ဦးနှောက်ဖောက်ပြန် အယ်လ်ဇိုင်းမား ရောဂါအကြောင်း သိကောင်းစရာ

ဦးနှောက်ဖောက်ပြန် အယ်လ်ဇိုင်းမား ရောဂါအကြောင်း သိကောင်းစရာ

အယ်လ်ဇိုင်းမားရောဂါသည် ဦးနှောက်ဇရာအကြို (ခေါ်) အရွယ်မတိုင်မီ သတိမေ့ရောဂါ အမျိုးအစားဖြစ်ပြီး ယင်းရောဂါ ဖြစ်ပွားပါက မှတ်ဉာဏ်၊ အတွေးအခေါ်နှင့်  အပြုအမူအားလုံးကို  မေ့လျော့သွားသည်။ တစ်နည်းဆိုသော် အယ်လ်ဇိုင်းမားရောဂါသည် ဦးနှောက်ထိခိုက် စိတ်ဖောက်ပြန်မှုရောဂါဖြစ်ပြီး    နေ့စဉ်လူမှုဘဝကို ခက်ခဲပင်ပန်းနှိပ်စက်တတ်သော   ရောဂါ ဖြစ်သည်။  အသက်ကြီးလာလေ  ရောဂါဖြစ်နိုင်ခြေပိုများလေဖြစ်သည်။    ယနေ့ကမ္ဘာ၌ ငယ်ရွယ်သူများတွင်လည်း အယ်လ် ဇိုင်းမားရောဂါ ဖြစ်ပွားလာသည်ကို တွေ့ရသည်။

ပထမအနေဖြင့်    မှတ်ဉာဏ်နည်းလာပြီး  မကြာခဏ  သတိမေ့လျော့ခြင်း၊ ကျိုးကြောင်းလျော်ညီစွာ  ဝေဖန်ပိုင်းခြား နိုင်စွမ်းအားများ    ကျဆင်းသွားခြင်းတို့ ဖြစ်လာသည်။     ရောဂါပိုဆိုးလာချိန်တွင် စကားပြောဆိုနိုင်စွမ်းမရှိတော့ခြင်း၊  မှတ်ဉာဏ်ဆုံးရှုံးမှု   ပိုမိုဆိုးရွားလာခြင်း၊ ချစ်ခင်ရသော မိသားစုဝင်များ သို့မဟုတ် သူငယ်ချင်းများကို  မေ့လျော့သွားခြင်း၊ လတ်တလော အဖြစ်အပျက်များကိုပင် မှတ် သားနိုင်စွမ်းမရှိတော့ဘဲ  အဆုံးသတ်တွင် မှတ်ဉာဏ်လုံးဝဆုံးရှုံးသွားသည်အထိ ဖြစ်လာနိုင်သည်။ နေ့ချင်းညချင်း ရုတ်တရက် ဖြစ်ပေါ်လာသော ရောဂါမျိုးမဟုတ်သည့်အတွက် အယ်လ်ဇိုင်းမားရောဂါကို သူငယ် ပြန်နေသည်ဟု    မှားယွင်းစွာယူဆတတ်ကြသည်။

အယ်လ်ဇိုင်းမားရောဂါနေ့

ရှေးယခင်က အယ်လ်ဇိုင်းမားရောဂါကို ပျမ်းမျှ အသက် ၇၅ နှစ်အထက် အမျိုးသား၊  အမျိုးသမီးအားလုံး   ဖြစ်နိုင်ခြေရှိသည်ဟု ဆိုထားသော်လည်း   နေထိုင် စားသောက်မှုပုံစံများ ပြောင်းလဲလာသည့် အလျောက် တစ်စထက်တစ်စ ယင်းရောဂါဖြစ်ပွားမှု မြင့်တက်လာသည်။ မှတ်တမ်းများအရ ၂၀၁၇ ခုနှစ်က ကမ္ဘာ့လူဦးရေ ၃၅ သန်း ဦးနှောက်ဖောက်ပြန် အယ်လ်ဇိုင်းမားရောဂါဖြစ်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်က အချိန် သုံးမိနစ်တိုင်းတွင် ရောဂါသည်တစ်ဦးနှုန်း ဖြစ်ပွားနေကြောင်း သိရသည်။

