လူသားတို့ကျန်းမာရေးအတွက် အရေးပါသော နံနက်စာ
လူ့ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်အတွက် နံနက်စာကို ဗီတာမင်နှင့်သတ္တုဓာတ်များ အစုံပါအောင် စားပေးရန်လိုသည်။ နံနက် ၇ နာရီမှ ၉ နာရီအတွင်း အစာအိမ်အလုပ်လုပ်ချိန်ဖြစ်သောကြောင့် ထိုအချိန်တွင် နံနက်စာကို ပြည့်ပြည့်၀၀စားသုံးသင့်သည်။
လုပ်ငန်းခွင်ဝင်ကြသူများတွင် ပျမ်းမျှ ၆၃ ရာခိုင်နှုန်းခန့်က နံနက်စာကို အာရုံမထားနိုင်ကြဘဲ ညစာကိုသာ အချိန်ပေးစားသောက်နေကြသော အလေ့အထများရှိနေကြသည်။ နံနက်စာအတွက် စောစောထ၍ မစီစဉ်နိုင်ခဲ့ပါက ညကတည်းက ကောင်းနိုးရာရာကို နောက်တစ်နေ့ နံနက်စာအတွက် စီမံထားသင့်သည်။ အဓိကအနေဖြင့် မိမိ၏နံနက်စာထဲတွင် ဗီတာမင်ဓာတ်များ အပြည့်အဝပါဝင်နေရန်လိုသည်။
နံနက်စာများများစားသုံးသူနှင့် ညစာများများစားသုံးသူ နှိုင်းယှဉ်ကြည့်ပါက နံနက်စာကို ပြည့်ပြည့်၀၀စားသုံးသူသည် ကယ်လိုရီနှစ်ဆ ပိုမိုလောင်ကျွမ်းကြောင်း သိရသည်။ အကြောင်းမှာ နံနက်စာကို များစွာစားထားသူသည် ကျန်းမာရေးနှင့်ညီညွတ်သောသကြားဓာတ်ရှိကာ တစ်နေ့တာလုံး အင်ဆူလင်ပမာဏညီညွတ်မှုရှိနေမည်ဖြစ်သည်။ ထို့ပြင် နံနက်စာအလုံအလောက်စားခြင်းက တစ်နေ့တာလုံးအားအင်ပြည့်ဝကာ ဇီဝစွမ်းဆောင်ရည်ကောင်းစေသည်။
နံနက်စာကို အနည်းငယ်မျှသာစားသူသည် ညစာပိုစားလေ့ရှိသည်။ ထိုအခါ သွေးထဲရှိ သကြားဓာတ်က အနုတ်သဘော သက်ရောက်နိုင်ပြီး ဆီးချိုရောဂါသည်များအနေဖြင့် ညစာကို မစားသင့်ကြောင်း သုတေသီများက အကြံပြုထားသည်။ ကိုယ်အလေးချိန်လျှော့ချလိုသူ အများစုသည် နံနက်စာလျှော့ားလေ့ရှိပြီး နေ့လယ်နှင့် ညနေပိုင်းတွင် အစာပိုစားလေ့ရှိသဖြင့် ကိုယ်အလေးချိန်လျှော့ချရေး ကြိုးပမ်းမှုအတွက် ကမောက်ကမဖြစ်စေသည်။ လူတို့၏ဇီဝဖြစ်စဉ်သည် ညဘက်အိပ်စက်ချိန်တွင် နှေးကွေးလေ့ရှိသဖြင့် အကယ်၍ ညစာပိုစားမိပါက ခန္ဓာကိုယ်ကို အလုပ်ပိုစေပါလိမ့်မည်။
နံနက်စာကို အချိန်မှန်မစားခြင်းကြောင့် ကျန်းမာရေးထိခိုက်စေနိုင်သည်။ နံနက်စာမစားပါက နေ့လယ်စာနှင့်ညစာတို့ကို ပို၍စားမိတတ်သည်။ ထိုအခါ ခန္ဓာကိုယ်ထဲတွင် အဆီပိုများ စုဝေးလာသည့်အတွက် နံနက်စာမစားသူများတွင် အဝလွန်ခြင်း ပြဿနာဖြစ်နိုင်ခြေအလားအလာ လေးဆမျှပိုလာနိုင်သည်။ ထို့ကြောင့် နံနက်ပိုင်းတွင် ကြက်ဥပြုတ်တစ်လုံးနှင့် အမျှင်ဓာတ်ပါသော အစားအစာတစ်ခုခုကို မဖြစ်မနေစားပေးသင့်သည်။ ညအိပ်ပျော်ချိန်မှစ၍ နံနက်အိပ်ရာထချိန်အတွင်း တစ်ညတာလုံး အိပ်စက်ခဲ့ရသဖြင့် ဦးနှောက်ခွန်အားဖြစ်စေရန် အာဟာရဓာတ်များ လိုအပ်သည်။
