ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ
လေးညှင်း
အင်္ဂလိပ်အမည် - Clove
မျိုးရင်း - Myrtaceae
ရုက္ခဗေဒအမည် - Eugenia caryophyllata
Thunb.
အဓိကဆေးဖက်ဝင်ပုံ
သွားနာ၊ သွားကိုက်၊ ဖျားခြင်း၊ အန်ခြင်း၊ ချောင်းဆိုးခြင်း၊ နှုတ်မမြိန်ခြင်း၊ ခံတွင်းနံ့မကောင်းခြင်း၊ အနာပေါက်၊ ရေယုန်နာများကိုကုသရာတွင် အသုံးပြုသည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံ၌ စိုက်ပျိုးပင်အဖြစ်သာ ပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း- အပွင့်၊ အဆီ
အပင်ပုံသဏ္ဌာန်
အမြဲစိမ်းနှစ်ရှည်ခံအပင်ကြီးမျိုးဖြစ်၍ ၂၅ ပေမှ ပေ ၅၀ အထိမြင့်သည်။ မွဲပြာရောင်အခေါက်ရှိသည်။ အကိုင်းအခက်များ ဘေးသို့တည့်မတ်စွာ ဖြာထွက်သည်။
အရွက်
ရွက်လွှဲထွက်၏။ ဘဲဥပုံ၊ လှံစွပ်ပုံရှိပြီး ရွက်ရင်းအနည်းငယ်ဝိုင်း၍ ရွက်ထိပ်ချွန်သွယ်သည်။ အလျား ၅ လက်မခန့်ရှည်၍ အနံ ၂ လက်မခန့်ကျယ်၏။
ရွက်ပြား သားရေကဲ့သို့ပြောင်ချောပြီး အစက်အပြောက်များရှိသည်။ အပေါ်မျက်နှာပြင်အစိမ်းရင့်ရောင်ရှိ၍ အောက်မျက်နှာပြင် အဝါဖျော့ရောင်ရှိသည်။ အရွက်ကိုခြေ၍ နမ်းကြည့်ပါက စူးရှသောအနံ့ရှိသည်။ ရွက်ရင်းရွက်ညှာတံ ပန်းရောင်ရှိ၏။
အပွင့်
သုံးပွင့်တစ်ခိုင်ဖြစ်သည်။ ပွင့်စတွင် ခရမ်းနုရောင်ရှိပြီး တဖြည်းဖြည်းအဝါရောင်သို့ပြောင်းသွား၏။ ပွင့်ချပ်ပြွန်ပုံရှိသည်။ တစ်ပင်တည်းတွင် အဖိုပွင့်၊ အမပွင့် သီးခြားရှိသည်။ ဆေးဖက်ဝင်အဖြစ် အဖိုပွင့်ကို အသုံးပြုသည်။
အသီး
ရှည်မျောမျောပုံသဏ္ဌာန်ရှိပြီး အညိုရောင်ရှိ သည်။ အစေ့ လေးစေ့မှ ခြောက်စေ့အထိပါရှိ၏။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအဆိုအရ လေးညှင်းသည် အရသာစပ်ဖျဉ်းဖျဉ်း၊ ခါးသက်သက်ရှိ၏။ မျက်စိကို အကျိုးပြု၏။ ဝမ်းမီးကိုတောက်စေ၏။ ကြေညက်လွယ်၏။ နှုတ်မြိန်စေ၏။ သလိပ်၊ သည်းခြေ၊ သွေး ရောဂါများ၊ အပုပ်အစပ်တို့ကို ငြိမ်းစေ၏။ ရေငတ်ခြင်း၊ မူးဝေခြင်း၊ ဝမ်းဖောခြင်း၊ ဝမ်းဗိုက်ထိုးအောင့်ခြင်းနှင့် အဆုတ်နာတို့ကိုနိုင်၏။
ဆေးဖက်ဝင်အသုံးပြုပုံ
ဝမ်းဗိုက်ထိုးအောင့်နာကျင်၍ ဝမ်းအရည်များသွားပါက လေးညှင်းပွင့်ကို မှုန့်အောင်ထောင်း၍ ပျားရည်နှင့်ရောသောက်ပါက ပျောက်ကင်းနိုင်သည်။
ကိုယ်ဝန်ရှိစ အအန်မပျောက်လျှင် လေးညှင်းပွင့်နှင့် သကြားကိုရောကျို၍ သောက်ပေးပါက အန်ချင်စိတ်ပျောက်ကင်းနိုင်သည်။
အဖျားရောဂါနှင့် အားအင်ကုန်ခန်းခြင်းများဖြစ်လျှင် လေးညှင်းပွင့်ကို ဆေးခါးကြီးနှင့်ရောကြိတ်ပြီး ရေနွေးပူပူနှင့်သောက်ပါက ပျောက်ကင်းစေနိုင်သည်။
