လူငယ်များဗလငါးတန်ပြည့်ဝရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေး

လူငယ်များဗလငါးတန်ပြည့်ဝရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေး

လူငယ်ဆိုတာ   အပြစ်ကင်းစင်ပြီး တက်ကြွတဲ့သူတွေ ဖြစ်ပါတယ်။ အရောင်နဲ့တင်စားရရင်တော့ အဖြူရောင် သက်သက်ပါပဲ။ အဖြူရောင်ရဲ့သဘာဝက အစွန်းအထင်းမခံပါဘူး။ အကိုင်အတွယ်မတတ်ရင် ညစ်ပေလွယ်ပါတယ်။ လူငယ်ဆိုတာလည်း ဒီလိုပါပဲ။ ကိုင်တွယ်ထိန်းသိမ်းမှုကောင်းရင် ကောင်းသလို အင်အားတွေ ဖြစ်လာပြီး  ထိန်းသိမ်းမှုမကောင်းရင်  အင်အားတွေ   ဆုံးရှုံးရမှာဖြစ်ပါတယ်။ လူငယ်ဆိုတာ နိုင်ငံ့အင်အားဖြစ်တဲ့အတွက် လူငယ်တွေကိုပြုစုပျိုးထောင်အရောင်တင်ခြင်းဟာ နိုင်ငံတော်တိုးတက်ဖို့ အရေးပါတဲ့ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက်(၉)ရပ်ထဲက   လူမှုရေးဦးတည်ချက်မှာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်  အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးလို့   ပါဝင်ပါတယ်။ ဒီဦးတည်ချက်ကိုကြည့်ရင်   လူငယ်မျိုးဆက်သစ်တွေကို  ပြုစုပျိုးထောင်ပြီး နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်တယ်လို့ ယူဆမိပါတယ်။ နိုင်ငံမှာရှိတဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေဆိုတာ ကုန်ဆုံးသွားနိုင်ပေမယ့် လူသားစွမ်းအား အရင်းအမြစ်ဆိုတာ ဘယ်တော့မှ ကုန်ဆုံးသွားမှာ မဟုတ်ပါဘူး။ မကုန်ဆုံးနိုင်တဲ့ အရင်းအမြစ်တွေကို ပြုစုပျိုးထောင်ပေးခြင်းဟာ  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်  အလွန်သင့်လျော်မှန်ကန်တဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။

လူတိုင်းငယ်ရွယ်စဉ်ကာလမှာ မဖြစ်မနေလုပ်ဆောင်ရမယ့်အရာက ပညာသင်ကြားခြင်းဖြစ်ပါတယ်။ ပညာရေးဆိုတာ လူတွေအတွက် အလွန်အရေးကြီးပါတယ်။ ပညာတတ်မှ အမှားအမှန်ချင့်ချိန်နိုင်မယ်။

အမှားအမှန်သိမှ မှန်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်မှာပါ။ ပညာသမာ အာဘာနတ္ထိလောက၌ ပညာနဲ့တူတဲ့အရာသည်မရှိလို့ ပြောကြပါတယ်။ တကယ်လည်း ပညာနဲ့တူတဲ့အရာဆိုတာ   မရှိပါဘူး။

ပညာဆိုတာ    လူသားတွေရဲ့ဘဝတစ်ခုလုံးအတွက် မရှိမဖြစ်အလင်းရောင်ပါပဲ။

ပုဂံခေတ် သိင်္ဃသူ့သမီးကျောက်စာမှာ ပညာမရှိသော၊ မိုက်သော၊ ဝန်တိုသော၊ အပေးအကမ်းမရှိသော၊ သစ္စာမရှိသော၊ ပျက်တတ်သော၊   မေ့လျော့သော၊ အောက်မေ့တသကင်းသော၊ မဖြစ်မူ၍။ ရမ္မက်နည်းသော၊ ရောင့်ရဲလွယ်သော၊ အမျက်နည်းသော၊ သနားတတ်သော၊ ပညာရှိသော၊ အကြောင်းကိုသိတတ်သော၊ ဝန်မတိုသော၊ အပေးအကမ်းရှိသော၊ သစ္စာရှိသော၊ မပျက်တတ်သော၊ မမေ့လျော့သော၊  အောက်မေ့တသရှိသော ဤသို့သော  ကျေးဇူးတို့နှင့်ပြည့်စုံလျက် သံသရာ၌ကျင်လည်၍ မေတ္တယျဘုရား မျက်မှောက်ကင်္ကာလျှင် မြတ်သောအကျွတ်တရားရလိုသတည်းလို့ ရေးထိုးထားတာတွေ့ရပါတယ်။

