ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အား . . .  ဂုဏ်ပြုပါ၏

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အား . . .  ဂုဏ်ပြုပါ၏

လူသားတို့သည် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ တစ်နေရာမှတစ်နေရာသို့  ခရီးလှည့်လည်သွားလာကြသည်။

ထိုသို့ခရီးသွားလာရာတွင်   ခေတ်အဆက်ဆက် ခရီးသွားလာမှုပုံစံပြောင်းလဲလာပြီး ခေတ်မီလာသည့်အတွက် ခရီးသွားလုပ်ငန်းအဖြစ် ပေါ်ထွန်းလာကာ ခရီးသွားလုပ်ငန်းသည်လည်း ကြီးမားကျယ်ပြန့်သော အသွင်ဆောင်လာသည်။ ခရီးသွားလုပ်ငန်းဟူသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးစီးပွားရေး လုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သကဲ့သို့ ပြည်သူများ၏   လူမှုစီးပွားဘဝများ တိုးတက်ရေးကိုများစွာ အထောက်အကူပြုလျက် မီးခိုးမထွက်သောစက်ရုံဟု တင်စားသတ်မှတ်ထားသည့် အစိမ်းရောင်စီးပွားရေး လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။

ရေရှည်တည်တံ့သည့်  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၁၉၆၄ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ တို့အဖွဲ့ဝင် နိုင်ငံများအဖြစ် ပါဝင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ကမ္ဘာ့ခရီးသွားလုပ်ငန်း နယ်ပယ်၏ ဦးဆောင်အဖွဲ့အစည်း ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကာ နှစ်စဉ်  စက်တင်ဘာ ၂၇ ရက်အား   ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ပေးခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနား စတင်ကျင်းပခဲ့သည်။ ထိုနည်းတူ  ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆိုင်ရာဆောင်ပုဒ်တစ်ခုစီအား နှစ်စဉ်ချမှတ်ပေးလျက်ရှိရာ ယခု ၂၀၂၃ ခုနှစ်အတွက် ဆောင်ပုဒ်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊  အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေး ဟူ၍ဖြစ်သည်။

ယခုနှစ်ဆောင်ပုဒ်သည်  အနှစ်သာရအားဖြင့်  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့်   ရေရှည်တည်တံ့သော  ခရီးသွားလုပ်ငန်းဖြစ်ပေါ်လာစေရေး အတွက်ဦးတည်ပါသည်။    အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုဟူသည် အဓိကအားဖြင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော၊ ထိခိုက်မှုအနည်းဆုံးဖြစ်သော လုပ်ငန်းများတွင်   ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။     ထို့အတူရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သဘာဝအရင်းအမြစ်များ၊ ဂေဟစနစ်များ၊ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ၊ သယံဇာတပစ္စည်းများ  စသည်တို့ကို   မထိခိုက်စေခြင်းတို့နှင့်လည်း  သက်ဆိုင်သည်။

ကမ္ဘာပေါ်တွင် နိုင်ငံအလိုက် အရင်းအမြစ်များပေါ်မူတည်၍    ခရီးသွားလုပ်ငန်းအမျိုးမျိုးရှိသည်။

ယဉ်ကျေးမှုနှင့်   ရှေးဟောင်းအမွေအနှစ်ဆိုင်ရာခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာခရီးသွားလုပ်ငန်း၊  စွန့်စားခရီးစဉ်၊   အပျော်စီးသင်္ဘောခရီးစဉ်နှင့် အခြားခရီးသွားလုပ်ငန်း အမျိုးအစား အမျိုးမျိုးအား နိုင်ငံအလိုက် အကောင်အထည်ဖော် လျက်ရှိသဖြင့် ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် ပြည်ပခရီးသည် ဝင်ရောက်မှုသည် ၂၀၁၁ ခုနှစ်မှစ၍ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ရာ အနီးစပ်ဆုံးဖြစ်သည့် ၂၀၁၇ ခုနှစ်တွင်၂၀၁၆ ခုနှစ်ကထက်နှိုင်းစာလျှင် ၁၈ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၂၀၁၇ ခုနှစ်ကထက်နှိုင်းစာလျှင် ၃ ဒသမ ၁၅ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၄ ဒသမ ၃၆ သန်းဝင်ရောက်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၂၈၁၈ ဒသမ ၇၅ သန်းရရှိခဲ့သဖြင့် ခရီးသည်ဝင်ရောက်မှုသည် ၂၀၁၈ ခုနှစ်ကထက်နှိုင်းစာလျှင် ၂၃ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့သည်။ မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်စေရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင်ပြဋ္ဌာန်းခဲ့ပြီး အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်း ကော်မတီနှင့်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း လိုင်စင်ဆိုင်ရာ အမိန့်များ ထုတ်ပြန်ခဲ့သည်။

