို သိနားလည်ကြသည့် အချိန်တွင် လူသားအရင်းအမြစ်များ ပိုမိုပေါကြွယ်ဝလာစေရေး ယခင်ထက်ပိုမိုမြော် တွေးသုံးသပ်လာကြပေသည်။ ထို့အတွက်ကြောင့် လူသားအရင်းအမြစ်များပေါ်ထွန်းလာစေရေးအလို့ငှာ စိုက်ပျိုးရေး၊ နည်းပညာ၊ ဆေးသိပ္ပံ အစရှိသည့် နယ်ပယ်များတွင်သာမက အခြားသောကဏ္ဍများ၌ပါ ဗလငါးတန်နှင့်ပြည့်စုံသော လူကောင်းလူတော်များ ပေါ်ထွက်လာနိုင်စေရန် ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရမှ ကြိုးစားဆောင်ရွက် ပေးနေသည်ကို တွေ့ရှိရပါသည်။ ထိုအရာသည်ကား နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုနေသည့် အစိုးရ၏ စေတနာမေတ္တာပင်ဖြစ်ပေသည်။
စာရေးသူအနေဖြင့် အမှတ်မထင် လမ်းပေါ်မှာကြုံခဲ့ရသည့်ဖြစ်စဉ်လေးအား အနီးအနားဝန်းကျင်မှသည် တစ်နိုင်ငံလုံးက လူငယ်တွေကို အတုယူစေလိုပါသည်။ လူငယ်တွေကို အတုယူစေချင်သလို တစ်ခုခုဆိုတိုင်း သူ့ဗီဇနဲ့ သူလာတာ ဟူသောစကားကို လက်ကိုင်ထားသည့် မိဘများကိုလည်း ဆင်ခြင်စိတ်လေးများ ဝင်စေလိုမိသည်။ ကံကိုချည်း ပုံမချစေလိုပေ။ လူငယ်တွေ လမ်းမှန်ရောက်ဖို့ အစိုးရက ဘယ်လောက်ပင် ပုံဖော်ပေးပေး အနီးကပ်မိဘများနှင့်ဆရာများက နည်းလမ်းတကျ သွန်သင်ဆုံးမတည့်မတ်နေဖို့လိုအပ်သည်။
ဆရာများအနေဖြင့် ဆရာကျင့်ဝတ်အပြင် သိသင့်သိအပ်သည့် အခြားသောဝမ်းစာများ ပြည့်ဝနေဖို့လည်း ဆက်လက်ဆည်းပူး နေကြရမည်ဖြစ်၏။ သားသမီးငါးယောက်အနက် တစ်ယောက်၊ နှစ်ယောက် ပြောမကောင်းလျှင် တော်သေး၏။ ငါးယောက်စလုံး ထင်ရာစိုင်းလျက် ပညာသင်ယူလိုစိတ်နည်းခြင်းကား ဗီဇဟုမဆိုသင့်ပါချေ။ ဆရာများအနေဖြင့်လည်း တော်သောကျောင်းသားကိုသာ ဦးစားပေးရမည်မဟုတ်။
အားလုံးတစ်ပြေးညီတတ်မြောက်နိုင်စေရေးသင်ကြားပို့ချနိုင်ကြရပါမည်။ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်လူမှုရေးကဏ္ဍတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး ဟူသည့်အချက်အား လူငယ်များအတွက် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။ ယုံကြည်ချက်၊ ခံယူချက်ကောင်းမွန်သော မျိုးဆက်သစ်လူငယ်များ၏ စွမ်းအားများဖြင့်သာ မိသားစုတစ်စုမှသည် အနာဂတ်နိုင်ငံတော်ကြီးကို ကောင်းစွာ ထုဆစ်ပုံဖော်နိုင်မည်ဖြစ်၏။ ထိုသို့ပုံဖော်နိုင်ရန် သားသမီးကိုရေလိုက်မလွဲစေသော၊ တပည့်ကိုလမ်းကြောင်းမမှားစေသော မိဘ၊ဆရာများစွာ လိုအပ်ပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီ ရောက်ရှိနိုင်ရေးအတွက် လူသားအရင်းအမြစ်ကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းစေရန် အစိုးရ၏ဦးဆောင်မှုအောက်တွင် ကျောင်းသား၊ ဆရာ၊ မိဘအားလုံး ကိုယ်စီ တာဝန်ကျေပွန်ဖို့ လိုအပ်လှပါကြောင်း တိုက်တွန်း တင်ပြအပ်ပါသည်။ ။
နွေကံ့ကော်(မြို့လှ)