COVID-19 ရောဂါကူးစက်ခံရမှုကို မည်သူ့ကိုမျှမပြောဘဲ အောင်မြင်စွာကျော်လွှားနိုင်ခဲ့သည့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်

လန်ဒန် နိုဝင်ဘာ ၁၅

အင်္ဂလန်နည်းပြ ဆောက်ဂိတ်သည် အောက်တိုဘာလက COVID-19 ရောဂါကူးစက်ခံခဲ့ရပြီး ယင်းကို မည်သူ့ကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ တစ်ဦးတည်း လျှို့ဝှက်စွာ အောင်မြင်ကျော်လွှားနိုင်ခဲ့ကြောင်း The Sun သတင်းစာက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်ရေးသားခဲ့သည်။

အသက် ၅၀ ရှိပြီဖြစ်သည့်ဆောက်ဂိတ်အတွက် COVID-19 ရောဂါ ကူးစက်ခံရခြင်းမှာ အန္တရာယ်ရှိသော်လည်း လေ့ကျင့်ခန်းမပြတ်လုပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ကိုယ်ခံအားနှင့် ကြံ့ခိုင်မှုပိုင်းကောင်းမွန်သည့်  ဆောက်ဂိတ်သည် နေအိမ်၌ တစ်ဦးတည်း ၁၀ ရက်ကြာ သီးခြားနေထိုင်ကာ ပြန်လည်ဆေးစစ်ရာတွင် ပိုးမတွေ့တော့သဖြင့် ကစားသမားများနှင့် ပြန်လည်ထိတွေ့ လေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆောက်ဂိတ် သည် ရောဂါပိုးရှိနေစဉ် ကာလအတွင်း သီးခြားနေထိုင်ခဲ့ကာ ယခုတစ်ပတ် နိုင်ငံတကာပွဲများအတွက်  ကစားသမားရွေးချယ်ရေးတွင် ပရီးမီးယားလိဂ်ပွဲများကို လိုက်မကြည့်ဘဲ ရုပ်သံမှသာကြည့်ပြီး ရွေးချယ်ခဲ့ သည်။

ဆောက်ဂိတ်သည် အင်္ဂလန်ကျန်းမာရေးဝန်ထမ်းများ COVID-19 ရောဂါကြောင့် ပင်ပန်းစွာကုသနေရသည်ကို ကျေးဇူးကြီးမားသည်ဟုဆိုပြီး မလိုအပ်ဘဲ အလုပ်အပိုထပ်မပေးလို၍ COVID-19 ရောဂါကူးစက်ခံရခြင်းကို မိမိ အသိဖြင့် နေအိမ်၌သာ သီးခြားခွဲနေကာ အောင်မြင်စွာကျော်လွှားနိုင်ခဲ့၍ နိုဝင်ဘာ ၅ ရက်တွင် COVID-19 ရောဂါပိုးမရှိတော့သဖြင့် လက်ရွေးစင်အသင်းကို ပြန်ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ 

Ref:The Sun