ထို့ကြောင့်     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  က  နှစ်စဉ် စက်တင်ဘာ ၂၁ ရက်ကို   ကမ္ဘာ့အယ်လ် ဇိုင်းမားရောဂါနေ့ (World  Alzheimer's  Day)  အဖြစ် သတ်မှတ်ထားသည်။  ထို့ပြင်  အယ်လ် ဇိုင်းမားရောဂါ  စောင့်ကြည့်စစ်ဆေးရေး အဖွဲ့အစည်း (Alzheimer's Association) ကလည်း ထိုရောဂါနှင့်ပတ်သက်၍ လူအများကျန်းမာသုတရှိကြစေရန် ရည်ရွယ်ကာ နှစ်စဉ် ဇွန်လကို သတိပြုစရာ ဦးနှောက်ဖောက်ပြန်   အယ်လ်ဇိုင်းမားရောဂါလ  (Alzheimer's  &  Brain Awareness Month) အဖြစ် သတ်မှတ် ထားကာ  ခရမ်းရောင်ဖဲကြိုးလေးများဖြင့် ဖော်ညွှန်းထားသည်။ Alzheimer's Association  ၏  လေ့လာမှုမှတ်တမ်းအရ လက်ရှိ  အမေရိကန်နိုင်ငံသားဦးရေ  ၅ ဒသမ ၈ သန်းခန့်  အယ်လ်ဇိုင်းမားရောဂါ ဖြစ်နေကြောင်း တွေ့ရသည်။ ၂၀၅၀ ပြည့် နှစ်တွင် အသက် ၆၅ နှစ်နှင့်အထက် အမေ ရိကန်နိုင်ငံသားများတွင် ယင်းရောဂါဖြစ်ပွား နိုင်သူဦးရေ  ၁၃  ဒသမ  ၈  သန်းအထိရှိ လာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ရောဂါဖြစ်ရသောအကြောင်းရင်း

ကနေဒါနိုင်ငံ   မွန်ထရီယယ်မြို့မှ ဆရာဝန်များ၏   လေ့လာတွေ့ရှိမှုအရ  ဦးနှောက်အတွင်း အဆီပိုများ စုပုံနေခြင်းက အယ်လ်ဇိုင်းမား အမေ့လွန်ရောဂါဖြစ်ပွားနှုန်းကို    ပိုမိုမြင့်တက်လာစေနိုင်ကြောင်း၊ ဦးနှောက်တွင်း အဆီများ  စုပုံနေခြင်းက    ဦးနှောက်ထိခိုက်မှုများကို      သဘာဝအလျောက် ပြုပြင် ထိန်းသိမ်းပေးနေသော  Stem Cell များကို အနှောင့်အယှက်ဖြစ် စေနိုင်ကြောင်း၊ ယင်း Stem Cell များက မှတ်ဉာဏ်၊ သင်ယူမှုနှင့် ဦးနှောက်ဆင့်ကဲ တိုးတက်မှုဖြစ်စဉ်များတွင် အရေးပါသော ကဏ္ဍ၌ ရှိနေကြောင်း သိရသည်။

နေ့ဆိုင်း၊ ညဆိုင်းပြောင်း၍ အလုပ်ဆင်းရသူများနှင့် မကြာခဏ ခရီးသွားရသူများသည်  အိပ်စက်ချိန် မမှန်ခြင်းကြောင့်  မှတ်ဉာဏ်ပျက်စီးစေသည်။ ထို့ပြင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်စေနိုင်သည့်  ဦးနှောက် အတွင်း ဗီတာမင်အလွိုက် (ခေါ်) အသားဓာတ်တစ်မျိုး ဖြစ်ပေါ်လာသည်။

