ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူရန်အစီအစဉ်မရှိသေးကြောင်း အင်တာမိုင်ယာမီနှင့် အာဂျင်တီးနား အသင်းဝါရင့်တိုက်စစ်မှူး မက်ဆီပြောကြား

ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူရန်အစီအစဉ်မရှိသေးကြောင်း အင်တာမိုင်ယာမီနှင့် အာဂျင်တီးနား  အသင်းဝါရင့်တိုက်စစ်မှူး မက်ဆီပြောကြား

ဗျူနိုအေးရိစ်၊ ဘောလုံး

အင်တာမိုင်ယာမီအသင်းနှင့် အာဂျင်တီးနားအသင်း ဝါရင့်တိုက်စစ်မှူး မက်ဆီက ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားသည်။

အသက် ၃၆ နှစ်အရွယ် မက်ဆီသည် ပရော်ဖက် ရှင်နယ်ကစားသမားဘဝတွင် ဆုဖလားများစွာနှင့် တစ်ဦးချင်း ဆုတံဆိပ်များစွာ  ဆွတ်ခူးရရှိခဲ့သကဲ့သို့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း   ခုနစ် ကြိမ်အထိ ရရှိထားကာ  အအောင်မြင်ဆုံး ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

မက်ဆီသည် ကလပ်အသင်းများအဖြစ် ဘာစီလိုနာအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့တွင် ခြေစွမ်းပြ ကစားပြီး ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားပေါင်းစုံကို ဆွတ်ခူးနိုင်ခဲ့သကဲ့သို့ လက်ရွေးစင် အသင်းဖြစ်သည့် အာဂျင်တီးနားအသင်းနှင့်လည်း ကိုပါအမေရိကဖလားနှင့် ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူး နိုင်ခဲ့ပြီး   စီရော်နယ်ဒိုထက်ပင် အောင်မြင်မှုများရရှိအောင် စွမ်းဆောင်ထားသူဖြစ်သည်။

ထို့ပြင် မက်ဆီသည် ပြီးခဲ့သည့်ဘောလုံးရာသီ အကုန်က ပီအက်စ်ဂျီအသင်းနှင့် လမ်းခွဲပြီးနောက်  မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ပြောင်း ရွှေ့ကစားရာတွင်လည်း ၁၂ ပွဲကစားခဲ့ရာ၌ ၁၁ ဂိုး သွင်းယူထားသူဖြစ်သည်။

မက်ဆီသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့်  ဆုဖလားဆွတ်ခူးနိုင်ပြီး နောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်နိုင်မည် မဟုတ်တော့ဘဲ အနားယူဖွယ်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း   ယခုအခါ  အဆိုပါသတင်းများကို မက်ဆီက ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

မက်ဆီက “ကျွန်တော်ဘောလုံးကစားတဲ့အလုပ်ကို လုပ်ရတာအပျော်ရွှင်ဆုံးပါ။ ကလပ်နဲ့နိုင်ငံအတွက် တတ်နိုင်သလောက် ကစားဦးမှာပါ။ အနားယူဖို့ စဉ်းစားဦးမှာမဟုတ်ပါဘူး” ဟု ပြောသည်။                    

Ref;Olga Live