ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊၂၀၂၃ စက်တင်ဘာ - ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီး ကျောင်းတိုက်နှင့် ကျောက်မဲမြို့ရှိ ရေဦးဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်တို့ရှိ သံဃာ တော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်း တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်းတိုက်များ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၂၃၆ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၈ ပါးနှင့် ဒေသခံပြည်သူ ၂၀၀ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။