စင်ကာပူနိုင်ငံ၏ဆင်းရဲမှုလျှော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေများအား လေ့လာခြင်း

စင်ကာပူနိုင်ငံ၏ဆင်းရဲမှုလျှော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေများအား လေ့လာခြင်း

 

အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဝန်ကြီးများအဆင့် အစည်းအဝေး (AMRDPE)၊ အဆင့်မြင့်အရာရှိကြီးများအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်  ဆင်းရဲမှုလျှော့ချရေး အစည်းအဝေး(SOMRDPE)နှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံနိုင်ငံများအလိုက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး (၁၃) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ဝန်ကြီးများအဆင့် အစည်းအဝေး(13th AMRDPE)နှင့် အကြိမ်(၂၀) မြောက် အဆင့်မြင့် အရာရှိကြီးများအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအစည်းအဝေး (20th SOMRDPE) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံမှာ သုံးရက်ကြာ ကျင်းပသွားရန် ရှိပါတယ်။

စင်ကာပူနိုင်ငံဟာ ၁၉၅၉ ခုနှစ်မှာ ဗြိတိသျှအင်ပါယာအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ဖြစ်လာခဲ့ပြီး ၁၉၆၅ ခုနှစ် သြဂုတ် ၉ ရက်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်ရပ်တည်ခဲ့ပါတယ်။ လူမျိုးရေး ပြဿနာများရဲ့ ခြိမ်းခြောက်မှုများကို ထိန်းချုပ်ခဲ့ပြီး ယောကျ်ားလေးတိုင်း စစ်မှုမထမ်း မနေရ စနစ်ဖြင့် လွတ်လပ်သောနိုင်ငံ၏ ကာကွယ်ရေးစနစ်ကို တည်ဆောက်ခဲ့တာတွေ့ရပါတယ်။  ဝက်မင် စတာစနစ် ကျင့်သုံးသော ပါလီမန်ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ကမ္ဘာတွင် အကျင့်ပျက်ခြစားမှု အနည်းဆုံး သော နိုင်ငံတစ်နိုင်ငံအဖြစ် နယူးဇီလန်နိုင်ငံနှင့် စကင်ဒီနေဗီးယားနိုင်ငံများနဲ့အတူ အမြဲတစေ ပါဝင်လေ့ရှိတာကို အားကျဖွယ်တွေ့ရပါတယ်။

ပင်လယ်ရေပတ်လည် ဝိုင်းရံလျက်ရှိသည့် ကျွန်းနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံဟာ ၁၉၆၀ ပြည့်နှစ်တွင်   ၂၂၄ ဒသမ ၅ စတုရန်းမိုင်သာရှိခဲ့သော်လည်း ပင်လယ်ပြင်အတွင်းမြေဖို့၍ မြေနေရာအသစ်များ ချဲ့ထွင် နိုင်ခဲ့ခြင်းကြောင့်   ယခုအခါ World data info အရ ၂၇၈ စတုရန်းမိုင်အထိ ရှိလာခဲ့ပါ တယ်။ ၂၀၃၀ ပြည့်နှစ်မှာနောက်ထပ် ၄၀ စတုရန်းမိုင် ထပ်မံတိုးချဲ့ရန် စီမံကိန်းချမှတ် လုပ်ဆောင် လျက်ရှိကြောင်း လည်း သိရပါတယ်။

သေးငယ်တဲ့ကျွန်းများကို မြေဖို့ပေါင်းစပ်ပြီး ကျယ်ပြန့်ကြီးမား၍ အလုပ်လုပ်ရန် အဆင်ပြေသော ကျွန်းများအဖြစ် တည်ဆောက်မယ့် စီမံကိန်းဖြစ်ပါတယ်။ နိုင်ငံကုန်းမြေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ကို ပန်းခြံများနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာနေရာများအဖြစ် ချန်ထားတာတွေ့ရပြီး Yale Center for Environmental Law & Policy ရဲ့ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စွမ်းဆောင်မှုညွှန်းကိန်းတွင် အဆင့်လေးရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံ၏စီးပွားရေး