နံနက်စာထဲတွင်ပါရှိသော အဆီဓာတ်က ဦးနှောက်အတွက် လောင်စာဖြစ်ပြီး ဦးနှောက်ကိုထက်မြက်စေသည်။ ထိုအချိန်တွင် နံနက်စာကို မစားမိခြင်းက ဦးနှောက်စွမ်းရည်ကိုထိခိုက်စေသည်။ နံနက်စာမစားခြင်းက သွေးထဲရှိ သကြားပမာဏကိုယုတ်လျော့သွားသဖြင့် ခေါင်းကိုက်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်မကြည်ခြင်း၊ စိတ်မရှည်ခြင်း၊ မူးနောက်ခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်းများကို ခံစားရစေနိုင်သည်။ တစ်ညတာလုံး အိပ်စက်အနားယူထားပြီးနောက် ဝမ်းမီးကောင်းနေသည့်အချိန် နံနက်စာစားခြင်းက အစာထဲတွင်ပါရှိသော ကယ်လိုရီကို သဘာဝအလျောက်ကောင်းစွာ လောင်မြိုက်သွားစေသည်။
နံနက်စာမစားဘဲ နေ့လယ်စာကိုသာအားပြုစားခြင်းက ကယ်လိုရီလောင်မြိုက်မှုဖြစ်စဉ်ကို ယုတ်လျော့ သွားသဖြင့် ခန္ဓာကိုယ်ထဲ၌ မလိုလားအပ်သောအဆီပိုများ စုဝေးလာနိုင်သည်။ လေ့လာမှုမှတ်တမ်းများအရ ခံတွင်းနံ့ဆိုးထွက်ခြင်းက နံနက်စာမစားခြင်းနှင့် တိုက်ရိုက်ပတ်သက်မှုမရှိသော်လည်း ခံတွင်းနံ့ဆိုးထွက်သူ အများစုသည် နံနက်စာကို မစားကြသူများဖြစ်ကြောင်း တွေ့ရသည်။
တစ်ညတာလုံးဟာနေသည့် အစာအိမ်နှင့်ခန္ဓာကိုယ်ထဲကို နံနက်ရောက်သည့်အခါ၌လည်း အစာမစားဘဲ အာဟာရဖြတ်တောက်ထားခြင်းကြောင့် ကိုယ်ခံစွမ်းအားလျော့နည်းသွားကာ ခန္ဓာကိုယ်ထဲရှိဆဲလ်များကို ထိခိုက်စေပြီး အိုမင်းရင့်ရော်မှုကိုဖြစ်စေနိုင်သည်။
အစာခြေစနစ် လုပ်ငန်းဆောင်တာများအတွက် အစာအိမ်ထဲတွင် သဘာဝအလျောက် အစာခြေရည် အက်စစ်ရှိသည်။
ဝမ်းဗိုက်ကို အချိန်တော်တော်ကြာ အစာဖြတ်တောက်ပြီး နံနက်စာမစားခြင်းကြောင့် ယင်းအစာခြေရည်အက်စစ်များက အစာအိမ်နံရံ၊ အစာရေမျိုပြွန်နှင့် နှလုံးတို့ကို ထိခိုက်စေသည်။ နံနက်စာမစားပါက ခန္ဓာကိုယ်ထဲတွင် ဓာတုပစ္စည်းတစ်မျိုးထွက်ရှိလာပြီး ယင်းပစ္စည်းက ကြွက်သားစိုင်များ
ကို လျော့ရဲသွားစေသည်။ အချိန်မှန်မှန် အစာမစားခြင်းနှင့် နံနက်စာမစားခြင်းတို့က အသည်းနှင့်သည်းခြေရည်တို့ကို ပျက်စီးစေနိုင်သည်။ နံနက်စာကို စားလေ့မရှိသော အမျိုးသမီးများသည် ဓမ္မတာရာသီစက်ဝန်းမမှန်သည့်အပြင် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းဝေဒနာကို ပိုမိုခံစားရစေတတ်ကြောင်း လေ့လာမှုမှတ်တမ်းများအရ သိရသည်။
