ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး

အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး

လူတို့သည်အသစ်အဆန်းကို လိုလားကြသည်။ စူးစမ်းလေ့လာလိုကြသည်။ အတွေ့အကြုံသစ်များရ လိုကြသည်။ နေရာသစ်တွင် စီးပွားရှာလိုကြသည်။ ထိုထိုသောရည်ရွယ်ချက်တို့ဖြင့်ခရီးသွားကြသည်။ ခရီးသွားကြရာတွင်ဒေသတွင်းသာမက ပြည်ပနိုင်ငံများအထိသွားလာကြသည်။ နိုင်ငံခြားသားများ လာရောက်လည်ပတ်ကြသည့်အခါ အိမ်ရှင်နိုင်ငံက နိုင်ငံခြားဝင်ငွေများရရှိလာသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင် လုပ်ကိုင်သောနိုင်ငံသည် မီးခိုးမထွက်သော စက်ရုံများ တည်ဆောက်နိုင်ခြင်းဖြစ်ပြီး    ၎င်းမှတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ရရှိသော အကျိုးအမြတ်များဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်ပေသည်။ ကမ္ဘာ့နိုင်ငံများ၏ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စေရန် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ကမ္ဘာ့နိုင်ငံများတွင်  တာဝန်ယူနိုင်မှုရှိပြီး   ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်   ကျယ်ကျယ်ပြန့်ပြန့်သွားလာ လည်ပတ်နိုင်ရေးတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ဖွဲ့စည်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆၀ အထိ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။  ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ခရီးသွားလုပ်ငန်းနယ်ပယ်၏ ဦးဆောင်အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မောင်းနှင်အား တစ်ရပ်အဖြစ် မြှင့်တင်ရေး၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို အားပေးဆောင်ရွက်လျက်ရှိသည့်အပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများနှင့်    အသိပညာတိုးတက်ပြန့်ပွားရေးလုပ်ငန်းစဉ်များကိုလည်း ဦးဆောင်ပံ့ပိုး ကူညီပေးလျက် ရှိသည်။ ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က  သတ်မှတ်ထားသည့်ဆောင်ပုဒ်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေးဟူ၍ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်များက ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ သက်ရောက်မှုကြောင့် ခရီးသွားလုပ်ငန်းနှင့်အတူ   ဆက်စပ်လုပ်ငန်းများတွင်လည်း အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။ ထိုသို့သော အခြေအနေတွင် ခရီးသွားလုပ်ငန်းကို  ပြန်လည်တွေးတောသုံးသပ်ခြင်း၊ ပြန်လည်ဆောင်ရွက်ခြင်း၊ ပိုမိုခံနိုင်ရည် ရှိစေခြင်းတို့ဖြင့်   ပူးပေါင်းကြံဆဆောင်ရွက်ကြရန် လိုအပ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မှစ၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလာခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တိုင် ရောက်ခဲ့ပြီဖြစ်သည်။ ယခုနှစ်အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာအောင် ခရီးသွားလုပ်ငန်း၏ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုအဆင့်ကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ယခင်နှစ်များက  ကိုဗစ် - ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများကြောင့်   မြန်မာနိုင်ငံ အပါအဝင်   ကမ္ဘာ့နိုင်ငံ အသီးသီးသည် ခရီးသွားလုပ်ငန်း   လုံးဝရပ်တန့်လုနီးနီးဖြစ်ခဲ့ရပြီး    ဆက်စပ်လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကို    မှီခိုရပ်တည်နေရသော ပြည်သူတို့၏   အလုပ်အကိုင်အခွင့်အလမ်းများ    ဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့်     သက်ဆိုင်ရာအစိုးရများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၊ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်များကို    ဦးစားပေးဆောင်ရွက်ကြကာ   ခရီးသွားလုပ်ငန်းကို   မှီခိုရပ်တည်နေရသူပြည်သူများ အခွင့်အလမ်းများ ရရှိနိုင်မည့် နည်းလမ်းများကို  ကြိုးပမ်းရှာဖွေခဲ့ကြသည်။ ခရီးသွားကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့်တည်းခိုရိပ်သာ  ၃၃၉  ခုတို့အတွက် ငွေကျပ် ၂၁ ဒသမ ၄ ဘီလီယံထုတ်ချေးခဲ့သည်။ နိုင်ငံပိုင်ငှားရမ်းဟိုတယ်များအတွက် ငှားရမ်းခကို ၆ လ ရွှေ့ဆိုင်းပေးခဲ့သည့်အပြင် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ၂၁ လအတွက် ငှားရမ်းခကို ၅၀ ရာခိုင်နှုန်းလျှော့ချပေးခဲ့သည်။ ဟိုတယ်၊ မိုတယ်နှင့်ခရီးလှည့်လည်ရေးလုပ်ငန်းနှင့်      ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်ကြေးများကိုလည်း     တစ်နှစ်စာ ကင်းလွတ်ခွင့်ပေး၍  ဖြေလျှော့ဆောင်ရွက်ခဲ့သည်။  ကိုဗစ်-၁၉  ရောဂါကြောင့် သက်ရောက်ခဲ့မှုများကို    ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်ရန်     ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ကာလတို၊ ကာလလတ်၊ ကာလရှည် ပန်းတိုင်များ အောင်မြင်စေရန် မဟာဗျူဟာ ၁၈ ခု၊အသေးစိတ်စီမံချက် ၉၃ ခု ပါဝင်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း     ပြန်လည်ဦးမော့လာစေရေး   မဟာဗျူဟာလမ်းပြမြေပုံ  (၂၀၂၁-၂၀၂၅)ကို  ရေးဆွဲ၍ ဆက်လက်  အကောင်အထည်ဖော်ခဲ့သည်။