အာဆီယံအဖွဲ့စတင်ဖွဲ့စည်းသည့် စဦးငါးနိုင်ငံတွင်ပါဝင်တဲ့ စင်ကာပူနိုင်ငံဟာ အာဆီယံဒေသတွင်း  ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးခိုင်မာ အားကောင်းစေရေးအတွက် အာဆီယံလွတ်လပ်သော ကုန်သွယ်မှု ဒေသနှင့် အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသ (ASEAN Free Trade Area and the ASEAN Investment Area) တို့ဖြစ်ပေါ်လာစေရန် အခိုင်အမာအားပေးသူ ဖြစ်ပါတယ်။  

ယခင်ဝန်ကြီးချုပ်ဂိုချောက်တောင်က အာဆီယံစီးပွားရေး အသိုက်အဝန်းဖြစ်ပေါ်စေရန် အဆိုပြုခဲ့ပြီး ဘုံဈေးကွက်တစ်ခုဖြစ်စေရန်အထိ ရည်ရွယ်ခဲ့တယ်လို့ဆိုပါတယ်။

စင်ကာပူနိုင်ငံဟာ အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်ရုံး ရုံးစိုက်ရာ ဖြစ်သလို အခြားသောဒေသဆိုင်ရာ အဖွဲ့အစည်းများဖြစ်တဲ့ အာရှ-ဥရောပအစည်းအဝေး အဖွဲ့၊အရှေ့အာရှနှင့်  လက်တင်အမေရိက   ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊  အာရှကွန်ရက်နှင့်  အရှေ့အာရှထိပ်သီး အစည်းအဝေးအဖွဲ့တို့တွင်လည်း ပါဝင်ပါတယ်။ ထို့ပြင် ဘက်မလိုက်လှုပ်ရှားမှု၏  အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သလို ဓနသဟာယအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ စင်ကာပူနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့အကြား နီးကပ်တဲ့ဆက်ဆံရေးရှိပြီး လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် လည်း ရရှိထားတာတွေ့ရပါတယ်။ စင်ကာပူနိုင်ငံဟာ စီးပွားရေးစနစ်အားဖြင့် အလွတ်လပ်ဆုံး၊   တီထွင်ကြံဆမှု အကောင်းဆုံး၊ ပြိုင်ဆိုင်မှုအများဆုံးနှင့် စီးပွားရေးလုပ်ရန် အကောင်းဆုံး နိုင်ငံ တစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ် စီးပွားရေးလွတ်လပ်မှုညွှန်းကိန်းအရ ကမ္ဘာပေါ်မှာ စီးပွားရေးအရ  ဒုတိယမြောက် လွတ်လပ်မှု အရှိဆုံးနိုင်ငံလို့ဆိုပါတယ်။ စီမံခန့်ခွဲမှုဖွံ့ဖြိုးရေး နိုင်ငံတကာအဖွဲ့၏ နိုင်ငံပေါင်း ၆၄ နိုင်ငံ ကမ္ဘာ့ယှဉ်ပြိုင်မှုအဆင့် သတ်မှတ်ချက်အရ   ၂၀၂၃ ခုနှစ်တွင် စီးပွားရေးအရ ယှဉ်ပြိုင်မှုအား အကောင်းဆုံးကမ္ဘာ့အဆင့်လေးနေရာတွင် ရပ်တည်လျက်ရှိတာကိုတွေ့ရပြီး တစ်ဦးချင်း GDP တတိယအမြင့်ဆုံးဖြစ်တာ   တွေ့ရှိရပါတယ်။

