အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးရှုံးထွက် ဒုတိယနေ့ပွဲစဉ်များ ယနေ့ဆက်လက်ကျင်းပမည်
နေပြည်တော် စက်တင်ဘာ ၂၇
တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ကျင်းပလျက် ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲ ရှုံးထွက် အဆင့် ဒုတိယနေ့ပွဲစဉ်များကို စက်တင်ဘာ ၂၈ ရက်(ယနေ့) တွင်ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အာရှထိပ်သီး ဂျပန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရှုံးထွက်အဆင့် ဒုတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဥဇဘက်ကစ္စတန် အသင်းနှင့် အင်ဒိုနီးရှား အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ဂျပန်အသင်းနှင့် မြန်မာအသင်း၊ အိန္ဒိယအသင်းနှင့် ဆော်ဒီအာရေဗျအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရှုံးထွက်ပွဲစဉ် ရှစ်ပွဲအနက် ငါးပွဲကို စက်တင်ဘာ ၂၇ ရက် ကကျင်းပခဲ့ပြီး ကျန်သုံးပွဲကိုသာ ယနေ့ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် အကောင်းဆုံးအုပ်စုတတိယနေရာ လေးသင်း တွင်ပါဝင်ပြီး နောက်တစ်ဆင့် တက်ရောက်ခဲ့ သော်လည်း ရှုံးထွက်အဆင့်တွင် အာရှ ထိပ်သီး ဂျပန်အသင်းနှင့် တွေ့ဆုံနေသဖြင့် ရုန်းကန်ရဖွယ်ရှိနေသည်။ မြန်မာအသင်း သည် အုပ်စုသုံးပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အသင်းကိုသာ တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရပြီး အိန္ဒိယနှင့် တစ်ဂိုးစီသရေကျကာ တရုတ် အသင်းကို လေးဂိုးပြတ်အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် အုပ်စုသုံးပွဲတွင် နှစ်ဂိုး သာရခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့်ပွဲတွင် ပြိုင်ဘက် အသင်း၏ လက်ဆောင်ဂိုးကြောင့် တစ်လုံး တည်းသောအနိုင်ဂိုးရကာ အိန္ဒိယနှင့်ပွဲတွင် သာ ရန်ကျော်ထွေးက သွင်းယူခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့် မြန်မာအသင်းအနေဖြင့် ယခုပြိုင်ပွဲတွင် ဂိုးရရန် ရုန်းကန်နေရပြီး ပြိုင်ဘက်မှာလည်း ဂျပန်ဖြစ်နေသောကြောင့် ဂိုးရရန် ပိုမိုခက်ခဲဖွယ်ရှိနေသည်။ ခံစစ် မှာမူ သုံးပွဲတွင် ငါးဂိုးပေးခဲ့ရသဖြင့် ယခုပွဲ တွင် ယခင်ပွဲများထက် လုပ်အားနှုန်း ပိုမို ကောင်းမွန်မှသာ ဂျပန်တိုက်စစ်ကို ဟန့်တား နိုင်ဖွယ်ရှိနေသည်။
ကိုညီလေး