ထို့ကြောင့် နေ့စဉ် နံနက်စာကို ပုံမှန်စားသုံးသင့်ပြီး အောက်ဖော်ပြပါ အစားအစာများစားသုံးသင့်ကြောင်း ဖော်ပြလိုက်ပါသည်။
စားတော်ပဲပြုတ်တစ်ခွက်စာ ပမာဏထဲတွင် ဗီတာမင်ကေ ၄၄ ရာခိုင်နှုန်းပါရှိသည့်အပြင် ဗီတာမင်ဘီလည်း ပါရှိသဖြင့် အရိုးကို ကျန်းမာသန်စွမ်းစေကာ ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးကြွပ်ဆတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။
စားတော်ပဲပြုတ်ထဲတွင် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ အလုံအလောက်ပါရှိပြီး ဘေးဖြစ်စေတတ်သော ကိုလက်စထရောလုံးဝမပါသဖြင့် နေ့စဉ် စားသုံးပေးသင့်သော အာဟာရဖြစ်သည်။ သို့သော် ခြွင်းချက်အနေဖြင့် စားတော်ပဲထဲတွင် သဘာဝအလျောက်ပါရှိသော Purines ဓာတ်က ဂေါက်ရောဂါသမားများနှင့် ကျောက်ကပ်ဝေဒနာသည်များကို ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်၍ ထိုရောဂါသည်များအနေဖြင့် သင့်တင့်မျှတရုံသာစားပေးသင့်သည်။
သုတေသီများ၏လေ့လာဆန်းစစ်ချက်များအရ ထမင်းရည်ထဲတွင် အမိုင်နိုအက်စစ်ရှစ်မျိုး ပါဝင်နေသည့်အတွက် ခန္ဓာကိုယ်၏တစ်သျှူးနှင့် ကြွက်သားများ ပြန်လည်တည်ဆောက်ရာတွင် အထောက်အပံ့ပေးနိုင်ကြောင်း၊ နံနက်အိပ်ရာထ ခြေလက်အဆစ်အမျက် အကွေးအဆန့်နာကျင်မှုမှ သက်သာစေကြောင်း၊ ခြေသလုံးကြွက်သားများ ကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း၊ ထမင်းရည်ထဲတွင် ကာဗိုဟိုက်ဒရိတ်အများအပြားပါရှိသဖြင့် လိုအပ်သော စွမ်းအင်ဖြစ်ပေါ်ရန် ကူညီပေးနိုင်
ကြောင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းမှုကုသသည့်နေရာတွင် အသုံးဝင်ကြောင်း၊ ခေါင်းကိုက်၊ ဇက်ကြောတက်ဝေဒနာများကို ပြေပျောက်စေရုံမျှမက အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်း၊ ကိုယ်အပူချိန်ကျစေသည့်အပြင် ကင်ဆာကြောင့်ဖြစ်သည့် သွေးဖိအား တိုးခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားသည်။ ထိုသို့ဘက်စုံကျန်းမာရေးအတွက် အာနိသင် အပြည့်အဝရစေရန် ထမင်းမချက်မီ ဦးစွာဆန်ဆေးရာတွင် ရေဖြင့် တစ်ကြိမ်သာ ဆေးကြောရမည်။ အကယ်၍ ဆန်ကိုရေဖြင့်နှစ်ကြိမ်ခန့် ပွတ်တိုက်ဆေးကြောသည့်အခါ ဆန်ထဲတွင်ပါရှိသော