ဟောင်ကောင်၊   တောင်ကိုရီးယား၊ ထိုင်ဝမ်တို့နှင့်အတူ အာရှကျားလေးကောင်တွင်ပါဝင်ခဲ့ပြီး ယခုအခါ  လူတစ်ဦးချင်းအလိုက် GDP အရ အခြားကျားသုံးကောင်ကို ကျော်တက်သွားခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုနှင့် ငွေကြေးစီးဆင်းမှုဟာ GDP ၏ ၄၀ ဒသမ ၇၉ ရာခိုင်နှုန်းမျှရှိပြီး  ကမ္ဘာတစ်ဝန်း  ကုန်တင်ပို့မှုအများဆုံးအဆင့် အဆင့် ၁၄၊ ကုန်တင်သွင်းမှုတွင် အဆင့် ၁၅ ဖြစ်တာ တွေ့ရပါတယ်။ ထိပ်တန်းပြည်ပပို့ကုန်များမှာ သန့်စင်ပြီးရေနံ၊ အိုင်စီ၊ ဆားကစ်နှင့် ကွန်ပျူတာတို့ဖြစ်ကြပြီး  ကမ္ဘာပေါ်ရှိ ထိပ်တန်းရေနံချက်လုပ်ရာ နေရာသုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။   ကမ္ဘာပေါ်တွင်   ရေနံတူးစင် အများဆုံးထုတ်လုပ်ရာနှင့် သင်္ဘောများပြင်ဆင်ရာ အဓိကနေရာတစ်ခုဖြစ်ပြီး ကမ္ဘာ့အချက်အချာ သင်္ဘောဆိပ်ကမ်းမြို့တော်လည်း ဖြစ်ပါတယ်။ ထို့ပြင် နိုင်ငံတကာငွေကြေးဆိုင်ရာ  ဗဟို၏စစ်တမ်းအရ ၂၀၂၃  ခုနှစ်တွင် ကမ္ဘာ့တတိယမြောက် နိုင်ငံခြားငွေလဲလှယ်မှုဗဟိုနှင့် ငွေကြေးဆိုင်ရာဗဟိုဖြစ်တယ်လို့   သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးခရီးသွားလုပ်ငန်းအနေနဲ့လည်း  အာရှတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်   အကောင်းဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့အဆင့် ၁၀ ဖြစ်ခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့အဆင့်တစ် ဖြစ်လာခဲ့ပါတယ်။ နိုင်ငံခြားသားပေါင်း ၂၀၀၀၀၀ ကျော်ခန့် နှစ်စဉ်လာရောက် ဆေးကုသမှု ခံယူကြတယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံဟာ ကမ္ဘာ့အကောင်းမွန်ဆုံး ပညာရေးစနစ်ရှိတဲ့ ၁၀  နိုင်ငံ စာရင်းမှာပါဝင်ပြီး နှစ်စဉ်ကမ္ဘာတစ်ဝန်းက နိုင်ငံတကာကျောင်းသားပေါင်း ၅၅၀၀၀ ကျော် လာရောက် ပညာသင်ကြားလေ့ရှိတာတွေ့ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာတက္ကသိုလ်များ အဆင့်သတ်မှတ်မှု အနေဖြင့် လည်း အဆင့် ၈  တွင်ရှိပြီး အာရှအဆင့်သတ်မှတ်မှုတွင် အဆင့် ၁ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် စင်ကာပူနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

စင်ကာပူနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မှာတော့ တစ်နှစ်လုံးအတွက် ၃ ဒသမ ၆ ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့တာ တွေ့ရပါတယ်။ ကုန်ထုတ်လုပ်မှုကဏ္ဍအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ၁၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မှာတော့  ၂ ဒသမ ၅ ရာခိုင်နှုန်းသာ တိုးတက်ခဲ့တာဖြစ်ပေမယ့် ဓာတုပစ္စည်းများနှင့် ဇီဝဆေးပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများမှအပ အခြားကဏ္ဍအားလုံး တိုးချဲ့ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဆောက်လုပ်ရေး ကဏ္ဍမှာအစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ဆောက်လုပ်ရေးလုပ်ငန်း နှစ်ခုလုံးအနေနဲ့ ၂၀၂၁ ခုနှစ်တွင် ၂၀ ဒသမ ၅  ရာခိုင်နှုန်းတိုးချဲ့ ဆောင်ရွက်နိုင်ခဲ့သော်လည်း ၆ ဒသမ ၇ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါတယ်။  စက်မှု ထုတ်လုပ်ရေးဝန်ဆောင်မှုလုပ်ငန်းများ အနေနဲ့လည်း ၂၀၂၁ ခုနှစ်က ၇ ဒသမ ၆ ရာခိုင်နှုန်း    တိုးချဲ့ ဆောင်ရွက်ခဲ့ရာမှ၂၀၂၂ ခုနှစ်မှာ  ၄ ဒသမ ၈ ရာခိုင်နှုန်းသာ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့တာတွေ့ရပါတယ်။     လက်ကားကုန်သွယ်မှု၊ အခြားဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ကဏ္ဍများ ရဲ့ ထောက်ကန်ပံ့ပိုးမှုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အားလို့ဆိုရမှာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွက် စီးပွားရေးအလားအလာ

