ရန်ကုန်၊ မြားပစ်
ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ်အတွင်းကျင်းပမည့် အာရှအဆင့် နိုင်ငံတကာမြားပစ်ပြိုင်ပွဲများ ကျင်းပမည့်ကာလကို နိုဝင်ဘာ ဒုတိယပတ်က ထုတ်ပြန်ခဲ့သည်။
ယခုနှစ်တွင် COVID-19 ရောဂါအခြေအနေကြောင့် နိုင်ငံတကာ မြားပစ်ပြိုင်ပွဲအများစုကို ဖျက်သိမ်းခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာ့မြားပစ် အဖွဲ့ချုပ်သည် လာမည့်နှစ်တွင်ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများ ကျင်းပရေး ကော်မတီအစည်းအဝေးကို နိုဝင်ဘာဒုတိယပတ်က လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ အာရှအဆင့်မြားပစ်ပြိုင်ပွဲများကို အတည်ပြု ထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် မေလအတွင်း အာရှဖလား မြားပစ်ပြိုင်ပွဲ ပထမအဆင့်၊ ဇွန်လအတွင်း အာရှဖလားမြားပစ်ပြိုင်ပွဲ ဒုတိယအဆင့်၊ အောက်တိုဘာလအတွင်း အာရှဖလားမြားပစ်ပြိုင်ပွဲ တတိယ အဆင့်နှင့် နိုဝင်ဘာလအတွင်း အာရှမြားပစ် ချန်ပီယံရှစ်ပြိုင်ပွဲတို့ကို ကျင်းပမည်ဖြစ်သည်။
မြန်မာမြားပစ်အဖွဲ့အနေဖြင့် လာမည့်နှစ် အတွင်းကျင်းပမည့် အာရှအဆင့် မြားပစ်ပြိုင်ပွဲများအနက် ပြိုင်ပွဲ တချို့ကို ရောဂါအခြေအနေပေါ် မူတည်၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ အာရှအဆင့်မြားပစ်ပြိုင်ပွဲတွေထဲက တချို့ကို ဝင်ပြိုင်ဖို့ရှိပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ရောဂါအခြေအနေကြောင့် လေ့ကျင့်မှုတောင် မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် ရောဂါအခြေ အနေပေါ်မူတည်ပြီး ပြိုင်ပွဲတချို့ကို ဝင်ပြိုင်ဖို့စီစဉ်မှာပါ” ဟု မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
မြန်မာမြားပစ်အဖွဲ့သည် လာမည့်နှစ်အတွင်း ဗီယက်နမ်ဆီးဂိမ်းအပါအဝင် အာရှနှင့်အာဆီယံအဆင့် နိုင်ငံ တကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ယခုနှစ်ဆန်းပိုင်းတွင် ပဏာမကစားသမား ၁၈ ဦးဖြင့် လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သော်လည်း COVID-19 ရောဂါအခြေအနေကြောင့် မတ်လမှစ၍ လေ့ကျင့်မှုများ ရပ်နားထားရ သည်။
ကိုရဲ