တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေး

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေး

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၂

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ အား ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

              ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

            အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ တပ်မတော်ဆေးရုံနှင့် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများ အား ရင်းရင်းနှီးနှီး လိုက်လံမေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

            ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။