ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းဖွင့်ပွဲ ပြုလုပ်

ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၆                                         

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပ ပြုလုပ်သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး၌ ပြုလုပ်ရာ ကျိုင်းတုံမြို့နယ်၊ သံသရာအေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ္လ အမှူးပြုသော ဆရာတော်ကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသားများတက် ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဆွမ်း ကပ်လှူပူဇော်သည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်ကြီး များ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သာသနာ့ဝေပုလ္လ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိဇယက ရောင်ခြည်တော် ဖွင့်ဂါထာကို ရွတ်ဆိုပူဇော်သည်။ ဆက်လက်၍ သံသရာအေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ္လ ထံမှငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် မိုင်းခွန် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တကေသရ က  ပဋ္ဌာန်းအမွှမ်းဂါထာ ကိုရွတ်ဖတ်ပြီး ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ် သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သံပြိုင်ရွတ်ဆိုပူဇော်ကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

             အဆိုပါ မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပပြုလုပ်သည့် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ၅ ရက်တိုင်တိုင် သံဃာ တော် ၁၈ ပါးဖြင့် ရွတ်ဖတ်သရဇ္ဈာယ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။