အတိုချုပ်ပြောရရင်တော့ သိင်္ဃသူ့သမီးကျောက်စာမှာ ပညာနဲ့ပတ်သက်ပြီး ပညာမရှိသော၊ မိုက်သော၊ ဝန်တိုသော ၊ ပညာရှိသော၊ အကြောင်းကိုသိတတ်သော၊ ဝန်မတိုသောဆိုတဲ့ စကားနှစ်ရပ်ပါဝင်တယ်။ ပညာမရှိရင် မိုက်မယ်။ ပညာရှိရင်အကြောင်းကိုသိတတ်မယ် အကြောင်းကို သိတတ်တယ် ဆိုတာကအကြောင်းအကျိုးအကောင်းအဆိုးတွေကို  သိပြီး   ဘဝအောင်မြင်မှုတွေရမယ်။ ဘယ်အထိအောင်မြင်မလဲဆိုရင်တော့ အကျွတ်တရားရပြီး နိဗ္ဗာန်အထိတိုင်ရောက်နိုင်တယ်လို့ နားလည်မိပါတယ်။ ပညာရဲ့တန်ခိုးက ကြီးမားလှပါတယ်။

စာဆိုတော်ကြီးရှင်မဟာရဋ္ဌသာရက စာသင်သားတွေကို သုစိပုဘာ ဝိလိသိဓာ အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းသွင် နေ့တိုင်းဆင်လော့လို့  ဆုံးမခဲ့ပါတယ်။

သု = သုဏေယျ-ကြားနာရာ၏။  စိ = စိန္တေယျ- ကြံစည်ရာ၏။ ပု = ပုစ္ဆေယျ-မေးမြန်းရာ၏။ ဘာ =ဘာသေယျ-ပြောဆိုဆွေးနွေးရာ၏။ ဝိ=ဝိစာရေယျ- စူးစမ်းဆင်ခြင်ရာ၏။ လိ = လိခေယျ-ရေးမှတ်ရာ၏။ သိ = သိက္ခေယျ- လေ့ကျင့်ရာ၏။ ဓာ = ဓာရေယျ -နှုတ်တက်ဆောင်ရာ၏ ဆိုတာကိုကြည့်ရင်   ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး အလေးအနက်ဆုံးမခဲ့တာကို တွေ့ရပါတယ်။ ခေတ်မီနေဆဲ အဆုံးအမတွေဖြစ်ပါတယ်။

မဃဒေဝလင်္ကာသစ်မှာ မန်လည်ဆရာတော်ကြီးက ပညာပြည့်၀ နှလုံးလှသော်၊  ကိစ္စကြီးငယ်   ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊  ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏လို့  ဖွဲ့ဆိုခဲ့ပါတယ်။

ဆောက်သွားကို အကျဉ်းအကျယ်လိုအပ်သလို ထွင်းဖောက်ဖို့  အသုံးချနိုင်သလို  ပညာဆိုတာလည်း လိုသလိုအသုံးချနိုင်တဲ့အရာဖြစ်တယ်လို့ ဆိုလိုပါတယ်။ ပညာရှိရင်    ကိစ္စများစွာပြီးမြောက်နိုင်ပါတယ်။