စင်ကာပူနိုင်ငံရဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ စီးပွားရေးစစ်တမ်းအရ စင်ကာပူနိုင်ငံရဲ့ပြင်ပဝယ်လိုအား အလားအလာဟာ အနည်းငယ်တိုးလာခဲ့တယ်လို့ဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာနှင့် ပြည်တွင်း စီးပွားရေး အခြေအနေကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ၂၀၂၃ ခုနှစ်မှာ GDP တိုးတက်မှုနှုန်းကို သုည ဒသမ ၅ ရာခိုင်နှုန်းမှ  ၂ ဒသမ ၅ ရာခိုင်နှုန်းအကြားထိန်းထားနိုင်ဖို့ မျှော်မှန်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ ပထမသုံးလပတ်အတွင်း   ကမ္ဘာလုံးဆိုင်ရာစောင့်ကြည့်မှု စစ်တမ်းတွေအရ ၂၀၂၃ ခုနှစ်မှာ ငွေကြေး ကဏ္ဍအပါအဝင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများမှာပါ စင်ကာပူဟာ ထိပ်ဆုံးမှာ ရပ်တည်လာနိုင် တာကို အားကျဖွယ်တွေ့မြင်ရပါတယ်။

စင်ကာပူနိုင်ငံ၏ စီးပွားရေးမူဝါဒ 

စင်ကာပူနိုင်ငံရဲ့ စီးပွားရေးအောင်မြင်မှုသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုကို အထောက်အပံ့ပြုတဲ့ ဝန်းကျင် ကောင်းကို ထိန်းသိမ်းထားနိုင်ရန်ရည်ရွယ်ပြီး ခိုင်မာအားကောင်းသည့် မက်ခရိုစီးပွားရေး မူဝါဒများ အပေါ် အခြေခံထားတာတွေ့ရပါတယ်။ စီးပွားရေးပညာရှင်များရဲ့အဆိုအရ  နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ မက်ခရိုစီးပွားရေးအပေါ် များစွာမှီတည်မှုရှိပြီး မက်ခရိုစီးပွားရေးကို သိရှိနားလည် ခြင်းက မှန်ကန်တဲ့စီးပွားရေး မူဝါဒတွေရေးဆွဲဖို့၊ နိုင်ငံတကာစီးပွားရေးမူဝါဒများနဲ့ ဟန်ချက်ညီစွာ ဆောင်ရွက် နိုင်ဖို့အတွက် များစွာအထောက်အကူပြုနိုင်တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ ဒါ့အပြင် မက်ခရိုစီးပွားရေးပညာဟာ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ပေါများမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း မတည်ငြိမ်မှု  အစရှိတဲ့ စီးပွားရေးပြဿနာအရပ်ရပ်ကို ဖြေရှင်းရာမှာလည်း များစွာအထောက်အကူပြု တယ်လို့ဆိုပါတယ်။

၁၉၆၅ ခုနှစ် လွတ်လပ်ရေးရပြီးချိန်ကစ စင်ကာပူနိုင်ငံရဲ့စီးပွားရေးဟာ လျင်လျင်မြန်မြန် တိုးတက်လာ ခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ ပွင့်လင်းမြင်သာပြီး Outward-Oriented Development Strategy လို့ခေါ်တဲ့ ပြည်ပပို့ကုန်အသားပေး ဖွံ့ဖြိုးရေးမဟာဗျူဟာကို ကျင့်သုံးခဲ့ခြင်းပါပဲ။      

ပြည်ပပို့ကုန်များကို ထုတ်လုပ်ရာမှာလည်း လုပ်သားအင်အားသုံး ထုတ်ကုန်များမှသည် လျှပ်စစ်ပစ္စည်း၊ ဓာတုပစ္စည်းနှင့် ဇီဝဓာတုပစ္စည်းများကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန်များအထိ ပြောင်းလဲ ထုတ်လုပ် လာနိုင်ခဲ့တာ တွေ့ရပါတယ်။