ကိုဗစ် - ၁၉  ရောဂါဖြစ်ပွားမှုကြောင့် အလွန်အမင်းထိခိုက်ခံခဲ့ရသော  လုပ်ငန်းကဏ္ဍများတွင် ခရီးသွားလုပ်ငန်းသည်   ထိခိုက်မှုအရှိဆုံးကဏ္ဍတစ်ခုဖြစ်ခဲ့ရသည်။ မြန်မာ့ခရီးသွားလုပ်ငန်းသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူထိခိုက်မှုရှိခဲ့ရာ ကိုဗစ် - ၁၉  ရောဂါကူးစက်ဖြစ်ပွားချိန်မှစ၍    ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု သုည ဒသမ ၉ သန်းသာရှိခဲ့ပြီး ခရီးသွားလာမှု ကန့်သတ်ချက်များ အနည်းငယ်ဖြေလျှော့လိုက်ချိန် ၂၀၂၁ ခုနှစ်တွင် ခရီးသွားဧည့်သည်စုစုပေါင်း သုည ဒသမ ၁၃  သန်းအထိ  တိုးတက်ဝင်ရောက်လာကြောင်း  တွေ့ရသည်။                  

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ် - ၁၉  ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီးပွားရေးကုစားမှုစီမံကိန်းအရ နိုင်ငံတော်ဘဏ္ဍာငွေ၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ သုံးစွဲရန်သတ်မှတ်ထားခဲ့ရာ ခရီးသွားကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၃၉ ခုတို့ကို ငွေကျပ် ၂၁ ဒသမ ၄ ဘီလီယံထုတ်ချေးပေးခဲ့သည်။ နိုင်ငံပိုင်ငှားရမ်းဟိုတယ်များအတွက် ငှားရမ်းခများကို ၆ လရွှေ့ဆိုင်းပေးခြင်းအပြင်၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာအထိ ၂၁ လကို ငှားရမ်းခ ၅၀ ရာခိုင်နှုန်းလျှော့ပေးခြင်း၊ဟိုတယ်၊ မိုတယ်၊ ခရီးသွားလှည့်လည်ရေးလုပ်ငန်းများနှင့် ဧည့်လမ်းညွှန်များ၏ လုပ်ငန်းလိုင်စင်ကြေးများကို တစ်နှစ်စာကင်းလွတ်ခွင့်ပြုခြင်းများဖြင့် ဖြေလျှော့ဆောင်ရွက်ပေးခဲ့သည်။

ယခုအခါ ကိုဗစ် - ၁၉ ရောဂါကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအပေါ်  သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ကာလတို၊ ကာလလတ်၊ ကာလရှည်ပန်းတိုင်များအောင်မြင်စေရန် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံချက် ၉၃ ခုပါဝင်သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေရေး မဟာဗျူဟာ လမ်းပြမြေပုံ (၂၀၂၁- ၂၀၂၅ ) ကိုရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။ လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ  ရောဂါဖြစ်ပွားမှုကို  အတိုင်းအတာတစ်ခုအထိထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများအား ပြန်လည်ဖွင့်လှစ်ရာတွင်   ကမ္ဘာလှည့်   e-Visa ကို ၂၀၂၂ ခုနှစ် မေ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့ရာ ပြည်ပခရီးသွားဝင်ရောက်မှုများ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်လာကြောင်း တွေ့ရသည်။                        

   မြန်မာနိုင်ငံအတွင်း     မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုများ ဖော်ထုတ်ပေးရန်၊   ဆင်းရဲမှုလျှော့ချနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်လျက်ရှိရာ အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ကျေးလက်သဘာဝတောတောင်ရေမြေအလှနှင့်  ထိုအလှကိုခံစားရင်း ဒေသခံပြည်သူများ၏ ရိုးသားပွင့်လင်းဖော်ရွေခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ ယဉ်ကျေးပျူငှာခြင်း၊ လှိုက်လှဲဖော်ရွေခြင်းများနှင့် ပေါင်းစပ်လိုက်သောအခါ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို  များစွာအထောက်အကူပြုသည့်အတွက်  ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ မြှင့်တင်တိုးချဲ့ဆောင်ရွက်ရေးလိုအပ်သည်။

