ရွှေဘိုဆီမှတစ်ဆင့် ပဲ့တင်ရိုက်ခတ်သွားပါစေ
နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အဓိကအင်အားစု သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားများရဲ့အင်အားဟာ အဓိကပဲ ဖြစ်ပါတယ်။ ဒီလို အဓိကအင်အားစုဖြစ်တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့အသက်ရှည်စွာ နေထိုင်နိုင်ရေး၊ ကျန်းမာကြံ့ခိုင်ရေးဟာလည်း အဓိကဆောင်ရွက်ပေးရမယ့် အချက်တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရအဆက်ဆက်မှာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ကျန်းမာကြံ့ခိုင်ရေးကို မည်သို့ မည်ပုံဆောင်ရွက်ခဲ့သည်၊ လက်ရှိ မည်သို့ဆောင်ရွက်နေသည်များကို စာရေးသူက “ရွှေဘိုဆီမှတစ်ဆင့် ပဲ့တင် ရိုက်ခတ်သွားပါစေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးလေးရေးသီလို့ မျှဝေပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံတော်တာဝန်တွေကို တာဝန်ယူဆောင်ရွက်စဉ် ဦးတည်ချက်(၉)ရပ်၏ လူမှုရေးဦးတည်ချက်ရဲ့ဒုတိယအချက်မှာ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး” ဆိုတဲ့ အချက်ကို လတ်တလောတွေ့ရှိရမှာပဲ ဖြစ်ပါတယ်။
ဒီလိုဦးတည်ချက်တွေအပေါ်မှာလည်း သာမန်မျက်စိ၊ သာမန်အတွေးနဲ့တော့ နိုင်ငံသားတွေ တွေးမထင် လိုက်ပါလေနဲ့။ ဦးတည်ချက်တွေဟာလည်း နိုင်ငံရဲ့ပကတိလိုအပ်ချက်တွေပေါ်မှာ မည်သည့်ကာလမှာ မည်သည့်တာဝန်ကို ဦးစားပေး ဆောင်ရွက်ရမလဲ၊ မည်သည့်ကဏ္ဍကို မည်မျှလွှမ်းခြုံ ဆောင်ရွက်ရမလဲ ဆိုတဲ့ Ability (စွမ်းရည်)နဲ့ Probability (ဖြစ်နိုင်ခြေ)ကို ချိန်ဆဆောင်ရွက်တဲ့ စနစ်ကောင်းတစ်ခုလို့ စာရေးသူက ထင်မြင်ယူဆမိပါတယ်။ ရှင်းပါတယ်။ Ability (စွမ်းရည်)ဟာ နိုင်ငံသူ၊ နိုင်ငံသားများဆိုတဲ့ Human Resources (လူသားအရင်းအမြစ်)ပါပဲ။ Probability (ဖြစ်နိုင်ခြေ)ကတော့ နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်တွေကို အချိန်ကာလရဲ့ ရရှိနိုင်မှု အပေါ်မှာ ချိန်ဆထားတဲ့ မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းတာဝန်တွေပဲ ဖြစ်ပါတယ်။ ဦးတည်ချက်တွေ အဆင့်ဆင့်ပြောင်းလဲလာမှုကို လွတ်လပ်ရေး ကြိုးပမ်းမှုကာလကနေ နှိုက်နှိုက်ချွတ်ချွတ်လေ့လာရင် ပိုမိုသိသာပါလိမ့်မယ်။
မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဓမ္မစကြာတရားတော်ထဲကလို “အရာရာကို ဉာဏ်မျက်စိနဲ့ ကြည့်သင့်ပါ တယ်။ ပညာမျက်စိနဲ့ကြည့်သင့်ပါတယ်။ သာမန်မျက်စိက သာမန်အမြင်ပဲမြင်ပါတယ်။ သာမန်ဉာဏ်ဟာ သာမန်ပဲတွေးထင်တတ်ပါတယ်။ ပညာဉာဏ်ကသာ အမှန်ကိုမြင်နိုင်ပါတယ်” ဆိုတာလေးကိုလည်း မျှဝေပေးလိုက်ချင်ပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရနဲ့တပ်မတော်ဟာ လူမှုရေးကဏ္ဍထဲက တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေး အတွက် ပြည်သူတွေအပေါ် စေတနာ၊ မေတ္တာအပြည့်နဲ့ ဆောင်ရွက်ပေးနေမှုတွေကို အသိပေးသွားမှာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရနဲ့တပ်မတော်ဟာ လက်တွဲညီညီ ပူးပေါင်းပြီး တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပထမဆုံးအနေနဲ့ ဧရာဝတီမြစ် ကြောင်း တစ်လျှောက် ဝေးလံခေါင်သီတဲ့ ကျေးရွာနေပြည်သူလူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လုပ်ပေးခဲ့ပါတယ်။ ဒုတိယအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု အားနည်းတဲ့ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုပ်ပေးခဲ့ပြန်ပါတယ်။ ယခု အခါမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဒေသတစ်ဝန်းလုံးက ဒေသခံပြည်သူလူထုတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သည်လိုဆောင်ရွက်ပေးရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လမ်းညွှန်မှုနဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးက ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းများကိုစေလွှတ်ပြီး ရွှေဘိုနယ်က ဒေသခံပြည်သူများရဲ့ ကျန်းမာရေးကို ဦးလည်မသုန်ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီအဖွဲ့ဟာဆိုရင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ နေပြည်တော်ကနေ စတင်ထွက်ခွာခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့မှာ ရွှေဘိုမြို့ မြို့တော် ခန်းမမှာအခြေပြုကာ ကျန်းမာရေးစစ်ဆေးမှု၊ ကုသမှုတွေကိုဆောင်ရွက်ခဲ့ပါတယ်။ဒီလိုကုသပေးရာမှာ ရွှေဘိုမြို့ပေါ် ရပ်ကွက်နေပြည်သူတွေ အပါအဝင် မြို့ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေကပါ လာရောက်ကုသကြတာကို တွေ့မြင်ရပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ရဟန်းသံဃာ၊ သီလရှင် နှင့် ဒေသခံပြည်သူ ၇၂၀ ဦး၊ စက်တင်ဘာလ၁၄ ရက်နေ့မှာ ၁၁၃၃ ဦး၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ၉၁၅ ဦး၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ၆၉၂ ဦး၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ၈၁၄ ဦး၊ စက်တင်ဘာ လ ၁၈ ရက်နေ့မှာ ၆၈၅ ဦး၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ၆၂၁ ဦးတို့ကို နေ့စဉ်မပျက်အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ပါတယ်။ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ ဆိုသလိုပါပဲ။
ဒေသခံပြည်သူများဘက်က တုံ့ပြန်လာတဲ့ စကားသံတွေကလည်း ရွှေဘိုမြို့ မြို့တော်ခန်းမ ဝန်းကျင်မှာ မည်မျှပြည့်လျှံသွားမလဲဆိုတာကို မြင်ယောင်ကြည့်ကြပါ။ စာရေးသူကတော့ ရွှေဘိုဆီကတစ်ဆင့် ပိုပြီး ပျံ့လွင့်စေချင်ပါသေးတယ်။ နှလုံးသားကို နှလုံးသားချင်း မြင်အောင်ကြည့်မှ မေတ္တာတရားဆိုတာ ဖြစ်တည် လာတာမဟုတ်ပါလား။
