နမ့်စန်မြို့၊ မှော်ဘီမြို့၊ မုံရွာမြို့နယ်၊ ကလေးမြို့နှင့် အမရပူရမြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နမ့်စန်မြို့၊ မှော်ဘီမြို့၊ မုံရွာမြို့နယ်၊ ကလေးမြို့နှင့် အမရပူရမြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊၂၀၂၃ စက်တင်ဘာ - ၂၃

          တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ ပန်လင်းဆိုင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ၆၈၂ ဦးတို့ကို အရှေ့အလယ်ပိုင်း တိုင်းစစ် ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘုရားဖြူစေတီတော် ဓမ္မာရုံ၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာရှိ ဒေသခံပြည်သူ ၁၉၃ ဦးတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း၌လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်၊ ဇီးတောကျေးရွာနှင့် ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ ဒေသခံပြည်သူ ၂၆၂ ဦးတို့ကို အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေး အဖွဲ့များက သတ်မှတ်နေရာများ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ စံပြကွက်သစ်ရပ်ကွက်ရှိ ပတ္တမြားရိပ်သာကျောင်းတိုက်မှ သံဃာတော် ၃၂ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၁၀ ပါးနှင့် ဒေသခံပြည်သူ ၁၂၃ ဦးတို့ကို  အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ လည်းကောင်း အရိုး အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ သွေးတိုးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ ဆီးချို၊ သွေးချိုနှင့် သွေးအုပ်စုများ စစ်ဆေးပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေး ခြင်းများ ဆောင်ရွက် ပေးသည်။ ထို့ပြင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။