ပြင်ဦးလွင်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ပြင်ဦးလွင်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင်   အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ နယ်မြေခံဆေးကုသရေးအဖွဲ့က ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ ၃၅၇ ဦးတို့ကို ဖျားနာရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်‌ရေး စီစဉ် ဆောင်ရွက်ပေးသည်။

          ယင်းသို့ဆောင်ရွက်နေမှုများကို ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။