လူမည်းခေါင်းဆောင် နယ်လဆင်မင်ဒဲလားကတော့ လောကကြီးကို ပြောင်းလဲနိုင်တဲ့တစ်ခုတည်းသော အရာက ပညာပဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။ လူငယ်တွေဆိုတာ ကိုယ့်အင်အားနဲ့ လောကကြီးကို ပြောင်းလဲမယ်လို့ အိပ်မက်မက်ကြတဲ့သူတွေပါ။ အိပ်မက်တွေအကောင်အထည် ဖော်နိုင်ဖို့ပညာတွေ သင်ယူကြပါလို့ လူငယ်တွေကို တိုက်တွန်းချင်ပါတယ်။ 

ပညာရွှေအိုးလူမခိုး၊   ပညာရဲရင့်ပွဲလယ်တင့်၊  ပညာရှာပမာသူဖုန်းစား၊ ပညာဆည်းပူး ပန်းသို့ခူး၊ ပညာမရှိ သူ၏ဝန်ထမ်းစတဲ့  ဆိုရိုးစကားတွေလည်း ရှိပါတယ်။ ပညာဆိုတာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် ရတနာတစ်ပါးဖြစ်ပါတယ်။ နိုင်ငံတိုးတက်ဖို့ လူသားစွမ်းအားအရင်းအမြစ်တွေကို ပညာအရည်အချင်းရှိလာအောင် ပြုစုပျိုးထောင်ခြင်းဟာ   အထိရောက်ဆုံးလုပ်ငန်းပဲ ဖြစ်ပါတယ်။ 

လူငယ်တွေ ပညာသင်ကြားခွင့်ရဖို့ လူကြီးတွေက  စီစဉ်ပေးကြရပါတယ်။

လူငယ်တွေကလည်း ဘယ်လိုအခက်အခဲပဲရှိရှိ  ပညာကိုကြိုးစားသင်ယူရပါမယ်။ ပညာတွေကြိုးစား သင်ယူရင်းကပဲ လူငယ်တွေမှာ  မဖြစ်မနေရှိရမယ့် ဗလငါးတန်ပြည့်ဝဖို့ကိုလည်း ဖြည့်ဆည်းနေရမှာဖြစ်ပါတယ်။ ဗလငါးတန်ဆိုတာ ကာယဗလ-ကိုယ်ကာယကြံ့ခိုင်သန်စွမ်းခြင်း၊   ဉာဏဗလ-  အသိဉာဏ်ပညာဖြင့်ပြည့်စုံခြင်း၊ စာရိတ္တဗလ-ကိုယ်ကျင့်တရားဖြင့် ပြည့်စုံကောင်းမွန်ခြင်း၊ မိတ္တဗလ-ကောင်းသောမိတ်ဆွေခင်ပွန်းများဖြင့်ပြည့်စုံခြင်း၊ ဘောဂဗလ-ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမှုနဲ့ပြည့်စုံခြင်းတို့ ဖြစ်ပါတယ်။

လူငယ်တွေဟာ ပင်ကိုအားဖြင့် အရည်အချင်းအစွမ်းအစရှိကြသူများဖြစ်ပါတယ်။ တစ်ဦးချင်း ကောင်းမွန်တတ်ကျွမ်းတဲ့ အရာတွေလည်း ရှိကြပါတယ်။ တစ်ဦးချင်းစီက တစ်ခုကောင်း တတ်ကျွမ်းနေရုံနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာရေးမှာ ထိရောက်တဲ့စွမ်းဆောင်မှုဖြစ်လာမှာ  မဟုတ်ပါဘူး။

လူငယ်တွေအားလုံးသာ  ဗလငါးတန်နဲ့ပြည့်ဝကြမယ်ဆိုရင် နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်အစိုးရကဦးဆောင်ပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတာကို တွေ့မြင်ရပါတယ်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှာလည်း လူငယ်များဗလငါးတန် ဖွံ့ဖြိုးရေးအတွက်ရည်ရွယ်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက   ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ နိုင်ငံတစ်ဝန်းက   အထင်ကရနေရာတွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို   လှပသာယာပြည်မြန်မာ ခေါင်းစဉ်နဲ့ ဓာတ်ပုံပြပွဲတွေပြသပေးပါတယ်။ စာအုပ်စာစောင်ပြပွဲတွေ၊ စကားပုံဆက်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊  မြားပစ်ပြိုင်ပွဲနဲ့အပြေးပြိုင်ပွဲတွေကို အခြေခံပညာကျောင်းက ကလေးငယ်တွေအတွက် လုပ်ဆောင်ပေးနေကြပါတယ်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ပံ့ပိုးမှုနဲ့ ဂီတဖျော်ဖြေပွဲတွေကို