- အချိန်မမှန် စားသောက်နေထိုင်မှုပုံစံ အပြောင်းအလဲဖြစ်ပါက မှတ်ဉာဏ်ချို့ယွင်းနိုင်ပြီး    စိတ်ဖောက် ပြန်သည့်ရောဂါ လက္ခဏာများလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ကယ်လီဖိုးနီးယားရှိ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။

အကယ်၍ မိသားစုထဲတွင် ထိုရောဂါဖြစ်ဖူးသည့် ရာဇဝင်ရှိပါက မိမိတွင်လည်း အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေ  အဆမတန်ပိုများလေဖြစ်သည်။

- အချစ်ရေး သို့မဟုတ် အိမ်ထောင်ရေး အဆင်မပြေခြင်း၊ အလုပ်ထဲတွင် အထက်လူကြီး သို့မဟုတ် လုပ်ဖော်ကိုင်ဖက်  သို့မဟုတ်  အောက်လက်ငယ်သားများနှင့် အဆင်မပြေခြင်း၊  မိမိခံနိုင်ရည်စွမ်းအား ထက်ကျော်လွန်၍ ဦးနှောက်အလုပ်လုပ်စေခြင်း၊ အထီးကျန် စိတ်အားငယ်ပြီး စိတ်ဓာတ်ကျခြင်း၊  ရက်လတာရှည်အိပ်ရေးပျက် အိပ်ရေးမဝခြင်း စသည်တို့ကြောင့် အရွယ်မတိုင်မီ ဦးနှောက်ဇရာအကြိုရောဂါ ဖြစ်လာနိုင်သည်။

စမ်းသပ်စစ်ဆေးနည်း

ထိုရောဂါစွဲကပ်နေကြောင်း စောစီးစွာ သိရပါက ထိရောက်သည့်ကုထုံး ကောင်းမွန်သည့် ဆေးဝါးများဖြင့်  အချိန်မီကုသနိုင်လျှင် ရောဂါပျံ့နှံ့မှုကို ထိန်းထားနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မိမိတွင်  အထက် ဖော်ပြပါ ရောဂါလက္ခဏာများ  တွေ့ကြုံလာပါက   သက်ဆိုင်ရာဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ကာ စောစီးစွာဆေးကုသမှု ခံယူထားသင့်သည်။ ထိုရောဂါစမ်းသပ်ရာ တွင် (က) စိတ်အခြေအနေကို  စစ်ဆေး သည့်နည်း၊ (ခ) အဆင့်မြင့်ဓာတ်မှန်နည်း ပညာသုံး၍စစ်ဆေးနည်း၊  (ဂ)  လူနာ၏ဗီဇကိုစစ်ဆေးသည့်နည်း၊ (ဃ) သွေးထဲရှိ ဇီဝရုပ်ကြွင်းကိုစစ်ဆေးနည်း၊ (င) Cellular Stress Response (ခေါ်) ခန္ဓာကိုယ် ထဲရှိ ကလာပ်စည်းများ ဖိနှိပ်ခံရမှုအခြေ အနေကို  ခန့်မှန်းစစ်ဆေးနည်း  စသည် တို့ဖြင့် ရောဂါအခြေအနေကို စစ်ဆေးနိုင်မည်ဖြစ်သည်။

ဆောင်ရန်ရှောင်ရန်နည်းလမ်းများ

အောက်ဖော်ပြပါ  အစားအစာများနှင့် နေထိုင်ပြုမူပုံများက    အရွယ်မတိုင်မီ ဦးနှောက်ဇရာ အကြိုရောဂါ ဖြစ်မလာအောင်  အထိုက်အလျောက်   ကြိုတင်ကာကွယ် ပေးနိုင်ပါလိမ့်မည်။

