ရီးယဲလ်မက်ဒရစ်အသင်းက လာမည့်ဘောလုံးရာသီတွင် နည်းပြသစ်အဖြစ် လေဗာကူဆင်အသင်း နည်းပြအလွန်ဆိုကိုခန့်အပ်ရန် သဘောတူညီမှုရရှိထားကြောင်း သတင်းထွက်ပေါ်
မက်ဒရစ်၊ ဘောလုံး
ရီးယဲလ်မက်ဒရစ်အသင်းက လာမည့်ဘောလုံးရာသီတွင် နည်းပြသစ်အဖြစ် လက်ရှိလေဗာကူဆင် အသင်းနည်းပြတစ်ဦးဖြစ်ပြီး အသင်းကစားသမား ဟောင်းတစ်ဦးဖြစ်သည့် နည်းပြအလွန်ဆိုကို ခန့်အပ်ရန် သဘောတူညီမှုရရှိထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ရီးယဲလ်မက်ဒရစ်အသင်းနှင့် လက်ရှိနည်းပြ အန်ဆယ်လော့တီတို့၏ စာချုပ်သက်တမ်းမှာ ယခု ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက သက်တမ်းတိုး စာချုပ်မချုပ် ဆိုတော့ဘဲ လမ်းခွဲမည်ဖြစ်သည့်အတွက် နည်းပြသစ်ရှာဖွေမှုများ စတင်ပြုလုပ်နေခြင်း ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်း နည်းပြရာထူးအတွက် အစောပိုင်းက ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြဟောင်း ဇီဒန်းနှင့် ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ရာအူးတို့က ရေပန်းစားနေသော်လည်း နောက်ပိုင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူများက လေဗာကူဆင်အသင်းနည်းပြ အလွန်ဆို ကိုသာ ခန့်အပ်လိုနေသည်။
အသက် ၄၁ နှစ်အရွယ် နည်းပြအလွန်ဆိုသည် ကစားသမားဘဝကို ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ရီးယဲလ်မက်ဒရစ်အသင်း၌ ကစားခဲ့ပြီး ကစားသမားဘဝမှ အနားယူပြီးနောက် ပရော်ဖက်ရှင်နယ် နည်းပြဘဝကို ပြီးခဲ့သည့်ဘောလုံးရာသီက လေဗာကူဆင်အသင်းနှင့် စတင်ခဲ့သူဖြစ်ကာ အသင်းကို တာဝန်ယူကိုင်တွယ်ရာတွင် ရလဒ်ကောင်းများရရှိပြီး ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည်။
ယခုဘောလုံးရာသီတွင်လည်း နည်းပြအလွန်ဆိုအနေဖြင့် လေဗာကူဆင်အသင်းကို ပြိုင်ပွဲစုံ ရှုံးပွဲမရှိ အောင် စွမ်းဆောင်ထားနိုင်ပြီး ခြောက်ပွဲတွင် တစ်ပွဲသာ သရေရလဒ်ရရှိထားကြောင်း သိရသည်။
Ref;Marca