အာဟာရဓာတ်များက ဆန်ဆေးရည်နှင့်အတူ ပါသွားနိုင်သည့်အတွက် ဆန်ကို ရေဖြင့် တစ်ကြိမ်တည်းသာ ဆေးကြောပေးခြင်းဖြင့် အာဟာရဓာတ်များ အပြည့်အဝရရှိစေမည်ဖြစ်သည်။ မုန့်ဟင်းခါးစားပေးသင့်သည်။ မုန့်ဖတ်ကို ဆန်ဖြင့်ပြုလုပ်ထားသောကြောင့် ကျန်းမာရေးနှင့်ညီညွတ်သကဲ့သို့ မုန့်ဟင်းရည်ထဲတွင် ငါး၊ ပဲမှုန့်တို့ ပါဝင်သဖြင့် အာဟာရဖြစ်စေသည်။ မုန့်ဟင်းခါးထဲတွင် နံနံပင်၊ ပဲပင်ပေါက်၊ ပူဒီနာရွက်၊ ပဲသီးထည့်စားတတ်ပါက အသီးအရွက်မှရသည့် သဘာဝဗီတာမင်တို့ကို နံနက်စာတွင် အပြည့်အဝပါရှိသွားသည်။
သွေးတိုးရောဂါရှိသူများအနေဖြင့် သံပရာရည် သို့မဟုတ် ရှောက်ရည်ညှစ်၍ ထည့်စားပေးနိုင်သည်။ အုန်းနို့ခေါက်ဆွဲနှင့်နို့စိမ်းခေါက်ဆွဲကလည်း နံနက်စာ အာဟာရများဖြစ်ကြသည်။ ယင်းအစားအစာများက ဆာလောင်မွတ်သိပ်မှုကို ဖြေသိမ့်ပေးနိုင်သကဲ့သို့ ခေါက်ဆွဲဖတ်များကို ဂျုံဖြင့်ပြုလုပ်ထား၍ အာဟာရဖြစ်စေကာ အာသာပြေစေပြီး နောက်ထပ်ဆာလောင်မှုကို တော်တော်နှင့်မဖြစ်စေတော့ပေ။ ရှမ်းခေါက်ဆွဲ၊ ဆန်စေး၊ မြီးရှေ၊ တိုဟူးနွေး စသည့်ရှမ်းအစားအစာများကလည်း ဆန် သို့မဟုတ် ပဲဖြင့်စီမံထားသဖြင့် နံနက်စာ အာဟာရအဖြစ် ကောင်းစွာအထောက်အကူဖြစ်စေသည်။ အညိုရောင်ကွေကာအုပ်အကြမ်းသည် အရွယ်သုံးပါးအတွက် ကျန်းမာရေးဘက်စုံကောင်းစေသည့်အပြင် ကိုလက်စထရော ကျစေပြီး အချိန်တော်တော်ကြာ အဆာခံနိုင်သောကြောင့် အကောင်းဆုံး နံနက်စာတစ်ခုဖြစ်ကြောင်း ကျန်းမာရေးသုတေသီများက ထောက်ခံထားကြသည်။
နိုင်ငံတကာဆေးသုတေသီများ၏ လေ့လာဆန်းစစ်မှုအရ နံနက်အိပ်ရာထပြီးနောက် တစ်နာရီခန့် အကြာသည် ကဖိန်းဓာတ်ပါသော ကော်ဖီ သို့မဟုတ် လက်ဖက်ရည်သောက်ရန် အသင့်တော်ဆုံးအချိန် ဖြစ်ကြောင်း လေ့လာတွေ့ရှိထားသည်။
ထို့ကြောင့် နံနက်စာနှင့်တွဲဖက်ပြီး မိမိနှစ်သက်ရာ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို သောက်သုံးနိုင်သည်။ နံနက်စာတစ်မျိုးတည်းအတွက်သာမက နေ့လယ်စာနှင့်ညစာစားပြီးတိုင်း ရေနွေးကြမ်းတစ်ခွက်သောက်ပေးသင့်သည်။ ရေနွေးကြမ်းထဲတွင်ပါရှိသော သဘာဝဓာတ်ပေါင်းစုများက ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအဖြစ် အာနိသင်ရှိပြီး ဇီဝဖြစ်စဉ်နှုန်းကို မြန်ဆန်စေရန် ကူညီပေးနိုင်သည်။ သံပရာသီးထဲတွင် ကိုယ်တွင်းကိုယ်ပ ဗက်တီးရီးယားပိုးမွှားများကို