အနီရောင်ပန်းသီးအခွံတွင်ပါရှိသော ဖလေဗိုနွိုက်ဓာတ်များက အယ်လ်ဇိုင်းမား ရောဂါအပြင် ပါကင်န်ဆဲန် (ခေါ်) အကြောအားနည်း၍  ခြေတုန်လက်တုန်ရောဂါတို့ကိုပါ    လျော့ပါးသက်သာစေသည်။ ထို့ကြောင့် အနီရောင်ပန်းသီးကို အခွံပါ စားပေးရပါမည်။ Cornell University တွင်   ကြွက်များကို    ပန်းသီးဖျော်ရည် စမ်းသပ်တိုက်ကျွေးခဲ့ရာ   ပန်းသီးထဲရှိ quercetin ဓာတ်သည်  ဦးနှောက်ထဲရှိ ဆဲလ်များ    ပျက်စီးယိုယွင်း လာခြင်းနှင့် မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာခြင်းတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိသဖြင့်   ပန်းသီးက  အယ်လ်ဇိုင်းမားရောဂါကို  ကာကွယ်ပေးနိုင်ကြောင်း အတည်ပြုထောက်ခံထားသည်။

တရုတ်ဆီးသီးက  အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေသည်။

- ဗီတာမင်ကေက   ဦးနှောက်ဇရာ အကြိုရောဂါမဖြစ်အောင် ကာကွယ်ပေး နိုင်သည်။  ပင်စိမ်း၊  ကိုက်လန်၊   ဟင်းနုနယ်၊  မုန်ညင်းစိမ်း၊  ဆလတ်ရွက်၊  ပန်းဂေါ်ဖီစိမ်း၊ ကညွတ်စသည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊   ကြက်သွန်မြိတ်၊ ဂေါ်ဖီ၊ သခွားသီး၊ ငရုတ်သီးမှုန့်၊ ဥအနှစ်နှင့်  တရုတ်ဆီးသီးခြောက်  စသည်တို့မှ ဗီတာမင်ကေ လုံလောက်စွာရရှိနိုင်သည်။

အနက်ရောင်ချောကလက်က အယ်လ် ဇိုင်းမားရောဂါဖြစ်ခြင်းမှ   ကာကွယ်ပေးသည်။

ပြောင်းဖူးထဲတွင် ပါရှိသော ဗီတာမင် B1 သည်  ဦးနှောက်ဆဲလ်များကို အား ကောင်းစေပြီး မှတ်ဉာဏ်နှင့် သိမြင်နိုင်စွမ်း ရည်တို့ကို တိုးတက်ကောင်းမွန်စေသည်။ ထို့ပြင်  အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ လျှော့ချပေးနိုင်သည်။

- နာတာရှည်အိပ်မပျော်ခြင်း၊ ဦးနှောက်အာရုံကြောပျက်စီးခြင်း၊ အယ်လ်ဇိုင်းမားနှင့် စိတ်ကစဉ့်ကလျား ရောဂါများအတွက် တရုတ်နံနံပင်က ကောင်းစွာကုသပေးနိုင်သည်။

ဂျာမနီနိုင်ငံ  ဆေးသုတေသီများ၏ မှတ်တမ်းများအရ ပင်စိမ်းရွက်ထဲတွင်ပါရှိ သော   သဘာဝဓာတ်ပေါင်းစု တစ်မျိုးက ဦးနှောက်စွမ်းဆောင်ချက်ကို   တိုးတက်ကောင်းမွန်စေသည့်အပြင် စိတ်ဓာတ်ကျခြင်း၊  စိတ်ဖိစီးခြင်းနှင့်  အယ်လ်ဇိုင်းမားရောဂါတို့ကို ထိထိရောက်ရောက်ကုသပေးနိုင်ကြောင်း    အတည်ပြု ထောက်ခံထားသည်။