ယခုအခါ  ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်တွင်  ခရီးသွားလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နိုင်လာပြီဖြစ်သည်။  ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ရာတွင် ပြည်ဝင်ခွင့်ဆိုင်ရာလုပ်ထုံးများ၌ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားလျက်ရှိသေး

သည်။ သို့သော် ၂၀၂၂ ခုနှစ်စာရင်းများအရ တစ်ကမ္ဘာလုံးတွင် ခရီးသွားရာခိုင်နှုန်း တိုးတက်လာသည်ကိုတွေ့ရပြီး ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးတက်လာမည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်က နိုင်ငံတကာ လေကြောင်းလိုင်းများ  ပြန်လည်ဖွင့်လှစ်သည်မှစပြီး e-Visa စနစ်ကို ခွင့်ပြုဆောင်ရွက် စေခဲ့သည်။ ထို့ကြောင့် ယခုအခါ ပြည်တွင်းပြည်ပခရီးသွားလာမှုများ တစ်စတစ်စ တိုးတက်လာခဲ့ပြီး ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံအတွင်း ပြည်တွင်း ပြည်ပခရီးသွားလာမှုများ   ပိုမိုတိုးပွားလာစေရန် လိုအပ်သောကြိုတင်ပြင်ဆင်မှုများ  ပြုလုပ်ထားကြရန် လိုအပ်ပါသည်။ ဧည့်သည်များကိုလည်း ပြည်တွင်း ပြည်ပဧည့်သည်အားလုံး စိတ်ချမ်းမြေ့စွာသွားလာလည်ပတ်နိုင်အောင် ဝန်ဆောင်မှုများပေးရပါမည်။