ရေငတ်ခြင်း၊ ပျို့အန်ခြင်း၊ လျှာခြောက်ခြင်း၊ ချွဲခြင်းများဖြစ်ပါက လေးညှင်းပွင့်ကို ရေနွေးနှင့်ပြုတ်ပြီး သောက်ပါက သက်သာစေနိုင်သည်။
အနာများမြုံနေလျှင် လေးညှင်းပွင့်ကို နနွင်းနှင့်ရောကြိတ်၍ မြုံနေသောအနာပေါ်တွင် လိမ်းအုံပေးပါက အနာပြည်ပေါက်စေနိုင်သည်။
ကြက်ညှာချောင်းဆိုးဖြစ်လျှင် လေးညှင်းပွင့်ကို လှော်၍ကြိတ်ပြီး ပျားရည်နှင့်ရော၍ သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။
အထိုင်အထပြုလုပ်ချိန်တွင် မူး၍ မျက်စိများပြာပါက လေးညှင်းပွင့်ကို ရေအေးနှင့်စိမ်ထားပြီး မျက်စဉ်းခတ်ပေးပါက မျက်စိပြာ၍မူးဝေခြင်း ပျောက်ကင်းစေနိုင်သည်။
သွားနာ၊ သွားကိုက်ရောဂါဖြစ်လျှင် လေးညှင်းပွင့် သို့မဟုတ် လေးညှင်းဆီကို သွားနာ၊ သွားကိုက်သောနေရာတွင် သိပ်ပေးပါက သက်သာစေနိုင်သည်။
အဆစ်အမျက်ကိုက်ခဲနာကျင်သူများသည် မုန်ညှင်းဆီတွင် လေးညှင်းပွင့်ကိုထည့်၍ မီးဖြင့်အပူပေးပြီး လိမ်းပေးပါက နာကျင်ကိုက်ခဲခြင်းများ ပျောက်ကင်းစေနိုင်သည်။
ခေါင်းကိုက်ရောဂါဖြစ်လျှင် နားထင်နှစ်ဖက်နှင့် နဖူးတွင် လေးညှင်းဆီကိုပွတ်လိမ်းပေးပါက သက်သာ ပျောက်ကင်းစေနိုင်သည်။
လက်ထုတ်ကြီး
အင်္ဂလိပ်အမည် - Rosebay
မျိုးရင်း - Apocynaceae
ရုက္ခဗေဒအမည် - Holarrhena antidysen terica Wall
အဓိကဆေးဖက်ဝင်ပုံ
ဝမ်းကိုက်ခြင်း၊ လိပ်ခေါင်းရောဂါကြောင့် သွေးယို သွေးကျခြင်း၊ လေထိုးလေအောင့်ရောဂါ၊ ဆီးချုပ် ဆီးအောင့်ရောဂါ၊ နားကိုက်၊ နားပြည်ယိုရောဂါ၊ အကြောရောင်ရောဂါ၊ ဝမ်းဗိုက်ဖောရောင်ရောဂါ၊ လည်ချောင်းနာ ရောဂါ၊ ဆီးကျောက်တည်ရောဂါနှင့် သန်ထိုးခြင်းများအတွက် ဆေးဖက်ဝင် အသုံးပြုနိုင်သည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံအနှံ့အပြား၌ သဘာဝအလျောက် ပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း - အခေါက်၊ အမြစ်
အပင်ပုံသဏ္ဌာန်
ရွက်ကြွေပင်လတ်မျိုးဖြစ်သည်။ ၁၀ ပေ- ၁၅ ပေအထိမြင့်သည်။ အပင်အရွယ်အစားကိုလိုက်၍ အခေါက်အထူအပါးရှိသည်။ အပင်အနည်းငယ်ကြမ်းပြီး မီးခိုးနုရောင်ပေါ်တွင် ဖြူပြာရောင် အကွက်ငယ်လေးများရှိသည်။ အကိုင်းအခက်များစွာ ဖြာထွက်သည်။ ပင်လုံးမှ အဖြူရောင်အစေးများထွက်သည်။
အရွက်
ရွက်ဆိုင်ထွက်သည်။ ဘဲဥပုံရှိ၍ ရွက်ရင်းအနည်းငယ်ဝိုင်းပြီး ရွက်ထိပ်ဖျားချွန်သည်။ ရွက်ကြောထင်ရှားသည်။ အရွက်အပေါ်မျက်နှာပြင်နူးညံ့ပြီး အောက်မျက်နှာပြင်၌ အမွေးနုများရှိသည်။ အရွက်မှ အစေးထွက်၏။
အပွင့်
ပန်းခိုင်ပေါ်၌ စံပယ်ပွင့်ကဲ့သို့ မွှေးကြိုင်သော ပန်းပွင့်ကလေးများပွင့်သည်။ ပွင့်ဖက် ငါးဖက်ရှိ၍ ပွင့်ညှာရှည်သည်။ အပွင့်သည်ကား၏။
အသီး