လည်းထည့်သွင်းပြီး လုပ်ဆောင်ပေးနေကြပါတယ်။ ကလေးတွေ စိတ်လွတ်လပ်ပေါ့ပါးစွာ ပါဝင်လှုပ်ရှားနေကြတာတွေ့ရပါတယ်။ အဲဒီပွဲမှာ စာအုပ်တစ်အုပ်စီကိုင်ပြီး စိတ်ဝင်စားစွာဖတ်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း တွေ့ရပါတယ်။ တစ်ကျောင်းလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် ပါဝင်နေကြတာ မြင်တွေ့ရသူကိုပီတိဖြစ်စေပါတယ်။

ကျွန်မအနေနဲ့ ဒီပွဲတွေမှာလူငယ် အသိပညာပေးဟောပြောသူအဖြစ် တာဝန်ယူ ပါဝင်ဆောင်ရွက်ခွင့် ရခဲ့ပါတယ်။ လူငယ်တွေစိတ်ဝင်စားအောင် ကြိုးစားဟောပြောခဲ့ပါတယ်။ လူငယ်နဲ့ယဉ်ကျေးမှု၊ လူငယ်နဲ့ပညာရေး၊ လူငယ်နဲ့မျိုးချစ်စိတ်ဓာတ်ဆိုတဲ့ခေါင်းစဉ်တွေနဲ့   အသိပညာပေးဟောပြောခဲ့ပါတယ်။ စိတ်ဝင်စားအောင် စီကာစဉ်ကာပြောပြတဲ့အခါ တောက်ပတဲ့ မျက်ဝန်းလေးတွေနဲ့ နားထောင်နေကြတဲ့ သိချင်တတ်ချင်စိတ်  အပြည့်အဝရှိတဲ့ ကလေးတွေကို တွေ့မြင်ခဲ့ရပါတယ်။

ဒီလိုပွဲတွေကင်းကွာပြီး လူငယ်တွေရဲ့ နှလုံးသားထဲကို  အဆိပ်ခတ်ခံခဲ့ရတဲ့အတွက်  ဒီနှစ်တွေအတွင်း ဆုံးရှုံးခဲ့ရတဲ့ လူငယ်တွေ  ဘယ်လောက်များပြီလဲလို့ တွေးမိတဲ့အခါတိုင်း ရင်နာခဲ့ရပါတယ်။

ဆုံးရှုံးမှုတွေကိုအဖတ်ဆယ်ဖို့၊ လုပ်ဆောင်ဖို့ခက်ခဲပါတယ်။ ကျွန်မတို့လုပ်နိုင်တာကဘာလဲ။ နောက်ထပ်လူငယ်တွေ မဆုံးရှုံးရဖို့   ကျွန်မတို့ကြိုတင်လုပ်ဆောင်သင့်တာဟာ အသိပညာပေးခြင်းပဲ ဖြစ်တယ်လို့ စဉ်းစားမိပါတယ်။ ဒါကြောင့် အတွေးမှန်၊ အမြင်မှန်၊  အသိတွေမှန်နေအောင် ပညာပေးလုပ်ငန်းတွေ အမြောက်အမြားဆောင်ရွက်ကြပါမယ်။ မရပ်မနားဆောင်ရွက်ကြပါမယ်။  ဒီအတွေးကြောင့် ပင်ပန်းပေမယ့် တက်ကြွနေခဲ့ပါတယ်။