ငါးများများစားပါ။ လိုအပ်ပါက ဖြည့်စွက်စာအဖြစ်   ငါးကြီးဆီသောက်ပေးနိုင်သည်။

လေ့လာချက်များအရ မိခင်နို့ဦးရည် နှင့်  နို့ချိုရည်များကို ငယ်စဉ်က  အလုံအလောက် သောက်သုံးခဲ့ရသော ကလေးများသည် သက်ကြီးပိုင်းရောက်သောအခါ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ လွန်စွာ နည်းပါးကြောင်း တွေ့ရသည်။ ထို့ကြောင့် နို့တိုက်မိခင်များအနေဖြင့်  သားသမီးရှေ့ရေးကို မျှော်တွေးကာ  နို့ချို၀၀တိုက်ကျွေး သင့်သည်။

ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့်ခံ ဆေးလိပ်မီးခိုးငွေ့ရှူရှိုက်ခြင်းက ဦးနှောက်ကျုံ့စေပြီး အယ်လ်ဇိုင်းမားရောဂါ၊ မေ့တတ်ခြင်း၊  ချက်ချင်းမစဉ်းစားနိုင်ခြင်း၊  စကားပီသစွာမပြောနိုင်ခြင်း    စသည့်ဦးနှောက်အကြိုဇရာရောဂါကို ဖြစ်စေသည်။

ရယ်မောပျော်ရွှင်ခြင်းက  ဦးနှောက်အတွက်   အကောင်းဆုံးအားဆေးတစ်ခွက် ဖြစ်သည်။   လေ့လာဆန်းစစ်ချက်များအရ ရယ်မောခြင်းက စိတ်ဖိစီးမှုပြေလျော့စေပြီး   ကိုယ်ခံစွမ်းအားတိုးတက်မြင့်မား စေ၍  အိန္ဒိယနိုင်ငံ၌  လွန်ခဲ့သောဆယ်စု နှစ်ခန့်ကစပြီး အယ်လ်ဇိုင်းမားရောဂါမဖြစ် အောင်  ကြိုတင် ကာကွယ်သည့်အနေဖြင့်  ဝါသနာတူလူများ စုဝေးဖွဲ့စည်းကာ နံနက်ချိန်ခါ စုပေါင်းရယ်မောပွဲများ ပြုလုပ်လာ ကြသည်။

နာတာရှည်ကျန်းမာရေးပြဿနာများ ဖြစ်ကြသော ဥပမာ- အဝလွန်ခြင်း၊ သွေးတိုး၊  ကိုလက်စထရောများခြင်း၊   ဆီးချို၊ သွေးချိုကဲ့သို့    ဝေဒနာများကိုကုသပါ။

ယင်းဝေဒနာများက  နှလုံးနှင့်  ဦးနှောက်ကျန်းမာရေးကို   အနှောင့်အယှက်ဖြစ်စေသည်။

ဗီတာမင်ဒီကို နံနက်ခင်းနေရောင်ခြည်၊ ငါးကြီးဆီ၊  ပင်လယ်ငါးအမျိုးမျိုး၊  ကမာ၊ ငါးဥ၊ ကြက်ဥ၊ ဘဲဥ၊  ငုံးဥတို့၏အနှစ်များ၊   နွားနို့၊  ဒိန်ခဲနှင့်  မှိုတို့မှ လုံလောက်စွာရရှိနိုင်သည်။

အဆီနည်းသော စားသောက်မှုပုံစံက အသက်အရွယ်အိုမင်းခြင်းဖြစ်စဉ်ကို ကောင်းကျိုးသက်ရောက်မှုရှိပြီး ဦးနှောက်ကျန်းမာရေးအတွက်   အထောက်အကူပြုပေးနိုင်သည်။

မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာက    အသေးစားဖြစ်သည့်တိုင်အောင် ဦးနှောက်စွမ်းရည် ကျဆင်းနိုင်ခြေနှင့် အတိတ်မေ့ရောဂါ  ဖြစ်နိုင်ခြေတို့ကို   မြင့်တက်စေသည်။ ထို့ကြောင့် ဦးခေါင်းကို ဒဏ်ရာမရအောင် ကာကွယ်ပါ။

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက    ဦးနှောက် စွမ်းရည်ကို  သိသိသာသာ တိုးတက်မြင့်မားလာစေသည်။

ပေါက်ပေါက်