ငွေကြေးဆိုင်ရာနှင့် စီးပွားရေးဝန်ဆောင်မှုကဏ္ဍများရဲ့ ဈေးကွက်ဝေစု တိုးတက်လာတာနဲ့အမျှ ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍဟာလည်း စီးပွားရေးဖွံ့ဖြိုးမှုမှာ များစွာအရေးပါလာခဲ့ပါတယ်။

စင်ကာပူနိုင်ငံ၏ GDP

GDP ရှုထောင့်မှကြည့်လျှင် အာဆီယံအတွင်းကွာဟချက်သည် ကြီးမားနေဆဲ ဖြစ်ပါတယ်။ International Monetary Fund (IMF) Report အရ ၂၀၂၂ ခုနှစ်တွင် စင်ကာပူနိုင်ငံရဲ့ တစ်ဦးချင်း GDP ဟာ ၈၂ ၈၀၇ အမေရိကန်ဒေါ်လာဖြစ်ပြီး အာဆီယံရှိ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့ တွင် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၅၄၃၉ နှင့် ဘရူနိုင်းတွင် တစ်ဦးချင်း GDP မှာ အမေရိကန် ဒေါ်လာ ၃၇၆၆၇ ရှိ၍ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့ရဲ့ တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ ၁၉၀၀ ခန့်သာရှိတဲ့အတွက် အာဆီယံ ဒေသတွင်းမှာ စင်ကာပူဟာတစ်ဦးချင်း GDP အမြင့်ဆုံး ဖြစ်ပါတယ်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ၏ ချိတ်ဆက်မှုနှင့် ဆင်းရဲမှုလျှော့ချခြင်း

Jalilian, Hossein နှင့် John Weiss တို့ရဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI)နှင့် အာဆီယံ ဒေသတွင်း ဆင်းရဲမှုစာတမ်းအရ ဒေသတွင်းဆင်းရဲမှုလျှော့ချခြင်းတွင် FDI သည် အဓိကအခန်း ကဏ္ဍမှ ပါဝင်သည်ကို တွေ့ရပါတယ်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ခြင်းသည် နိုင်ငံ့စီးပွား မြင့်မားရေးကို များစွာအထောက်အကူပြုသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဆင်းရဲမှုနှုန်းကို လျှော့ချ ပေးနိုင်တာ အမှန်ပဲ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံအစိုးရရဲ့ စာရင်းအချက်အလက်များအရ ၁၉၉၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ စင်ကာပူ နိုင်ငံဟာ လာအိုနှင့် ကမ္ဘောဒီးယားတို့ထက် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊  ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်းတို့မှာ ပိုပြီးရင်းနှီးမြှုပ်နှံ ထားတာတွေ့ရတဲ့ အပြင် ရင်းနှီးမြှုပ်နှံမှု ပမာဏအနေနဲ့လည်း တိုးမြှင့်တဲ့ဘက်ကိုသာ သွားတာတွေ့ရပါတယ်။ ဘရူနိုင်း ဒါရူဆလမ် နိုင်ငံမှာ ၁၉၉၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၅ သန်းရှိခဲ့ရာမှ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၄ ဒသမ ၉ သန်းအထိရှိခဲ့ပြီး ၅၁ ဒသမ ၆ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ၂၆၈ ဒသမ ၂ သန်းအထိ ရောက်ရှိခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာလည်း  ၁၉၉၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၃၅၉ ဒသမ ၉ သန်းသာရှိခဲ့ပြီး၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅၂၃၃ ဒသမ ၆ သန်းအထိရောက်ရှိခဲ့ကာ ၂၇ ဒသမ ၆ ဆအထိ တိုးလာခဲ့ပါတယ်။   မလေးရှားနိုင်ငံမှာ ၁၉၉၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁၈၂ ဒသမ ၃ သန်းရှိခဲ့ရာ မှ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၄၂၉၃ ဒသမ ၆ သန်းအထိရောက်ရှိကာ ၆ ဒသမ ၆ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံတွင် ၁၉၉၄ ခုနှစ်က ၄၄၅ ဒသမ ၂ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ ၈၈၄၈ ဒသမ ၉ သန်းအထိ တိုးတက်လာခဲ့၍ ၁၉ ဒသမ ၈ ဆတိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင် ၁၉၉၄ ခုနှစ်က အမေရိကန်ဒေါ်လာ   ၁၀၇၃ဒသမ ၆ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၁၁၃၅ ဒသမ ၄ သန်းအထိ ရောက်ရှိကာ၂၉ ဆ တိုးလာခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံတွင် ၁၉၉၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၇၂ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂၁၉၉ ဒသမ ၈  သန်းအထိ ရောက်ရှိခဲ့ကာ အဆ ၇၀ တိုးလာခဲ့ပါတယ်။