မြန်မာနိုင်ငံတွင် ပျူရှေးဟောင်းဒေသများဖြစ်သည့် သရေခေတ္တရာ၊    ဗိဿနိုးနှင့် ဟန်လင်းစသည့် ရှေးဟောင်းနယ်မြေများကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် သတ်မှတ်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင် ၇ ရက်တွင် ရှေးဟောင်းယဉ်ကျေးမှု  အထိမ်းအမှတ်နယ်မြေဖြစ်သည့် ပုဂံဒေသသည်လည်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ခဲ့သည်။ ထို့အတူ ပုဂံမြင်းကပါအရပ်ရှိ မြန်မာတို့၏  အစောဆုံးစာပေ၏အစဟု ယူဆနိုင်သည့် မြန်မာစာအရေးအသား စတင်အသုံးပြုရာဟုဆိုရမည့်   ရာဇကုမာရ်မင်းသား၏ မြစေတီကျောက်စာ၊ ဘုရင့်နောင်မင်းတရားခေါင်းလောင်းစာ၊ အလောင်းမင်းတရား၏ ရွှေပေလွှာ(ဂျာမနီ၌ရှိ)၊ ကုသိုလ်တော်ဘုရားကျောက်စာတို့ကိုလည်း ကမ္ဘာ့အမွေအနှစ်   အသိအမှတ်ပြု စာရင်းသွင်းပြီးဖြစ်သည်။

  ထို့ကြောင့်  ကမ္ဘာက မြန်မာကိုပိုမိုသိရှိလာပြီး စိတ်ပါဝင်စားမှုများပြားကာ   ခရီးသွားဧည့်သည် အများအပြားကို ဆွဲဆောင်လာနိုင်သလို နိုင်ငံတော်၏ ပုံရိပ်သည်လည်း မြင့်မားလာမည်ဖြစ်သည်။ အဆိုပါ ကမ္ဘာ့အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မာရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်သည်။

   ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာနက ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ သွားလာလည်ပတ် သင့်သည့် ခရီးစဉ်ဒေသ (၁၄)ခုကို ခရီးသွားအကြံပြုချက် (၈/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရှိ  ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြင့် ထင်ရှားကျော်ကြားသည့် သမိုင်းဝင်ဘုရား၊ စေတီပုထိုးများ၊ ရှေးဟောင်းအဆောက်အအုံများ၊ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ သာယာကောင်းမွန်သည့် ရာသီဥတုနှင့်တောတောင်ရေမြေ သဘာဝအလှအပများအား လေ့လာကြည့်ရှုခံစားနိုင်စေရန် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များအနေဖြင့် လာမည့်ပွင့်လင်းရာသီကာလအတွင်း ဦးစားပေးသွားလာလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ (၁၄)ခုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော/တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နှင့်ပူတာအိုတို့ဖြစ်သည်။

  ဖော်ပြပါ ခရီးစဉ်ဒေသ (၁၄)ခု၏ ဒေသတစ်ခုချင်းစီအလိုက် ခရီးသွားဆွဲဆောင်ရာနေရာများနှင့် သွားလာလည်ပတ်ရာတွင် ဆောင်ရွက်နိုင်မည့် ဖော်ပြချက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ တနဘျငအန များဖြစ်သော www.tourism.gov.mm နှင့် www.tourisminmyanmar.com တို့တွင်    ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရပါသည်။

   မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။ တောင်ပေါ်မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေစသည့် မတူကွဲပြားထူးခြားလှသည့် သဘာဝရှုခင်းများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အရောင်အသွေးစုံလင်သည့်  တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များနှင့်  လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားများအား     ဆွဲဆောင်နိုင်သော အချက်များဖြစ်သည်။ တစ်ဆက်တည်းမှာပင် ခရီးသွား လုပ်ငန်းသည် တည်းခိုနေထိုင်ရေး၊ ဧည့်ဝတ်ကျေပွန်ရေး ကဏ္ဍများအပြင် ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ လမ်းတံတား၊ စည်ပင်သာယာရေး၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းကဏ္ဍများစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ချိတ်ဆက်ဖန်တီးပေးနိုင်သည့် လုပ်ငန်းဖြစ်သဖြင့် တန်းတူညီမျှပြီး အားလုံးက ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပါဝင်ဆောင်ရွက်နိုင်ရေး အထောက်အကူပြုသော    လုပ်ငန်းလည်းဖြစ်သည်။

နိုင်ငံတော်အတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ တိုးတက်လာလျှင် နိုင်ငံ၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း များစွာတိုးတက်ပြောင်းလဲလာမည်ဖြစ်ရာ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းကဏ္ဍအသီးသီးတို့တွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေးရင်း မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ကြပါစို့ဟု  ၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို    ဂုဏ်ပြုလျက်တိုက်တွန်း ရေးသားလိုက်ရပါသည်။     ။

လင်းအရုဏ်ဦး(ပဲခူး)