ခရီးသွားလုပ်ငန်းသည်    လုပ်ငန်းနယ်ပယ်ပေါင်းစုံတွင် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ရာ မြို့ပြနှင့် ကျေးလက်ဒေသရှိ အမျိုးသမီးများနှင့်လူငယ်များ၊ ကျေးလက်နေပြည်သူလူထုများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။ ထို့ပြင် မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊  ရိုးရာဓလေ့များ၊  သဘာဝအရင်းအမြစ်များနှင့်  အလှအပများကို ဖွင့်လှစ်ပြသနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍပိုမိုတိုးတက်လာစေ ရေး၊ စီမံခန့်ခွဲပေးနိုင်ရေးအတွက် တာဝန်သိပြီး  ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ပေးနိုင်ရန် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏငွေကျပ်၂၁၅၇ ဘီလီယံဖြင့် လုပ်ငန်းအရေအတွက်၂၀၉ ခုကို လုပ်ကိုင်နေပြီး ရာခိုင်နှုန်းအားဖြင့် နိုင်ငံတော်ရှိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏  ၉ ဒသမ ၉၇ ရာခိုင်နှုန်းရှိကာ ၎င်းကာလတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၀၆ ဘီလီယံဖြင့်   လုပ်ငန်းအရေအတွက် စုစုပေါင်း ၆၆ ခုကိုလုပ်ကိုင်လျက်ရှိပြီး ရာခိုင်နှုန်းအားဖြင့်  နိုင်ငံတော်ရှိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၃ ဒသမ ၇၈ ရာခိုင်နှုန်းဖြစ်သည်။ နိုင်ငံတော်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှိသည့်ကဏ္ဍ ၁၂ ခုအနက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍသည် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွင် အဆင့်(၅)နေရာတွင် ရပ်တည်နေပြီး နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွင် အဆင့်(၆)နေရာတွင် ရပ်တည်နေကြောင်း DICA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်သည့်   အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေများ စသည့်မတူကွဲပြား၍ထူးခြားလှပသော သဘာဝရှုခင်းများ၊  သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ၊  တိုင်းရင်းသားလူမျိုးအစုစုတို့၏  ရိုးရာဓလေ့ထုံးစံများနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်သည့်  အရာများဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် တစ်ချိန်တည်းတွင် တည်းခိုနေထိုင်ရေးနှင့် ဧည့်ဝတ်ကျေပွန်ရေးကဏ္ဍ၊    ကျန်းမာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ စည်ပင်သာယာလှပရေးကဏ္ဍ၊ မြို့ပြနှင့်  ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ  စသည့် ကဏ္ဍစုံဖွံ့ဖြိုးအောင်  အချိတ်အဆက် မိမိဖန်တီးပေးနိုင်သည့်လုပ်ငန်းဖြစ်ပြီး တန်းတူညီမျှအားလုံး  ပါဝင်ဆောင်ရွက်နိုင်သော အထောက်အကူပြုလုပ်ငန်းတစ်ရပ်ဖြစ်သည်။

နိုင်ငံအတွင်း  ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဆိုပါက  နိုင်ငံ၏ စီးပွားရေးလည်း များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ ကဏ္ဍအသီးသီးမှ   အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်၍ အကောင်အထည်ဖော်ရပေမည်။  ထိုသို့ဆောင်ရွက်ရာတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများ၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဘ၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊  ခရီးသွားလုပ်ငန်းဆိုင်ရာ   ဝန်ဆောင်မှုများအတွက်    အင်တာနက်အခြေခံဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုရေးစသည့်  ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များကိုလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ဝင်နိုင်ငံများနှင့်   အတူတကွပူးပေါင်းအကောင်အထည်ဖော်ရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ သွားလာလည်ပတ်နိုင်ရေး၊  ခရီးသွားဧည့်သည်များအတွက် လိုအပ်သည့်သတင်း အချက်အလက်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြည့်စုံလွယ်ကူလျင်မြန်စွာ ရရှိနိုင်အောင်  စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ခရီးသွားဧည့်သည်များ၏ ပြည်ဝင်ခွင့်၊ ပြည်ထွက်ခွင့် လုပ်ထုံးလုပ်နည်းများနှင့် ကျန်းမာရေးဆိုင်ရာသတ်မှတ်

ချက်များကိုလည်း  ဆက်စပ်ဝန်ကြီးဌာနအားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ထိုဆောင်ရွက်မှုအားလုံးတို့သည်  နိုင်ငံအတွက် မီးခိုးမထွက်သောစက်ရုံများ ရင်းနှီးတည်ဆောက်မှု (ဝါ) အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများဖြစ်ပေသည်။  ထို့ကြောင့်  ကုလသမဂ္ဂအဖွဲ့အစည်းလက်အောက်ခံ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(United Nations World Tourism Organization)က ချမှတ်ထားသည့်   ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေး ဟူသော၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့(World Tourism Day) ဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော် လိုက်ရပေသည်။   ။

ညွန့်ဝင်း(နတ်တလင်း)