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး ၁၉၉၄ ခုနှစ်က အင်ဒိုနီးရှား နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၃၅၉ ဒသမ ၉ သန်းရှိခဲ့ရာ အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံအားလုံး၏ ၁၈ ဒသမ ၉ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ပြီး  ဒုတိယနေရာတွင်ရပ်တည်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှာ    အမေရိကန်ဒေါ်လာ ၆၅၂၃၃ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ယင်းမှာအာဆီယံနိုင်ငံများ၏ ၃၅ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိ၍ အာဆီယံဒေသတွင်း ထိပ်တန်း ရင်းနှီး မြှုပ်နှံသူ  ဖြစ်လာခဲ့ပါတယ်။

၁၉၉၄ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၁၈၂ ဒသမ ၃ သန်းရှိခဲ့ပြီး အရှေ့တောင်အာရှတစ်ခုလုံး၏ ၆၅ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ပထမနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က မလေးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၄၂၉၃ ဒသမ၆ သန်းရှိခဲ့ပြီး အရှေ့တောင်အာရှ၏ ၂၉ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့၍ စင်ကာပူနိုင်ငံ၏ ဒုတိယ အကြီးဆုံး   ရင်းနှီးမြှုပ်နှံသူဖြစ်စေခဲ့ပါတယ်။

အထက်မှာဆိုခဲ့သလိုပဲ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)ဟာ ဆင်းရဲမှုလျှော့ချရေးနှင့် နိုင်ငံ့စီးပွား မြင့်မားရေးမှာ အဓိကကျတဲ့အတွက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက် လာစေမယ့် ဝန်းကျင်ကောင်းမျိုး ဖန်တီးပေးနိုင်ဖို့လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု အဆင်ပြေ တိုးတက်ရင်  ဝင်ငွေတိုးပြီး   စီးပွားရေးကောင်းမယ်။ စီးပွားရေးကောင်းပြီး ဝင်ငွေတိုးမှသာ အခြေခံ အဆောက်အဦ ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ပိုမိုကြည့်ရှု လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

လူမှုကာကွယ်စောင့်ရှောက်ရေးတွေ ပိုမိုဆောင်ရွက်လာနိုင်မှ လူမှုဘဝလုံခြုံမှုတိုးမြင့်လာမှာဖြစ်သလို   တစ်ဖက်တွင်လည်း ဝင်ငွေတိုးပွားမှုကြောင့်ဆင်းရဲမှုမှ လွတ်ကင်းနိုင်မှာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ လူမှုကာကွယ်စောင့်ရှောက်ရေးအနေနဲ့ အိမ်ရာပိုင်ဆိုင်မှု၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ပညာရေးနှင့် အငြိမ်းစားယူချိန် လိုအပ်ချက်များစသည့် ကဏ္ဍ (၅) ရပ်ကို   အဓိကထားပြီး ComCare Services ကို အစိုးရက ဆောင်ရွက်ပေးလျက်ရှိတာတွေ့ရပါတယ်။ ဒီ ComCare Services မှာ ကာလတို၊ ကာလလယ်၊ ကာလရှည် ထောက်ပံ့ကူညီမှုအစီအမံတွေ ပါဝင်သလို ကြားကာလ အကူအညီပေးရေး အစီအမံတွေ၊ ကလေးများအတွက် အကူအညီပေးရေး အစီအမံတွေ ပါဝင်တာ သဘောကျဖွယ်တွေ့မြင်ရပါတယ်။

လေ့လာသုံးသပ်ချက်

စင်ကာပူနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များကို လေ့လာ ကြည့်ရာတွင် စင်ကာပူဟာ  ၎င်းတို့ရဲ့ ရေရှည်စီးပွားရေးမဟာဗျူဟာများ၊   မူဝါဒများကို စဉ်ဆက်မပြတ် အကဲဖြတ်စစ်ဆေးပြီး  ပြောင်းလဲနေတဲ့စိန်ခေါ်မှုများနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်တာကို   တွေ့ရပါတယ်။  