“အများကြီးဝမ်းသာပါတယ်။ ပူတဲ့ရာသီ ပူတဲ့ဒေသဖြစ်တော့ ဒေသမှာက မျက်စိရောဂါအဖြစ်များတယ်။ ခုလိုခွဲစိတ်ပေးတာ ကျေးဇူးအရမ်းတင်တယ်။ မျက်စိက မမြင်ရတာတစ်လကျော်ပြီ။ ဒီနယ်လှည့် ဆေးကုအဖွဲ့နဲ့ကြုံမှ မြင်ရတော့ ဝမ်းသာပီတိဖြစ်တယ်။ အားရကျေနပ်တယ်။ ကျွန်တော်တို့အတွက် အများကြီးအကျိုးရှိတယ်”ဒါတွေကတော့ သူတို့လေးတွေဆီက ဝမ်းသာအားရဖြစ်တဲ့ စကားတွေပေါ့ဗျာ။
“ငွေမတတ်နိုင်လို့ ဆေးမကုရဘဲ အသက်ပေးလိုက်ရသူတွေ ရှိတယ်။ ကျွန်မ တို့တောရွာတွေက ငွေမတတ်နိုင်တော့ မြို့မှာဆေးမကုနိုင်ဘူး။ ရွှေဘိုမှာက ဆေးဝါးမစုံလင်တော့ ရောဂါဆိုးရင် မန္တလေးသွားရတယ်။ တော်တော်လေး အခက်ကြုံတာပါဗျာ။ မျက်စိက ပိုက်ဆံမရှိလို့မခွဲနိုင်ဘူး။ သေရင်တောင် အကန်းနဲ့သေရမှာ” ဒါတွေကတော့ သူတို့လေးတွေရဲ့ သာမန်နေ့စဉ်လူမှုဘဝမှာ ဘယ်လောက်တောင် ခက်ခဲရုန်းကန်နေရသလဲဆိုတဲ့ စကားသံလေးတွေပေါ့ဗျာ။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကို ကျေးဇူးတင်ပါတယ်။ အခုလို ကုသဖို့ လွှတ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျေးဇူးတင်ပါတယ်။ အမေကြီးနဲ့ထပ်တူထပ်မျှ ရောဂါအမျိုးမျိုး၊ ဘေးအမျိုးမျိုး၊ အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးပါစေ” ကျေးဇူးတင်ဆုတောင်း စကားသံတွေရဲ့ နောက်မှာ ပေးတဲ့ဆုနဲ့ပြည့်ပါစေဆိုတဲ့ စကားသံတွေ မည်မျှထပ်ရှိသွားနိုင်ပါသလဲ။ သက်ဆိုင်သူကရော ကြားသိရ ချိန်မှာ ဘယ်လောက်ပြုံးနိုင်သွားမလဲ။ အသွားအပြန်သဘောရှိတဲ့ စေတနာမေတ္တာတို့ရဲ့ နိယာမတစ်ခုလို့ ဆိုရပါမယ်။ ဒီနေရာမှာလည်း စာရေးသူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူမှုကျန်းမာရေးနဲ့စပ်လျဉ်းတဲ့ မိန့်မှာမှုအချို့ကို ထပ်မံတင်ပြလိုပါသေးတယ်။ မိန့်ကြားချက်တွေကတော့ “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ”၊ “နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် နည်းပါးလျက်ရှိသဖြင့် ပြည်သူပြည်သားတိုင်း ကျန်းမာရေး ကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ညီညွတ်မျှတသည့် နေထိုင်စားသောက်မှု ရှိရန် လိုသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကိုလည်း ပြည့်ပြည့်၀၀ဆောင်ရွက်ပေးနိုင်ရန် လိုအပ်တယ်”၊ “တိုင်းပြည်သာယာဝပြောရေးဆိုတာ တိုင်းပြည်ငြိမ်းချမ်းမှုရှိရမည်၊ ပြည်သူများ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မှုရှိရမည်၊ ပညာသင်ကြားနိုင်ရမည်” ဆိုတဲ့အချက်တွေကို ရွေးထုတ်တင်ပြလိုက်ရပါတယ်။
နှလုံးသားကို နှလုံးသားချင်းကြည့်၍ နှလုံးသားချင်းဆက်နွှယ်ပြီး ငြိမ်းချမ်းမှုဆိုတဲ့ပန်းတိုင်ဆီ အတူတူ လက်တွဲဝင်နိုင်ကြပါစေ။
ဒါ့ကြောင့် နိုင်ငံတော်ရဲ့ စိတ်ရင်းစေတနာနဲ့ ဆောင်ရွက်ပေးမှုမှန်သမျှသည် နိုင်ငံတော်ရှိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးဆီသို့ ပဲ့တင်ရိုက်ခတ်သွားပါစေကြောင်း စာစီခြယ်၍ တောင်းဆုပြုလိုက်ရပါသည်။ ။
ကျော်တေဇ(ဥက္ကလာ)