ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၅

        ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော  အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် လေးဆူ ဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ပြုလုပ်ရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဉက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ  ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂသာမိ  အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဩဝါဒါစရိယ၊ ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဉက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက သံဃာတော်များအား လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ သ.စ.အ ဓမ္မာစရိယ(၀ဋံသကာ) ပါဠိပါရဂူ စေတိယင်္ဂဏပဝရသီရိ မဟာဓမ္မ ဂုရု လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ ဆရာတော်ထံမှ ပဋ္ဌာန်းတရား ရွတ်ပွားစိတ်ထားနည်းနှင့် အကျိုးတရားများကို နာကြားကြသည်။ ယင်းနောက် အလှည့်ကျ ပဋ္ဌာနဘာဏက သံဃာတော် အရှင်သူမြတ်များက မဟာပဋ္ဌာန်း ပါဠိတော်အား စတင်ရွတ်ဖတ်ပူဇော်သည်။

        အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ ၂၄ ရက်မှ ၂၉ ရက်အထိ သံဃာတော်များက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ရောဂါဘေးအန္တရာယ်များ ကင်းရှင်းစေရေး၊ တိုင်းဒေသကြီး အေးချမ်းသာယာမှုရှိစေရေးနှင့် နိုင်ငံတော်ကြီး အေးချမ်းသာယာရေးတို့အတွက် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။