(၃၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

(၃၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၅

              ၂၀၂၃ ခုနှစ်၊ (၃၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင်  နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိအားကစားရုံ၊ (C)ရုံ၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမား များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

              ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သရုပ်ပြ အစီအစဉ်များဖြစ်သည့် မြန်မာ့သိုင်းအခြေခံ(၆၃)နည်း ပညာကျင့်စဉ်သရုပ်ပြသခြင်း၊ ဓားသိုင်း၊ တုတ်သိုင်းပညာစဉ်သရုပ်ပြသခြင်း၊ အတွဲတိုက်စွမ်းရည်သရုပ်ပြသခြင်းနှင့် တစ်ခန်းရပ်အဖွဲ့လိုက် ဗန်တိုပညာစွမ်းရည်သရုပ်ပြသခြင်းများအား ကြည့်ရှုအားပေး ကြသည်။

              အဆိုပါ (၃၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၈ သင်း၊ အမျိုးသမီးအသင်း ၁၀ သင်းစီတို့ဖြင့် အောက်တိုဘာ ၆ ရက်အထိ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။