နှိမ်နင်းပေးနိုင်သည့် antibacterial ၊ ပြင်ပကူးစက်ဗိုင်းရပ်စ်ပိုးများကို တားဆီးကာကွယ်ပေးသော antiviral ၊ ကိုယ်ခံစွမ်းအားတိုးတက်ကောင်းမွန်စေရန် ဗီတာမင်နှင့်သတ္တုဓာတ်များဖြစ်ကြသော ဆစ်ထရစ်အက်စစ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်စီတို့ လုံလောက်စွာပါရှိသဖြင့် တစ်နေ့တာလုံး ကျန်းမာပေါ့ပါးစေသည်။ ထို့ကြောင့် နံနက်စာစားပြီးနောက် သံပရာသီးကို ရေနွေးဖြူစိမ်၍ သောက်ပေးသင့်သည်။ နံနက်စာစားပြီးနောက်ပိုင်းနှင့် နေ့လယ်စာမစားမီအချိန်တွင် အဆာပြေအဖြစ် သင်္ဘောသီးမှည့်စားပေးနိုင်သည်။
သင်္ဘောသီးကို နှစ်ရက်၊ သုံးရက် ဆက်တိုက်စားပေးခြင်းဖြင့် သင်္ဘောသီးထဲတွင်ပါရှိသော gliadin ပရိုတင်းက အူနံရံများကို ကောင်းကျိုးပြုပေးကာ မလိုလားအပ်သည့် အူကပ်ပါးပိုးမွှားများကို ရှင်းလင်းပေးနိုင်ကြောင်း၊ သင်္ဘောသီးထဲရှိ ပရိုတင်းဓာတ်တို့ကို အူကစုပ်ယူပြီးနောက် ခန္ဓာကိုယ်ထဲသို့ ပြန်လည်အားဖြည့်ပို့ဆောင်ပေးကြောင်း၊ အူမကြီးထဲပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း၊ အစာချေဖျက်ခြင်းကို များစွာအထောက်အကူပေးနိုင်ပြီး အူမကြီးကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးကြောင်း၊ အထူးသဖြင့် ဝမ်းချုပ်လေ့ရှိသူများနှင့် နံနက်အိပ်ရာထ ဝမ်းမသွားသူများသည် သင်္ဘောသီးမှည့်စားခြင်းဖြင့် ဝမ်းရောလေပါသက်စေပြီး တစ်နေကုန်ပေါ့ပါး လန်းဆန်းသွားကြောင်း ကျန်းမာရေးသုတေသီများက အတည်ပြုထောက်ခံထားသည်။
အချုပ်အားဖြင့်ဆိုရသော် ကျန်းမာကြံ့ခိုင်စေရန်နှင့် အဆီပိုများလျှော့ချနိုင်ရန်အတွက် ညစာစားရန် အသင့်တော်ဆုံးအချိန်မှာ ညနေ ၅ နာရီဖြစ်ပြီး နောက်တစ်နေ့ နံနက် ၈ နာရီမှသာ နံနက်စာစားပေးသင့်သည်။ ဆိုလိုသည်မှာ ယနေ့ညစာနှင့် နောက်တစ်နေ့ နံနက်စာစားချိန်သည် ပျမ်းမျှ ၁၅ နာရီ ခြားသင့်သည်။ နံနက်စာနှင့် ညစာစားပြီးနောက် ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးခြင်းက တခြားအချိန်တွင် ခပ်ကြာကြာလမ်းလျှောက်ခြင်းထက် ဆီးချိုပမာဏလျော့ကျနှုန်း ပို၍မြန်ဆန်စေနိုင်သည်။ အထူးသတိပြုရန်မှာ နှလုံးအားနည်းသူများနှင့် လေနာရောဂါရှိသူများက နံနက်အိပ်ရာထချိန် ကော်ဖီ၊ လက်ဖက်ရည် မသောက်သင့်ပေ။ အိပ်ရာထပြီးနောက် တစ်နာရီခန့်အကြာသည် ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။