(၃၀)ကြိမ်မြောက် နိုင်ငံတကာအဆင့် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံဆွေးနွေးပွဲကျင်းပ

  (၃၀)ကြိမ်မြောက် နိုင်ငံတကာအဆင့် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ ၂၆

 

(၃၀)ကြိမ်မြောက် မြန်မာတပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် တပ်မတော် ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြု ခွဲစိတ်လေ့ကျင့်ရေးခန်းမဆောင်၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီးတပ်မှူး၊ တပ်မတော်ဆေးသုတေသနတပ် တပ်မှူး၊ တပ်မတော်အရိုးရောဂါ အငြိမ်းစားပါမောက္ခ တပ်မှူးကြီးများ၊ ဖိတ်ကြားထားသော တပ်မှူးကြီးများ၊ ပါရဂူကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာန ပါမောက္ခ/ဌာနမှူး၊ တပ်မတော်မှ အရိုးအထူးကုဆရာဝန်များ၊ အိန္ဒိယနိုင်ငံမှ  လက်ပိုင်းဆိုင်ရာခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာမိုဟစ်ရှာမား နှင့် တပ်မတော် ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ်(၂)၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)တို့မှ အရိုးရောဂါပညာ ဆေးလက်တွေ့ပါရဂူနှင့် ဘွဲ့လွန် သင်တန်းသားများ တက်ရောက်ကြသည်။

          (၃၀)ကြိမ်မြောက် မြန်မာတပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ ပြင်ဦးလွင်မြို့၊ အမှတ်(၁)တပ်မတော် ဆေးရုံ(ခုတင် ၇၀၀)တွင် ကျင်းပသွားမည်ဖြစ်ပြီး Pre-Conference Workshop တွင် ပြည်တွင်း/ပြည်ပမှ အတွေ့အကြုံရင့်ကျက်သည့် ပါမောက္ခပညာရှင်ကြီးများမှ တက်ရောက် လာကြသူများအားလုံးကို ပြုပြင်အစားထိုးခွဲစိတ်ကုသမှုနည်းစနစ်များကို အယူအဆ အတွေးအခေါ်ပိုင်းကို အခြေခံ၍ လက်တွေ့လုပ်ကိုင်နိုင်သည်အထိ သက်မဲ့ဆရာ (Silent Mentor)များကို အသုံးပြု၍ လက်တွေ့သရုပ်ပြ သင်ကြား ဆွေးနွေးခြင်းနှင့် Online မှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အရိုးဆရာဝန်များအား Webinar တွင် တိုက်ရိုက်ထုတ်လွှင့်၍ သင်ကြားမှုများ ၂ ရက်ကြာ ပြုလုပ်သွားမည် ဖြစ်သည်။

          ဤအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် မြန်မာ့တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့မှ အရိုးပါရဂူငယ်များ၊ ဘွဲ့လွန်ကျောင်းသားများနှင့် ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များမှ ဘွဲ့လွန်ကျောင်းသား/ကျောင်းသူများ အနေဖြင့် စစ်ဘက်နယ်ဘက်မှ ပါမောက္ခဆရာဝန်ကြီးများ၊ ပြည်ပမှ ပညာရှင်ကြီးများနှင့် တိုက်ရိုက် ထိတွေ့သင်ကြား ဆွေးနွေးနိုင်ခဲ့ပြီး သက်မဲ့ဆရာ(Silent Mentor) အသုံးပြုလက်တွေ့ လေ့ကျင့်နိုင်ခဲ့ခြင်းကြောင့် အရိုးရောဂါပညာ အစားထိုးခွဲစိတ်ကုသမှုနယ်ပယ်တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်း ကုသသွားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။