မက်ဒရစ်၊ ဘောလုံး
စပိန်လာလီဂါဥက္ကဋ္ဌ ဂျားဗီးယားတီဘက်စ်က ယခုရာသီ လာလီဂါပြိုင်ပွဲပြီးဆုံးသည်အထိ ကစားရန် ငွေကြေး အားဖြင့် ယူရိုဘီလီယံဝက်အထိ လိုအပ်မည်ဖြစ်ကြောင်း စပိန်မာကာသတင်းစာ နှင့်အင်တာဗျူးတွင် ထုတ် ဖော်ပြောသည်။
COVID-19 ရောဂါကြောင့် ဘောလုံးအသင်း များ ဝင်ငွေများစွာ ထိခိုက်ပြီး ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း မရှိသည့်အတွက် အသင်းတချို့ ဒေဝါလီခံရမည့် အခြေအနေဖြစ်နေသည်။ ထိုအရေးအတွက် ဖြေရှင်းနိုင်စရာ နည်းလမ်းမှာလည်း အလွန်ရှားပါးနေပြီး ကစားသမားများ လစာလျှော့ချခြင်းမှတစ်ပါး တခြားနည်းလမ်းမရှိ ကြောင်း တီဘက်စ်က ပြောသည်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြောင့် ဘဏ္ဍာရေးထိခိုက်ပြီး ယိုင်လဲနိုင်သည့်အသင်းများတွင် ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့လည်း ပါဝင်နေရာ လက်ရှိအခြေအနေမှန်ကို ကျော်လွှားနိုင်ရန် အခက်အခဲများ ဖြစ်ပေါ် လျက်ရှိသည်။
တီဘက်စ်က “လာလီဂါနောက်မှာ ကြီးမားတဲ့ အဆောက်အအုံကြီးရှိနေတယ်။ အလုပ်အကိုင် ပေါင်းမြောက် မြားစွာအတွက်လည်း တည်မှီနေတယ်။ နောက်ဆုံးရရှိတဲ့ သတင်းတစ်ရပ်မှာ ဒီရပ်ဝန်းထဲအလုပ်အကိုင် ပေါင်း ၁၈၀၀၀၀ ရှိတယ်လို့ သိရတယ်။ ဒီအဆောက်အအုံကြီးကို ကာကွယ်ဖို့က လူတိုင်းမှာတာဝန်ရှိတယ်။
ကျွန်တော်တို့က ဒီအဆောက်အအုံကြီး ပိုမိုကြီးမားလာဖို့နဲ့ အလုပ်အကိုင်တွေ ထပ်တိုးလာအောင် လုပ်ရမယ့် တာဝန်ရှိတယ်။ လက်ရှိမှာတောင် ကလပ်အသင်းတွေက သတ်မှတ်ထားတဲ့ ပမာဏထက် ယူရိုသန်း ၅၀၀ ပိုလျှံသုံးစွဲနေရပါသေးတယ်။ အခုအနေအထားက ကစားသမားတွေရဲ့ စာချုပ်တွေကို ဖျက်ပစ်လိုက်လို့လည်း မရဘူး။ လစာတွေလျှော့ရင် ကစားသမားတွေ စာချုပ်က အလိုလိုပျက်သွားမယ်။ ကလပ်အသင်းတချို့က သူတို့ကုန်ကျစရိတ်သက်သာအောင် လစာငွေတွေ လျှော့ချဖို့ကြိုးစားနေကြတယ်။ စပိန်မှာ ဒီကပ်ဆိုးသက် ရောက်မှုဒဏ်ကို အများဆုံးထိတာ က ဗလင်စီယာ၊ ဘာစီလိုနာနဲ့ရီးယဲလ်ပဲ။ သူတို့က ကစားသမားတွေကို စာချုပ်ဖျက်လိုက်လို့မဖြစ်ဘူး။
ဗလင်စီယာဆိုရင် ရှိတဲ့ကစားသမားကောင်းတွေကို မလွှဲမရှောင်သာ ရောင်းချနေရလို့ ချန်ပီယံလိဂ် ဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဘာစီလိုနာလည်း လစာတွေလျှော့ချဖို့ကြိုးစားနေတယ်။ ဒီနည်းလမ်း ကလွဲပြီး တခြားနည်းလမ်းလည်း မရှိတော့ဘူး။ ရာသီကုန်အထိကစားဖို့ဆိုရင် စပိန်ဘောလုံးလိဂ်အတွက် ယူရိုသန်း ၄၉၀ ထပ်သုံးရမှာပါ။ အသင်းအားလုံးရဲ့ ကုန်ကျမှုကတော့ မတူပါဘူး။ တချို့က သန်း ၁၀၀ လိုမယ်၊ တချို့က သုံးသန်းပဲလိုမယ်။ ဒါပေမဲ့ အသင်းကြီး သန်း ၁၀၀ သုံးရမှာထက် အသင်းငယ် သုံးသန်းသုံးနိုင်ဖို့က ပိုခက် လိမ့်မယ်” ဟု ပြောသည်။
Ref:Marca