တစ်ပေကျော်အထိရှည်သည်။ အညှာတွင် အသီးတောင့်နှစ်တောင့်တွဲလျက်ထွက်၏။ အခွံအနီရောင် သန်း၏။ အသီးရှိအစေ့များမှာ ခါးသောအရသာရှိ၏။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအဆိုအရ လက်ထုတ်ကြီး ခေါက်သည် ဖန်၏။ ခါး၏။ စပ်၏။ ခြောက်သွေ့၏။ ပူ၏။ ရောဂါပိုးတို့ကိုနိုင်၏။ လက်ထုတ်ဆန်သည် ခါး၏။ အေး၏။ ကလေးများ ဝမ်းပျက်၊ ဝမ်းလျှော၊ အဖျားရောဂါများကိုကာကွယ်နိုင်၏။ အစာကို ကြေညက်စေ၏။ ဝမ်းမီးကိုတောက်စေ၏။ လေကို နိုင်စေ၏။ လေ၊ သလိပ်၊ သည်းခြေ၊ နူနာ၊ ပိုးနာတို့ကိုနိုင်၏။ အရေပြားရောဂါကို ပျောက်ကင်းစေ၏။
ဆေးဖက်ဝင်အသုံးပြုပုံ
အတွင်းလိပ်ခေါင်းကြောင့် သွေးယို၊ သွေးကျဖြစ်ပါက လက်ထုတ်ကြီးခေါက်ကို တခြားဆေးအမယ်များ နှင့်ရောစပ်၍ ဆေးဖော်လေ့ရှိကြသည်။
အဖျားရောဂါမပျောက်ဘဲ တစ်ကျော့ပြန်ဖျားလျှင် လက်ထုတ်ကြီးခေါက်ကို ရေအေးနှင့်စိမ်ထားပြီး သောက်ပါက အဖျားပျောက်စေသည်။ အခေါက်ကို အမှုန့်ပြုလုပ်၍ ဆေးအဖြစ်သောက်ပါက အဖျားပြတ်စေနိုင်သည်။
ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းသွားရောဂါ၊ ကာလ ဝမ်းရောဂါများဖြစ်လျှင် လက်ထုတ်ကြီးခေါက်ကို အမှုန့်ပြုလုပ်၍ ပျားရည်နှင့်ရောသောက်ပါက ပျောက်ကင်းစေနိုင်သည်။
အကြောအဆစ်ရောင်ရောဂါဖြစ်လျှင် လက်ထုတ် ကြီးခေါက်ကိုလှော်၍ အမှုန့်ပြုလုပ်ပြီး ပျားရည်၊ ထောပတ်တို့နှင့် ရော၍သောက်ပါက ပျောက်ကင်းစေနိုင်သည်။
နားပြည်ယို၊ နားကိုက်ရောဂါဖြစ်ပါက လက်ထုတ်ကြီးခေါက်ကို အမှုန့်ပြုလုပ်ပြီး အရွက်ကိုကြိတ်၍ ရသောအရည်နှင့်ရောပြီး နားတွင်းသို့ထည့်ပေးပါက နားပြည်ယိုခြင်းကို ပျောက်ကင်းစေနိုင်သည်။
ဆီးချုပ်၊ ဆီးအောင့်ရောဂါများဖြစ်ပါက လက်ထုတ် ကြီးအခေါက်ကို အမှုန့်ပြုလုပ်၍ နွားနို့နှင့် ရောသောက်ပါက ပျောက်ကင်းစေနိုင်သည်။
ဝမ်းဗိုက်ဖောရောင်ခြင်းဖြစ်လျှင် လက်ထုတ်ကြီးအမြစ်ကို ရေနှင့်သွေး၍ ဟင်းစားဇွန်းနှစ်ဇွန်းမျှသောက်ပါက ဝမ်းဗိုက်ဖောရောင်းခြင်း ပျောက်ကင်းစေနိုင်သည်။
အနာစက်၊ အနာမီး၊ အနာလျှံ၊ အနာပေါက်ရောဂါ များဖြစ်လျှင် လက်ထုတ်ကြီးအမြစ်ကိုသွေး၍ သိန္ဓော ဆားအနည်းငယ်ရောစပ်ပြီး အနာတွင်ထည့်ပေးပါက ပျောက်ကင်းစေနိုင်သည်။
လည်ချောင်းနာလျှင် လက်ထုတ်ကြီးအမြစ်ခေါက်ကို ဆားအနည်းငယ်နှင့်ရောသွေး၍ ငုံပေးပါက သက်သာစေနိုင်သည်။
ကျောက်တည်ရောဂါဖြစ်လျှင် လက်ထုတ်ကြီးမြစ်နှင့် ဇဝက်သာကိုရောကြိတ်ပြီး အမှုန့်ပြုလုပ်၍ ဆန်ဆေး ရည်နှင့်သောက်ပေးပါက ကျောက်ကျစေနိုင်သည်။
လက်ထုတ်ကြီးအမြစ်ကို ရေနှင့်သွေးပြီး အိပ်မွေ့သီးအနည်းငယ်ထည့်၍သောက်ပါက သန်ကျစေနိုင်သည်။
ဖောရောင်သော ရောဂါဖြစ်ပါက လက်ထုတ်ကြီး ခေါက်ကိုပြုတ်ပြီး ရေချိုးပေးခြင်းဖြင့် အဖောအရောင် ကျစေနိုင်သည်။