ကျောင်းသား၊ ကျောင်းသူလေးတွေက မင်္ဂလာကဗျာ၊ ဇာတိမာန်သီချင်း၊ လူချွန်လူကောင်းသီချင်း တွေနဲ့ ဖျော်ဖြေပေးကြပါတယ်။ စိတ်ကြည်နူးချမ်းမြေ့ခဲ့ရပါတယ်။ နုနယ်တဲ့ကလေးတွေရဲ့ နှလုံးသားထဲကို နိုင်ငံချစ်တဲ့စိတ်၊ လူမျိုးကိုချစ်စိတ်၊ သမိုင်းအမွေအနှစ်တွေနဲ့ထုံမွမ်းနေတဲ့အမိမြေကိုချစ်တဲ့စိတ်၊ ပညာကိုလိုလား နှစ်သက်တဲ့ စိတ်တွေကြိုးစားပြီး  ထည့်သွင်းပေးခဲ့ပါတယ်။  ဒီပွဲတွေမှာ ကိုယ်တတ်နိုင်တဲ့ဘက်က အသိပညာတွေမျှဝေပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့တယ် ဆိုတဲ့အသိနဲ့ ဝမ်းမြောက်ဂုဏ်ယူနေခဲ့ပါတယ်။

ဗလငါးတန်ပြည့်ဝအောင် ဆောင်ရွက်ပေးရေးကို ဒီလိုပွဲလေးတစ်ပွဲစီ လုပ်ဆောင်ပေးရုံနဲ့ တာဝန်ကျေတာတော့ မဟုတ်ပါဘူး။ ဒီပွဲလေးကနေ တို့တွေကို နိုင်ငံတော်အကြီးအကဲတွေက တန်ဖိုးထားတယ်ဆိုပြီး   အားတက်မယ်။

ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရတဲ့အစီအစဉ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာမယ်။ ပျော်ရွှင်ဖွယ်အစီအစဉ် ကစားနည်းတွေကြောင့် စိတ်ပျော်ရွှင်လန်းဆန်းမယ်။ မြန်မာနိုင်ငံအနှံ့က ရောင်စုံခြယ်လှပတဲ့ ရှုခင်းတွေနဲ့ ဓာတ်ပုံပြပွဲတွေကိုလည်း တိုးမပေါက်အောင် စိတ်ဝင်တစားကြည့်ရှုကြပြီး နိုင်ငံနဲ့လူမျိုးကိုချစ်ခင်တဲ့စိတ်တွေ မွေးဖွားလာကြပါမယ်။ စိတ်ဓာတ်ခွန်အားတွေ ထည့်ပေးလိုက်နိုင်တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။

အားသွန်ခွန်စိုက်ကြိုးစားလုပ်ဆောင်နေကြတဲ့ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဝန်ထမ်းတွေကို မြင်ရတာလည်း ဝမ်းသာအားရရှိလှပါတယ်။

ဒီနေ့အချိန်မှာ လူငယ်တွေစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးသွားကြတာကို တွေ့မြင်နေရပါတယ်။ ပျက်စီးမှုတွေပြန်လည်ပြုပြင်ဖို့ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်လို့မရဘဲ တတ်သိနားလည်လုပ်ဆောင်နိုင်တဲ့ လူတွေအားလုံး ပါဝင်ဆောင်ရွက်ကြမှ ဆုံးရှုံးမှုတွေကို  အဖတ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ    နိုင်ငံတော်တည်ငြိမ်ဖွံ့ဖြိုးရေးကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။

အသိပညာခိုင်မာတဲ့ နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ မျိုးဆက်သစ်လူငယ်တွေကို ပြုစုပျိုးထောင်ပေးလိုက်ခြင်းဟာ  အမိနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ အဓွန့်ရှည်တည်တံ့အောင် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးတည်ချက်များချမှတ်၍ အမြော်အမြင်ကြီးစွာနဲ့လူငယ်များဘ၀ တိုးတက်မြှင့်တင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင်နဲ့ မိဘများအပါအဝင် တတ်သိပညာရှင်များအားလုံးက   နိုင်ငံတော်ကို တကယ်ချစ်တယ်ဆိုရင် လူငယ်တွေဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ကြရင်း နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးရေးကို အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ပါဝင်လုပ်ဆောင်အား ဖြည့်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင်။     ။

သက်သက်နွယ်

ရန်ကုန်တက္ကသိုလ်