ကောင်းမွန်တဲ့ ဆက်သွယ်ရေးစနစ်ရှိပြီး အခြေခံအဆောက်အဦများ ပြည့်စုံခြင်း၊ လူသားအရင်းအမြစ် ပညာတတ်များ၊ ကျွမ်းကျင်ပညာ တတ်လုပ်သားများရှိခြင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပညာရေး အညွှန်းကိန်းတွင် စင်ကာပူသည် အဆင့် ၁၀ တွင် ရှိသောကြောင့် ပညာရေးစနစ်ကောင်းမွန်ပြီး လုပ်ငန်းနယ်ပယ်အလိုက် လိုအပ်တဲ့ပညာတတ်များ၊ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ခြင်း၊    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)အနေဖြင့်လည်း အာရှဈေးကွက်အပါအဝင် နိုင်ငံအများစုမှ ရင်းနှီးမြှုပ်နှံ နေသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ကောင်းမွန်စွာဆွဲဆောင်နိုင်မှုရှိခြင်း၊  ငွေကြေးဖောင်းပွမှု မရှိဘဲ တည်ငြိမ်မှုရှိခြင်း၊ အခွန်ဆိုင်ရာမူဝါဒများသည် စီးပွားရေးကိုပို၍ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်နှင့်    နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်ခြင်း၊ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရစနစ်ရှိခြင်း၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းမှုရှိခြင်း၊ နိုင်ငံတွင်းဘက်လိုက်ခြစားမှု ကင်းစင်ခြင်း၊ စီးပွားရေးလုပ်ရန်   လွယ်ကူအဆင်ပြေသည့် နိုင်ငံများစာရင်းတွင်လည်း နှစ်စဉ်အကောင်းဆုံးနိုင်ငံအဆင့် ၁ မှ ၁၀ နိုင်ငံ အတွင်း ပါဝင်မှုရှိခြင်းစသည့် အားသာချက်များကို  တွေ့ရှိရပါတယ်။

ဒါ့ကြောင့် စာရေးသူတို့နိုင်ငံအနေနဲ့လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုကို အထောက်အပံ့ပြုတဲ့ ဝန်းကျင်ကောင်းမျိုး ဖန်တီးပေးနိုင်ဖို့လိုအပ်သလို စင်ကာပူနိုင်ငံအပါအဝင် ပြည်ပပို့ကုန်အသားပေး  ဖွံ့ဖြိုးရေးမဟာဗျူဟာဖြင့်  ဖွံ့ဖြိုးပြီးနိုင်ငံများအဖြစ် ရောက်ရှိသွားကြသော နိုင်ငံများကို စံနမူနာပြု၍ ပို့ကုန်အရည်အသွေးရှိ   တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ရေးကို ဦးတည်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။

“တစ်ယောက်အားနဲ့ ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏” ဆိုသလိုပဲ ကောင်းမွန်တဲ့ အရွေ့တစ်ခု ဖန်တီးနိုင်အောင်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုတဲ့   ဝန်းကျင်ကောင်းမျိုး ပိုင်ဆိုင်တဲ့   နိုင်ငံတစ်ခုဖြစ်အောင် တက်ညီလက်ညီ ကြိုးစားသွားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။   ။

ရည်ညွှန်းကိုးကားချက်     

https://www.worlddata.info/asia/singapore/index.php

https://epi.yale.edu/about-epi

https://www.statista.com/statistics/1376359/health-and-healthsystem-rank... worldwide/

https://wisevoter.com/countryrankings/education-rankings-bycountry/

https://www.trade.gov/countrycommercial-guides/singaporeeducation-and-tr...

https://www.mti.gov.sg/Newsroom/Press-Releases/2023/05/MTI-Maintains- 2 0 2 3 - G D P -Growth-Forecast-at-0_5-to-2_5-Per-Cent

https://news-eleven.com/editorials/75408 (မက်ခရိုစီးပွားရေးပညာ)

https://www.macrotrends.net/countries/SGP/singapore/gniper-capita

• University of British Columbia,USDpages (Foreign CurrencyUnits per 1 U.S. Dollar, 1950-2022), https://fx.sauder.ubc.ca

ခန့်ဇော်(ကျေးလက်)